စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုဆိုတာ အမျိုးသမီး ၊ အမျိုးသား အားလုံးမှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုပါပဲ။
ဒါပေမယ့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အကြောင်းအရာတစ်ခုကို ကြာကြာပိုတွေးပြီး ရေရှည်တွေးတတ်တဲ့အတွက် အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေဟာ ပိုပြီး စိတ်ဖိစီးတတ်ကြပါတယ်။
Photo: Women's Brain Project
ဘယ်အခြေအနေမှာ အမျိုးသမီးတွေ စိတ်ဖိစီးလဲ
အမျိုးသမီးတွေမှာမှ အသက်အရွယ်မရွေး စိတ်ဖိစီးမှုရှိတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုဆိုတာလည်း စိတ်ဖိစီးခြင်းဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်အတွက် ၊ ကိုယ့်မိသားစုအတွက် ၊ ကိုယ့်မိတ်ဆွေအသိုင်းအဝိုင်းအဝိုင်းအတွက် စသည်ဖြင့် အခြေအနေ အချိန်အခါအမျိုးမျိုးမှာ တွေးတောပူပန်နေရခြင်း ကြာရှည်လာတဲ့အခါ စိတ်ဖိစီးလာပါတယ်။
ဒီစိတ်ဖိစီးမှုတွေဟာ ကိုယ့်ရဲ့ ခံနိုင်ရည်ရှိမှုအပေါ်မူတည်ပြီး ကွဲပြားသွားတတ်ပါတယ်။ တစ်ချို့အမျိုးသမီးတွေက စိတ်မာပြီး ဒီလိုပြသနာတွေကို ဖြေရှင်းနိုင် ရင်ဆိုင်နိုင်စွမ်းရှိကြပေမယ့် တစ်ချို့ကတော့ ဒီစိတ်ဖိစီးမှုကို မကျော်လွှားနိုင်ဘဲ ဒဏ်ပိနေတတ်ပါတယ်။
Photo: ABC News
စိတ်ဖိစီးရင် ဘယ်လိုပုံစံဖြစ်လာလဲ
အမျိုးသမီးတစ်ယောက်ဟာ စိတ်မလုံခြုံတော့ဘူး ၊ စိတ်ဖိစီးလာပြီဆိုရင် အားငယ်တတ်တယ် ၊ အားနည်းလာမယ် ၊ အပင်ပန်းမခံနိုင်ဘူး ၊ ရင်တုန်ခြင်း ၊ စကားမပြောရဲခြင်း ၊ မပျော်ရွှင်ခြင်း ၊ နေမထိထိုင်မသာဖြစ်နေမယ် ၊ အစားစားချင်စိတ်မရှိဘူး ၊ အစားအလွတ်အကျွံစားမိနေတယ် ဒီလိုနဲ့ ဒါတွေဟာ စိတ်ဖိစီးမှုထုထည်ပိုကြီးလာပြီး စိတ်ရောဂါဘက် ကုပြောင်းသွားပါတယ်။ စိတ်ရောဂါမှာတော့ ကိုယ့်ရဲ့ စိတ်မလုံခြုံရခြင်း အကြောင်းအမျိုးမျိုးပေါ်မူတည်ပြီး ခေါင်းစဉ်တွေ ကွဲပြားသွားနိုင်ပါတယ်။
အခုပြောပြသွားသလို အခြေအနေတွေရှိတဲ့အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကို ဂရုပြုဆန်းစစ်မှု ပြုလုပ်သင့်ပါတယ်။ ငါဟာ စိုးရိမ်မှုများတတ်သူလား ၊ ဘာတွေကို ခဏခဏတွေးမိလဲ ၊ ကိစ္စတစ်ခုကို မဖြစ်သေးဘဲ အဝေးကြီးကြိုတွေးနေမိလား ဒါတွေကြောင့် ကိုယ့်မှာ စိတ်သောကဖြစ်ရလားဆိုတာ ဆန်းစစ်ကြည့်ရပါမယ် ။ ဒီစိတ်အခြေအနေတွေကို လွှတ်ထားလို့ မဖြစ်ပါဘူး ။ လွှတ်ထားလေ ထုထည်ကြီးမားလာလေဖြစ်လာနိုင်ပါတယ်။
Photo: ABC News
စိတ်ဖိစီးမှုဒဏ်ကို ကျော်လွှားဖို့ ဘယ်လိုပြင်ဆင်မလဲ
ဆန်းစစ်ပြီးတဲ့နောက်မှာတော့ ပြောပြခဲ့တဲ့ လက္ခဏာတွေနဲ့ ကိုက်ညီနေပြီဆိုရင် စိတ်ကို ပြောင်းလဲဖို့ လိုနေပါပြီ။ ကိုယ့်ကိုယ်ကို ပြောင်းလဲမယ်လို့ စပြီးလက်ခံတယ်ဆိုရင် ပထမဆုံးသည် စိတ်ကို ဆန်းစစ်ဖို့နဲ့ သတိကပ်ဖို့ပါပဲ။ လူတွေဟာ အတွေးကို အရင်ဆုံးတွေးမိပြီးမှ ခံစားချက်ဖြစ်လာပါတယ်။ အဲဒီနောက်မှာမှ အပြုအမူဖြစ်လာတယ် ။ ဒါကြောင့် ကိုယ့်အတွေးတွေကို သတိထားကြည့်ဖို့လိုပါတယ်။
စိတ်မလုံခြုံ စိတ်ဖိစီးလာခြင်းရဲ့ အဆိုးဆုံးမှာ ထွက်ပြေးချင်လာတာ ၊ ပျောက်ကွယ်ချင်တာ ၊ အသက်မရှင်သန်ချင်တော့တာတွေ ဖြစ်လာပြီး မဖြစ်သင့်တဲ့ အခြေအနေတွေကို ဖန်တီးတတ်ပါတယ်။ ဒါကြောင့် ကိုယ်မပျော်ရွှင်တော့ဘူး ၊ ကိုယ့်စိတ်မှာ မလုံခြုံမှုတစ်စုံတစ်ရာခံစားနေရပြီဆိုရင် ပထမဆုံးဆန်းစစ်ပါ ၊ ကိုယ်ခင်မင်ယုံကြည်ရသူတွေကို ရင်ဖွင့်ပါ ။ ကိုယ့်အတွေးတွေကို အကောင်းဘက်ကို ပြောင်းနိုင်ဖို့ ကြိုးစားပါ ။ နောက်ဆုံး စိတ်နဲ့ပတ်သက်ပြီး နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပါ ။ ကုသပါ ။ စိတ်ဟာ ကိုယ်ခန္ဒာရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ စိတ်ကျန်းမာဖို့လိုပါတယ်။ စိတ်ရောဂါနဲ့ပတ်သက်ပြီး ဆွေးနွေးကုသခြင်းက ရှက်စရာမဟုတ်တဲ့အတွက် ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို ပျောက်ကင်းအောင် ကုသပြီး ပျော်ရွှင်နိုင်ပါစေ။