စစ်ဘေးရှောင်စခန်းမှာသင်လာရတဲ့ကလေးတစ်ယောက်ကို အတန်းပညာကူးပြောင်းမယ်ဆိုရင် ကလေးရဲ့အသက်နဲ့လိုက်တဲ့ အတန်းမှာတက်နိုင်ဖို့ သူ့ရဲ့ တတ်မြောက်မှုကို စစ်ဆေးပေးပါ။

ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းများစွာခံစားနေရတဲ့ မြန်မာနိုင်ငံအတွင်း ကလေးငယ်ပေါင်းများစွာဟာ ပုံမှန်ပညာသင်ကြားခွင့်ကို ကျောခိုင်းနေကြရပါတယ်။

တိုက်ပွဲတွေ၊ စစ်ဘေးဒဏ်ကြောင့် စာသင်ကျောင်းတွေဆီကို လှည့်မကြည့်နိုင်တော့တဲ့ အခြေအနေမျိုးမှာ ကလေးတွေအတွက် စစ်ရေးပဋိပက္ခတွေအကြား ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းတွေကို တတ်နိုင်သလောက် ဖန်တီးပေးဖို့ လိုအပ်စမြဲပါ။ စစ်ဘေးရှောင်စခန်းတွေ၊ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရစဉ်အတွင်း သင်ကြားရေး အခွင့်အလမ်းတွေ အနည်းနဲ့အများ ဖန်တီးပေးသင့်ပါတယ်။ သင်ကြားရေးလို့ ဆိုတာမှာ စာသင်တာထက် ပဋိပက္ခတွေအကြား ရှင်သန်ရပ်တည်ဖို့ နည်းလမ်းတွေ၊ ဗုံးသံ၊ သေနတ်သံတွေကြားထဲ စိတ်ပိုင်း၊ရုပ်ပိုင်း ခံစားချက်တွေ လျှော့ချနိုင်ဖို့ သင်ကြားပြောပြပေးသင့်ပါတယ်။

Photo: Burma Link

ဖြစ်ရပ်ဆိုးတွေအကြား ရှင်သန်နိုင်အောင်ပြောပြပါ

စစ်ပြေးလာရတဲ့ အခြေအနေမှာ အတန်းပညာက အဓိက မဟုတ်ပါဘူး။ ကလေးတွေကို နေထိုင်တတ်၊ စားသောက်တတ်ဖို့ကို အရင်သင်ရပါတယ်။ စစ်ရှောင်ကာလမှာ စခန်းတွေမှာနေဖို့ အသားမကျသေးတဲ့ ကလေးငယ်တွေအတွက် ဘယ်လို အသက်ရှင်နေထိုင်ဖို့ လိုလဲဆိုတာကို အရင်ပြောပြပေးရပါမယ်။ ဥပမာ- အခြေခံအားဖြင့် ရေတွေမသန့်ရင် ရေကိုသန့်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို သင်ပေးထားဖို့ လိုပါတယ်။ ရေသန့်ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ မသန့်တဲ့ ရေကို မသောက်သင့်ဘူးဆိုတဲ့ အသိမျိုး ကလေးမှာ ရှိလာအောင် ပြောပြပေးပါ။ လက်ရှိအခြေအနေအရ စာသင်ကြားဖို့ထက် ရှင်သန်နေထိုင်တတ်ဖို့က အရေးကြီးတဲ့အတွက် အဲဒါတွေကို အရင်ဆုံးသင်ရပါတယ်။

တစ်သက်လုံးသုံးရမယ့် ဘာသာရပ်တွေကိုသင်ပေးပါ

စစ်ပြေးနေရတဲ့ အခြေအနေအတွင်း ပုံမှန်ကျောင်းသင်ခန်းစာထဲက အတိုင်းသင်လို့မရပါဘူး။ ကလေးအတွက် တစ်သက်လုံး အသုံးပြုသွားရမယ့် ဘာသာရပ်တွေကို သင်ပေးပါ။ အဓိက မြန်မာစာ ၊ မိခင်တိုင်းရင်းသားဘာသာစကား၊ အင်္ဂလိပ်နဲ့ သချာင်္ဘာသာရပ်တွေကို သင်ပေးပါ။ 

နိုင်ငံသုံးဘာသာစကား မြန်မာစာ ရေးတတ်ဖတ်တတ်ဖို့ လိုအပ်သလို တိုင်းရင်းသားကလေးဆိုရင် မိခင်တိုင်းရင်းသားဘာသာစကား သင်ကြားဖို့ မဖြစ်မနေအရေးကြီးပါတယ်။ ဒါ့အပြင် နိုင်ငံတကာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ် နဲ့ ဘဝတစ်လျှောက်လုံး အသုံးပြုရမယ့် သချာၤတို့ကို သင်ပေးပါ။

Photo: AsiaNews

ကလေးတွေရဲ့ ကြောက်ရွံ့စိတ်ကိုဖြေဖျောက်ပေးပါ

စစ်ပြေးလာရတဲ့ကလေးတွေအတွက် အရေးကြီးဆုံးက စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိဖို့ပါပဲ။ ဗုံးသံ၊လက်နက်ကြီးကျသံ၊ သေနတ်သံတွေကို ကြားရတဲ့ကလေးရဲ့ ကြောက်ရွံ့နေစိတ်ကို ဖြေဖျောက်ပေးဖို့ လိုပါတယ်။ ဒီဖြစ်ရပ်တွေကို ကြောက်စရာကောင်းတယ်လို့မမြင်အောင် ကလေးရဲ့စိတ်မှာ လုံခြုံသွားအောင် ပြောပြထားဖို့လိုပါတယ်။ အရွယ်ရောက်လို့ နားလည်သွားတဲ့ကလေးဆိုရင်လည်း “ ဒါဟာစစ်ပွဲဖြစ်တယ်။ ဘယ်လိုမျိုးရှောင်သင့်တယ်။ ဒီလိုကာလကို ကြုံနေရပေမယ့် တစ်ချိန်ချိန်ကျရင် ပြီးသွားမှာ” ဆိုတဲ့အားတက်စရာစကားမျိုးတွေ ပြောပေးသင့်တယ်။

စာသင်နေရင်းနဲ့လည်း စစ်ပွဲအတွင်း ကဗျာရွတ်တာ၊ သီချင်းဆိုတာတွေကိုလည်း လုပ်ပေးသင့်ပါတယ်။ ဂီတနဲ့ ကလေးတွေကို ပျော်ရွင်စရာဖန်တီးပေးသင့်ပါတယ်။ စစ်ပွဲရှိနေလို့ဆိုပြီး တစ်ချိန်လုံးပုန်းကွယ်နေရတာ၊ ကြောက်နေရတာမျိုးမဖြစ်အောင် ဒီလို ပျော်အောင်နေလို့ရတယ်ဆိုတာမျိုးကို ပြသဖို့ လိုပါတယ်။

မျိုးချစ်စိတ်ရှင်သန်ဖို့ လိုအပ်တဲ့ မိခင်တိုင်းရင်းသားစကား

စစ်ဘေးရှောင်စခန်းတွေမှာ ရှောင်တိမ်းနေထိုင်ကြရသူ အားလုံးနီးပါးဟာ တိုင်းရင်းသားလူမျိုးတွေပါပဲ။ ဒီလိုတိုင်းရင်းသားကလေးငယ်တွေကို သင်မယ်ဆိုရင် မိခင်ဘာသာစကားနဲ့သင်ရတာ အထိရောက်ဆုံးပါ။ လက်ရှိ ပညာရေးစနစ်သစ်မှာလည်း Federal Education စနစ်ကို အကောင်အထည်ဖော်နေပြီဖြစ်တာကြောင့် တိုင်းရင်းသားဒေသတွေမှာ မိခင်ဘာသာစကား၊ ဓလေ့ယဉ်ကျေးမှုတွေကို ကလေးအရွယ်ကစပြီး ကိုယ်တိုင်သိအောင်၊ လက်ခံကျင့်သုံးတတ်အောင်၊ ထိန်းသိမ်းတတ်အောင် မဖြစ်မနေသင်ပေးဖို့လိုပါတယ်။ ဒီလိုသင်ယူဖို့ကိုလည်း တိုင်းရင်းသားတွေကိုယ်တိုင်က လိုလားသလို မျိုးချစ်စိတ်ကလည်း ပိုပြီးရှင်သန်လာနိုင်မှာဖြစ်ပါတယ်။

Photo: AsiaNews

အချင်းချင်းကူညီပေးရမယ့် စစ်ရှောင်အတွင်းသင်ကြားရေး

စစ်ရှောင်စခန်းအတွင်းမှာပဲ စာသင်ကြားဖို့နေရာလေးတစ်ခုသတ်မှတ်ပြီး Camp လေးတွေတည်ဆောက်ပါ။ စာသင်ပေးနိုင်မယ့်ဆရာမရှိဘူးဆိုရင် စစ်ပြေးလာသူအချင်းချင်းကြားမှာပဲ စာသင်ဖို့စိတ်ဝင်စားသူတွေက ကလေးတွေကို ပြန်သင်ပေးပါ။ ဒါမှမဟုတ် စေတနာ့ဝန်ထမ်းဆရာဆရာမ တစ်ယောက်၊နှစ်ယောက်ကနေ စစ်ရှောင်သူတွေကို သင်တန်းပေးပြီး ကလေးတွေကို ပြန်သင်ပေးပါ။ ဒါ့အပြင် စာသင်တဲအခါမှာ လုံခြုံမှုရှိဖို့ အဓိကလိုအပ်တာကြောင့် စာသင်မယ့်အနီးတစ်ဝိုက်က စိတ်ချရတဲ့အခြေအနေဖြစ်သင့်သလို သေနတ်သံ၊ဗုံးသံကြားရပြီဆိုတာနဲ့ ရှောင်ပုန်းပြေးနိုင်ဖို့ ပြင်ဆင်ပေးထားဖို့လိုပါတယ်။

ရင်ဆိုင်ရမယ့်အခက်အခဲ

စစ်ပြေးလာကြရတဲ့ကလေးတွေမှာ အရွယ်စုံပါလာတာဖြစ်တဲ့အတွက် ကျောင်းသားတွေရဲ့ အသက်အရွယ်မညီမျှမှုအပေါ် သင်ရတဲ့ဆရာတွေမှာ အခက်အခဲရှိနိုင်ပါတယ်။

ကျောင်းစာသင်ခန်းမှာ အသက်တူ၊အတန်းတူကလေးတွေကို စုပြီး သင်ရပေမယ့် ဒီလိုနေရာမှာကျတော့ အရွယ်မျိုးစုံ သင်ပေးရတဲ့အတွက် ကလေးတွေရဲ့ တတ်မြောက်မှုတွေကို ညှိပြီးသင်ကြားရတာပါ။ ကလေးတွေမှာလည်း ကိုယ်နဲ့ သက်တူရွယ်တူမဟုတ်တဲ့ အချင်းချင်းဆက်သွယ်ပြောဆိုဖို့ အခက်အခဲကြုံနိုင်ပါတယ်။ နောက်တစ်ခုက စိတ်မလုံခြုံမှုပါ။ စာသင်နေရင်းမှ လက်နက်ကြီးကျမလား၊ ဗုံးထိမလား အသက်အန္တရာယ်အတွက်လုံခြုံမှုမရှိတဲ့ အခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီလို အခြေအနေကြုံလာရပြီဆိုရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြိုပြီးပြင်ဆင်ထားဖို့လိုပါတယ်။

စစ်ရှောင်သူတို့ရဲ့ အနာဂတ်ပညာရေး

စစ်ဘေးသင့်နေရာတွေကို ပြန်လည်ထူထောင်ရေးတွေလုပ်တဲ့အခါ အစိုးရက ပညာရေးကို မဖြစ်မနေထည့်သွင်းစဉ်းစားရမှာပါ။ စစ်ဘေးရှောင်စခန်းမှာသင်လာရတဲ့ကလေးတစ်ယောက်ကို အတန်းပညာကူးပြောင်းမယ်ဆိုရင် ကလေးရဲ့အသက်နဲ့လိုက်တဲ့ အတန်းမှာတက်နိုင်ဖို့ သူ့ရဲ့ တတ်မြောက်မှုကို စစ်ဆေးပေးပါ။ (၆) နှစ်အရွယ်ကလေးဆိုပါက အဲဒီအသက်အရွယ်နဲ့ကိုက်ညီတဲ့ တတ်မြောက်မှုရှိလား မရှိလား ဆန်းစစ်ပါ။ ဘယ်အတန်းမှာ တက်ရင်ပိုပြီး အဆင်ပြေမလဲဆိုတာကို ရွေးချယ်စဉ်းစားပေးနိုင်ဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ အစီအစဉ်တွေ ချမှတ်ဖို့ လိုပါတယ်။ ဒါမှသာစစ်ဘေးရှောင်စခန်းတွေက စာသင်ခန်းထဲကိုပြန်ရောက်တဲ့အခါ ပုံမှန်ကလေးတွေနည်းတူ တန်းတူပညာသင်ကြားနိုင်တဲ့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အသက် ၃ နှစ်ကနေ ၁၇ နှစ်အကြား ကလေးငယ်ပေါင်း ၂ သိန်းနီးပါးဟာ ပြည်တွင်းပဋိပက္ခစစ်ပွဲအတွင်းမှာ နေထိုင်ကြီးပြင်းနေကြရပါတယ်။ ဒီလိုဆိုးရွားတဲ့ အခြေအနေကြားထဲမှာပဲ ကလေးငယ်သိန်းနဲ့ချီ ပညာသင်ကြားခွင့်မဆုံးရှုံးအောင် အတတ်နိုင်ဆုံးကယ်တင်ဖို့လိုပါတယ်။ 

သတင်းဆောင်းပါးပါ အချက်အလက်များကို Nway Oo Homeschooling အဖွဲ့က အကြံပြုမျှဝေထားခြင်းဖြစ်ပါသည်။

Share

က္က