၂၀၁၉ အကုန်က စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး လှိုင်းတွေအကြားမှာ စီးပွားရေးလုပ်ငန်းအများစု လဲပြိုယိုင်နဲ့လာခဲ့ပေမယ့် နည်းပညာနယ်ပယ်က တချို့လုပ်ငန်းကြီးတွေကတော့ စံချိန်တင်ဝင်ငွေတွေ ရပြီးရင်း ရနေကြပါတယ်။
သိသာတဲ့အချက်တစ်ခုက နည်းပညာနယ်ပယ်က ဧရာမစီးပွားရေးလုပ်ငန်းကြီးတွေဟာ ကိုဗစ်ကပ်အတွင်းမှာ စီးပွားရေးပိုအားကောင်းလာခဲ့ပြီး ခန့်မှန်းထားတာထက် ပိုပြီး ဝင်ငွေရလဒ်ပြခဲ့တယ်ဆိုတာပါပဲ။ ဒီလို နည်းပညာကုမ္ပဏီတွေထဲက ၂၀၂၁ အတွက် သုံးလပတ်ဝင်ငွေအမြင့်ဆုံး ထိပ်တန်းကုမ္ပဏီ ၅ ခုကတော့ -
(၁) Facebook
Photo: Unsplash
ဒီနှစ်အတွက် ဒုတိယသုံးလပတ်ဖြစ်တဲ့ ဧပြီ-မေ-ဇွန် သုံးလတာ Facebook ဝင်ငွေဟာ Apple ၊ Microsoft တို့ရဲ့ ဒုတိယသုံးလပတ်ကာလထက် ဝင်ငွေပိုကြမ်းခဲ့ပါတယ်။ Facebook ရဲ့ ထုတ်ပြန်ချက်အရ ဒုတိယသုံးလပတ်မှာ ဝင်ငွေ ဒေါ်လာ ၂၉ ဘီလီယံ ရှိခဲ့ပြီး ဒါဟာ ၅၆% အထိ ဝင်ငွေပိုမြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုပြီး ထူးခြားတာက Facebook ရဲ့ သုံးလပတ်အမြတ်ငွေဟာ ဒေါ်လာ ၁၀.၄ ဘီလီယံ ရှိခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၁၀၁% အထိ ထိုးတက်လာတာပါ။
ဒုတိယသုံးလပတ်အတွင်း ကြော်ငြာတစ်ခုချင်းအလိုက် ပျမ်းမျှဈေးနှုန်းဟာလည်း ပြီးခဲ့တဲ့နှစ်ကထက် ၄၇% ပိုမြင့်လာခဲ့တာကလည်း ကြော်ငြာအမြတ်ငွေထိုးတက်စေတဲ့ အကြောင်းဖြစ်ပါတယ်။ Facebook ပိုင် လူမှုကွန်ရက်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Facebook ၊ Instagram နဲ့ WhatsApp တို့ကို နေ့စဉ်သုံးစွဲတဲ့သူအရေအတွက်ဟာ နေ့စဉ်ဦးရေ ၂.၇၆ ဘီလျံအထိ ရှိလာခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူ ဒုတိယသုံးလပတ်ထက် ၁၂% ပိုများခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ Facebook ရဲ့ ကြော်ငြာစီးပွားရေးမဟုတ်တဲ့ Oculus Quest VR Headset ရောင်းအားကလည်း ၃၆% မြင့်တက်လာခဲ့ပါတယ်။
(၂) Samsung
Photo: Unsplash
ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းနဲ့ memory-chip maker ကြီးဖြစ်တဲ့ Samsung ဟာ Apple နဲ့ Sony Group အပါအဝင် ကမ္ဘာ့အကြီးဆုံးနည်းပညာလုပ်ငန်းတွေအတွက်လည်း လိုအပ်တဲ့ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်တင်ပို့နေတဲ့ လုပ်ငန်းကို လုပ်ပါတယ်။ ဒီတောင်ကိုရီးယားနည်းပညာကုမ္ပဏီဟာ ဒုတိယသုံးလပတ်အတွင်း အသားတင်အမြတ်ငွေကိုရီးယားဝမ် ၉.၆၃ ထရီလီယံ (ဒေါ်လာ ၈.၃၇ ဘီလီယံ) ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ အရင်နှစ်က ရခဲ့တဲ့ ဝမ် ၅.၅၆ ထရီလီယံထက် ၇၃% ပိုမြင့်တက်လာတဲ့ပဲ ဖြစ်ပါတယ်။ ဒုတိယသုံးလပတ်ဝင်ငွေဟာ ၂၀% မြင့်တက်ခဲ့ပြီး ဝမ် ၆၃.၆၇ ထရီလီယံအထိ ရောက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ လုပ်ငန်းလည်ပတ်ရေး အမြတ်ငွေဟာ ဝမ် ၁၂.၅၇ ထရီလံ (ဒေါ်လာ ၁၀.၉၆ ဘီလီယံခန့် ) ရှိခဲ့တာပါ။ semiconductor စီးပွားရေးဟာ Samsung ဝင်ငွေရဲ့ သုံးပုံတစ်ပုံကျော် ၊ သုံးလပတ်အမြတ်ငွေရဲ့ ထက်ဝက်ကျော် ရှာပေးနေတဲ့ စီးပွားရေးဖြစ်ပြီး memory-chip ဝယ်လိုအားနဲ့ ဈေးနှုန်းလည်း ခန့်မှန်းထားတာထက် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
(၃) Alphabet
Photo: Unsplash
Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet အတွက်လည်း ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်ဟာ ကြော်ငြာဝင်ငွေ စံချိန်တင်ရခဲ့တဲ့သုံးလပတ်လို့ ဆိုပါတယ်။ Alphabet ဟာ ဝင်ငွေအနေနဲ့ ဒေါ်လာ ၆၁.၈၈ ဘီလီယံအထိ ရခဲ့ပြီး ၂၀၂၀ ဒုတိယသုံးလပတ်ဝင်ငွေထက် ၆၂% ပိုမြင့်လာခဲ့တာပါ။ Wall Street ဟာ Alphabet ရဲ့ ဒုတိယသုံးလပတ်ဝင်ငွေကို ဒေါ်လာ ၅၆.၂၃ ဘီလီယံ ရနိုင်ခြေရှိတယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
Google ရဲ့ ကြော်ငြာစီးပွားရေးဟာ နှစ်အလိုက် ၆၉% အထိ မြင့်တက်လာခဲ့တာပါ။ ကြော်ငြာဝင်ငွေအပြင် Alphabet ဟာ cloud computing စီးပွားရေးမှာလည်း အရင်ကထက် သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ Cloud ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၅၃% ကျော် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
(၄) Apple
Photo: Unsplash
ဇွန် ၂၆ ရက်နေ့မှာ ကုန်ဆုံးတဲ့ Apple ရဲ့ သုံးလပတ်ဝင်ငွေမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်က iPhone ရောင်းအား နှစ်အလိုက် ၅၀% နီးပါးတိုးခဲ့တယ်ဆိုတာပါပဲ။ iPhone ရောင်းအားကနေ ရတဲ့ဝင်ငွေဟာ သုံးလအတွင်း ဒေါ်လာ ၃၉.၆ ဘီလီယံရှိခဲ့တာပါ။ စုစုပေါင်းသုံးလပတ်ဝင်ငွေအနေနဲ့ ၃၆% တိုးပြီး ဒေါ်လာ ၈၁.၄ ဘီလီယံအထိ ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ဈေးကွက်ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်ထက် ဒေါ်လာ ၈ ဘီလီယံနီးပါး ပိုရခဲ့တာလည်း ဖြစ်ပါတယ်။
(၅) Microsoft
Photo: Unsplash
ဇွန် ၃၀ ရက်နေ့မှာ ကုန်ဆုံးတဲ့ Q4 သုံးလပတ်မှာ Microsoft ဟာ ကဏ္ဍအရပ်ရပ်က ဝင်ငွေ ဒေါ်လာ ၄၆.၁၅ ဘီလီယံ ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ စီးပွားရေးပညာရှင်တွေ မူလက ခန့်မှန်းခဲ့တဲ့ ဒေါ်လာ ၄၄.၂၄ ဘီလီယံထက် ပိုများခဲ့တာ ဖြစ်ပါတယ်။ Refinitiv ရဲ့ အဆိုအရ Microsoft ရဲ့ နှစ်အလိုက်ဝင်ငွေဟာ ၂၁% အထိ တိုးလာတယ်လို့ ဆိုပါတယ်။ ကွန်ပျူတာထုတ်လုပ်တဲ့ OEMs တွေအတွက် Windows လိုင်စင်ကြေး ဝင်ငွေကတော့ နှစ်အလိုက် ၃% ကျဆင်းလာပါတယ်။
Microsoft ဟာ လုပ်ငန်းသုံးဆော့ဖ်ဝဲလ်ထုတ်ကုန်ကဏ္ဍဖြစ်တဲ့ Productivity and Business Processes စီးပွားရေးကနေ ဝင်ငွေ ဒေါ်လာ ၁၄.၆၉ ဘီလီယံ (၂၅% ပိုမြင့်လာ) ၊ Windows / ဂိမ်းနဲ့ ads တွေ ပါတဲ့ More Personal Computing ပိုင်းကနေ ဒေါ်လာ ၁၄.၀၉ ဘီလီယံ(၉%ပိုမြင့်လာ) တယ်လို့ ဖော်ပြထားပါတယ်။
Share