စောစီးစွာကုသနိုင်ဖို့အတွက် သာမန်စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ရောဂါဝေဒနာကို ခွဲခြားသိနိုင်ဖို့က အဓိကပါပဲ။

အတက်အကျတွေနဲ့ တစ်လှည့်စီဖွဲ့စည်းထားတဲ့ လူ့ဘဝကြီးမှာ လူသားတွေဟာ ရယ်မောလိုက်၊ ပူဆွေးလိုက်နဲ့ တစ်လှည့်စီရှင်သန်နေကြရပါတယ်။

ဒါ့ကြောင့်လည်း ဘဝမှာ ဝမ်းနည်းစရာ စိတ်ညစ်စရာ စိတ်ဓာတ်ကျစရာတွေကို မလွဲမသွေ တွေ့ကြုံခံစားနေကြရမှာပါ။ ဒါဟာ လူတိုင်းဖြစ်တတ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒါကို စိတ်ကျရောဂါလို့ တော့ မခေါ်ပါဘူး။ စိတ်ကျရောဂါဟာ ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပြီး မသိလိုက်ဘဲ မကုသပဲနေမယ်ဆိုရင်တော့ အသက်ဆုံးရှုံးရတဲ့အထိပါဖြစ်နိုင်ချေရှိပါတယ်။ဒါကြောင့် သေချာသိပြီး စောစီးစွာကုသနိုင်ဖို့အတွက် သာမန်စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ရောဂါဝေဒနာကို ခွဲခြားသိနိုင်ဖို့က အဓိကပါပဲ။

Photo: Healthline

သာမန်စိတ်ကျခြင်းနဲ့ ပြင်းထန်စိတ်ကျရောဂါ

ပြင်းထန်စိတ်ကျရောဂါဆိုတာက တောက်လျှောက်ဝမ်းနည်းမှုကို ခံစားနေရပြီး ပတ်ဝန်းကျင်ကိုစိတ်ဝင်စားမှုလျော့နည်းသွားတဲ့ စိတ်ရောဂါတစ်မျိုးပါ။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ၈၀%နှုန်းသောလူအများစုဟာ ဘဝအချိုးအကွေ့တစ်ခုမှာ စိတ်ကျရောဂါဖြစ်ပွါးတတ်ကြပြီး အသက်အရွယ်မရွေးဖြစ်ပွါးတက်ပါတယ်။ လူတိုင်းစိတ်ကျရောဂါကိုခံစားရတယ်ဆိုပေမယ့် သာမန်စိတ်ကျရောဂါနဲ့ သာမန်ထက်လွန်ကဲပြီး ပြင်းထန်စိတ်ကျရောဂါကိုတော့ ကွဲကွဲပြားပြားသိဖို့လိုအပ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေက တူညီပေမယ့် အချိန်ကာလက ရောဂါရဲ့ အတိမ်အနက်ကို စကားပြောသွားမှာပါ။

စိတ်ဓာတ်ကျချိန်မှာ ကြုံတွေ့ရတဲ့ လက္ခဏာတွေဟာ ရက်ပေါင်းများစွာ (သို့မဟုတ်) အပတ်ပေါင်းများစွာ ကြုံလာခဲ့ပြီဆိုတော့ ပြင်းထန်စိတ်ကျရောဂါကို ခံစားနေရပြီဖြစ်ပါတယ်။ သာမန် စိတ်မပျော်ရွှင်ခြင်းက ရက်ပိုင်းအတွင်းပြေပျောက်သွားနိုင်သလို အလွန်ဆုံး နှစ်ပတ်အတွင်းပြေပျောက်သွားနိုင်ပါတယ်။

Photo: MDedge

ဘယ်လိုလူတွေမှာ စိတ်ကျရောဂါပိုဖြစ်နိုင်လဲ

လူတိုင်းက စိတ်ဓာတ်ကျခြင်းကို ကြုံတွေ့ခံစားရပေမယ့် စိတ်ကျဝေဒနာလို ရောဂါမျိုးကတော့ စိတ်ခံစားချက်ပြင်းထန်တဲ့လူမျိုးတွေမှာ အဖြစ်များပါတယ်။ ကလေးဘဝမှာကတည်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခဲ့ဖူးသူတွေ၊ မိသားစုထဲမှာ စိတ်ပိုင်းဆိုင်ရာတစ်ခုခုရာဇဝင်ရှိသူများ၊ မိမိကိုယ်ကို ယုံကြည်မှုအလွန်နည်းသူတွေ၊ ဆေး (သို့မဟုတ်) အရက်စွဲနေသူနဲ့ မိသားစု ၊သူငယ်ချင်း၊ ရင်းနှီးတဲ့မိတ်ဆွေမရှိတဲ့သူတွေမှာ အဖြစ်များလေ့ရှိပါတယ်။

Photo: US News

စိတ်ကျရောဂါနဲ့ ဆေးပညာ

စိတ်ကျရောဂါကို မကုသပဲထားပါက လုပ်ငန်းခွင်၊ နေထိုင်မှု ပတ်ဝန်းကျင်မှာ များစွာသက်ရောက်မှုဖြစ်နိုင်ပါတယ်။ စိတ်ကျဝေဒနာရှင်ဟာ အာရုံစူးစိုက်လို့မရတော့ဘဲ ဆုံးဖြတ်ချက်ချနိုင်စွမ်းလည်းအားနည်းသွားပါတယ်။ ဒါကိုအချိန်မီကုသဖို့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ကုသမှုခံယူသင့်ပါတယ်။ ဆရာဝန်တွေအနေနဲ့ ဝေဒနာခံစားနေရတဲ့ လူနာတွေကို နှစ်သိမ့်ဆွေးနွေးမှုတွေပြုလုပ်ပေးခြင်းနဲ့ ဆေးဝါးများနဲ့ ကုသပေးခြင်းပါ။ အခုလိုကုသနေစဉ်အတွင်းမှာလည်း မိသားစု၊မိတ်ဆွေများရဲ့ ဝိုင်းဝန်းဖေးမမှုကလည်း အလွန်တရာမှ အရေးကြီးလှပါတယ်။ ပြင်းထန်စိတ်ကျရောဂါမျိုးဟာ အလိုအလျှောက် ပြန်ထွက်သွားပြီး ပျောက်ကင်းနိုင်တဲ့ရောဂါမျိုးမဟုတ်တဲ့ အတွက် ကုသမှုခံယူခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။

စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်ဟာ ပုံမှန်နေ့စဉ်လုပ်နေကြအရာတွေကို မလုပ်နိုင်တော့တဲ့အခါမှာ ငါဘာဖြစ်နေလဲဆိုတာကို အရင်ဆုံးသုံးသပ်ဖို့လိုပါတယ်။ ကိုယ်တိုင် ရောဂါလက္ခဏာကို ခံစားနေရပြီဆိုတာ သိမှ အချိန်မီ သတိပြုဆင်ခြင်နေထိုင်နိုင်မှာပါ။ ဒီအချိန်မှာ မိသားစုနဲ့ ပတ်ဝန်းကျင်တွေကလည်းလူတွေအနေနဲ့ကလည်း နွေးနွေးထွေးထွေး ဖေးဖေးမမနဲ့ ဂရုတစိုက်ရှိနေပေးဖို့လိုအပ်ပါတယ်။ နောက်ဆုံး စိတ်ပိုင်းဆိုင်ရာသိကျွမ်းနားလည်တဲ့ သူတစ်ယောက်ယောက်နဲ့ အသေးစိတ်အနီးကပ်တိုင်ပင်ဆွေးနွေးမှသာလျှင် ကာရံကာရှင်ဝေဒနာရှင်တစ်ယောက်အနေနဲ့ ဒီအခြေအနေက အချိန်မီကျော်လွှားနိုင်မှာဖြစ်ကြောင်းကို စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးသူတစ်ဦးဖြစ်တဲ့ ဆရာမဒေါ်နန်းကြည်ပြာမော်က အကြံပြုပြောကြားထားတာဖြစ်ပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကိုဒေါ်နန်းကြည်ပြာမော်(စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်) က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က