အက်စစ်တွေဟာ မသုံးတတ်ရင်ဘေး ၊ သုံးတတ်ရင်ဆေး ဖြစ်နိုင်တဲ့ ဓာတုပစ္စည်းတွေဖြစ်ပါတယ်။ အက်ဆစ်ရဲ့ပြင်းအားနဲ့ အချိန်အဆကို မှန်မှန်ကန်ကန်အသုံးချရင် ဝက်ခြံ ၊ အရေးအကြောင်း ၊ အမာရွတ်နဲ့ အသားအရေမညီညာတာတွေအတွက် အလွန်အသုံးဝင်လို့ အခုဆို ဈေးကွက်ထဲက အလှကုန်ပစ္စည်းတွေမှာ အက်ဆစ်အမျိုးမျိုးနဲ့ ခေတ်မီထုတ်ကုန်တွေ ရှိလာပါပြီ။
အလှကုန်ဝယ်တဲ့အခါ သိထားရမယ့် အက်ဆစ် ( ၄) မျိုး
Salicylic Acid
သူကတော့ အသားအရေကို ဖြူစေပြီး ချွေးပေါက်တွေကို သန့်စင်စေတာကြောင့် ဝက်ခြံသမားတွေအတွက် ထုတ်တဲ့ အလှကုန်တွေမှာ ပါဝင်လေ့ရှိပါတယ်။ ဝက်ခြံ ၊ အမာရွတ်တွေကို ဖယ်ရှားဖို့ မျက်နှာသန့်စင်ဆေး ၊ ချေးချွတ်ဆေးတွေအဖြစ် ထုတ်ထားတဲ့ ကုန်ပစ္စည်းတွေမှာ တော်တော်ပါဝင်တာကြောင့် လူသိများတဲ့ အက်ဆစ်လည်းဖြစ်ပါတယ်။ဒါပေမယ့် Salicylic Acid ပါတဲ့ အလှကုန်တွေသုံးမယ်ဆိုရင် သတိထားရမှာက အသားအရေပေါ် ကြာကြာမထားဘဲ ရေဆေးချပစ်ဖို့ပါပဲ ။ ဘာလို့လဲဆိုတော့ သူက အရေပြားက အဆီကို အလွန်အကျွံဖယ်ရှားပစ်တဲ့အတွက် အရေပြားခြောက်သွေ့ယားယံတာ ၊ နာကျင်တာနဲ့ အရေခွံကွာတာတွေ ဖြစ်နိုင်ပါတယ်။
Glycolic acid
Glycolic acid က အသားအရေထိန်းပစ္စည်းတွေမှာပါဝင်ပြီး AHA (alpha-hydroxy acid) လို့ အသိများပါတယ်။ အသားအရေအတွင်းပိုင်းအထိ စိမ့်ဝင်နိုင်ပြီး အသားအရေနုပျိုဖို့သုံးတဲ့ ထုတ်ကုန်တွေမှာ ပါဝင်လေ့ရှိပါတယ်။ဒါ့အပြင် အရေပြားချေးချွတ်ခြင်း ၊ အရေးအကြောင်းတွန့်ခြင်း ၊ ဝက်ခြံ ၊ အမဲစက်တွေအတွက် အသုံးပြုတဲ့ ထုတ်ကုန်တွေမှာ တွေ့ရလေ့ရှိပါတယ်။ Glycolic acid ကို ပုံမှန် ၊ ပေါင်းစပ် ၊ အဆီပြန်တတ်တဲ့ အသားအရေသမားတွေသာ အသုံးပြုသင့်ပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင် နဲ့ ထိခိုက်လွယ်တဲ့ အရေပြားနုသူတွေ အသုံးမပြုသင့်ပါဘူး။ Glycolic acid ဟာ အက်ဆစ်ပြင်းအမျိုးအစားထဲ ပါဝင်တာကြောင့် အရေပြားယားယံတာ ၊ အရေပြားလောင်တာတွေ ဖြစ်တတ်တဲ့အတွက် အသားအရေပေါ်မှာ ကြာကြာထား အသုံးပြုလို့မရပါဘူး။ ဒါပေမယ့် ရေနဲ့ထိတွေ့တဲ့အခါ ဓာတ်ပြယ်တဲ့သဘောရှိတဲ့အတွက် သုံးနေရင်း အသားအရေမှာ မတည့်တာဖြစ်လာတဲ့အခါ ရေနဲ့အမြန် ပြန်သန့်စင်နိုင်ပါတယ်။
Azelaic acid
ဓာတ်ပုံ - cosmo.ph
Azelaic acid ဟာ မုယောစပါး ၊ ဂျုံ ၊ ကောက်နှံတွေကနေ ရရှိတဲ့ သဘာဝအက်ဆစ်အမျိဲးအစားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ဝက်ခြံကို အဓိက ကုသတဲ့ လိမ်းဆေးတွေမှာ ထည့်သုံးလာကြတဲ့ အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ ချွေးပေါက်တွေကို သန့်စင်ပြီး ဘက်တီးရီးယားတွေကို သေစေတာကြောင့် ရောင်ရမ်းတာတွေကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် သူကလည် အလွန်အကျွံသုံးစွဲရင် အရေပြားခြောက်သွေ့တာ ၊ နီမြန်းတာ ၊ အရေပြားလောင်တာ ၊ အရေခွံကွာတာတွေ ဖြစ်နိုင်တာကြောင့် သတိပြုသုံးစွဲသင့်ပါတယ်။
Kojic acid
Kojic acid က ကစော်ဖောက်ရာကနေထွက်တဲ့ ဘက်တီးရီးယားတွေကနေ ထုတ်လုပ်ပါတယ်။ Kojic acid ကို အာရှဘက်မှတော့ာ အသားအရေထိန်းသိမ်းမှု ထုတ်ကုန်တွေအတွက် အသုံးများပါတယ် ။အသားအရေဖြူဝင်းစေဖို့နဲ့ အရေးအကြောင်းလျှော့ချတဲ့ ထုတ်ကုန်တွေမှာ မပါမဖြစ် အသုံးများပြီး မျက်နှာသစ်ဆေး နဲ့ serum တွေမှာ ၁ရာခိုင်နှုန်းကနေ ၄ရာခိုင်နှုန်းအထိ ပါဝင်တတ်ပါတယ်။ အလွန်ထိခိုက်လွယ်တဲ့ အသားအရေတွေအတွက်တော့ အန္တရာယ်များပေမယ့် အရေပြားထိန်းသိမ်းမှုအတွက် ထိရောက်တဲ့ အက်ဆစ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အဖုအပိန့်တွေရှိနေတာ ၊ ယားယံနေတဲ့အရေပြားတွေပေါ်မှာ ချက်ချင်းအသုံးမပြုသင့်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် နီမြန်းနေတာ ၊ ခြောက်သွေ့ကွဲအက်နေတဲ့အသားအရေပေါ်မှာလည်း အသုံးမပြုသင့်တာကြောင့် ကိုယ့်မှာ ဒီလိုအသားအရေပြသနာရှိရင် သတိထားအသုံးပြုသင့်ပါတယ်။
သတိထားရမှာကတော့ အက်ဆစ်တွေပါတဲ့ ထုတ်ကုန်တွေက အသားအရေကို နုစေတဲ့အတွက် နေရောင်ခြည်ဒဏ်ခံနိုင်မှုကို လျော့ကျစေနိုင်ပါတယ်။ဒါကြောင့် ဒီအက်ဆစ်ပါတဲ့ ထုတ်ကုန်တွေကို သုံးပြီးရင် နေရောင်ကာတဲ့ SPF ပါတဲ့ မျက်နှာလိမ်းခရင်မ် ၊ lotion တွေ ပြန်သုံးပေးဖို့ မမေ့ပါနဲ့နော်။
Ref: Healthline