စိတ်ဓာတ်ကျတယ်ဆိုတာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးပါ။
Photo: The Mighty
ပြင်းထန်လာရင်တော့ စိတ်ကျဝေဒနာအထိဖြစ်သွားစေနိုင်တဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကြံပေးဆရာဝန်တွေရဲ့ ပြောပြချက်အရ လူတော်တော်များများက သူတို့စိတ်ဓာတ်ကျနေတယ်ဆိုတာကို စောလျှင်စွာသိရှိခြင်းမရှိကြဘူးလို့ဆိုပါတယ်။ အကြောင်းကတော့ စတင်ပြသလာတဲ့ လက္ခဏာတွေကို သတိမထားခြင်းကြောင့်ပါပဲ။
စိတ်ဓာတ်ကျခြင်းနဲ့ ကြုံတွေ့ရတဲ့ လက္ခဏာ
စိတ်ဓာတ်ကျတယ်ဆိုတာ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ အခြေအနေတစ်ရပ်ပါ။ စိတ်ဓာတ်နေပြီဆိုရင် စိတ်ထဲမှာ အကောင်းမြင်တဲ့စိတ်ထက် အဆိုးမြင်တဲ့စိတ်ကပိုများနေပြီး ယုံကြည်မှုကင်းမဲ့နေတဲ့ အနေအထားလည်းဖြစ်ပါတယ်။ ဝမ်းနည်းနေသလိုခံစားနေရပြီး အလုပ်တွေကိုတောင် မလုပ်ချင်တော့တာမျိုးပေါ့။ စိတ်ဓာတ်ကျခြင်းက နောက်ဆက်တွဲပြဿနာတွေကို ခေါ်လာတက်တဲ့ စိတ်ပိုင်းဆိုင်ရပြဿနာဆိုလည်းမမှားပါဘူး။ လူတစ်ယောက်ဟာ စိတ်ကျနေပြီဆိုရင် ဝမ်းနည်းတာ၊ စိတ်အားငယ်တာ ၊နေ့စဉ်လုပ်ဆောင်နေကြအလုပ်တွေကိုတောင်လုပ်ချင်စိတ်မရှိတော့တာ၊ အပေါင်းအသင်းမိတ်ဆွေ၊ မိသားစုတွေနဲ့ ခပ်ကွာကွာနေပြီး တစ်ယောက်တည်းနေတက်လာတာတွေက စိတ်ကျခြင်းရဲ့ ကနဦး လက္ခဏာတွေပါပဲ။ အများစု အခုလို ကနဦးလက္ခဏာတွေကို သတိမမူမိခဲ့ပဲ အသိနောက်ကျခဲ့ပြီး အခြေအနေရင့်မာလာချိန်မှာတော့ နောက်ဆုံး စိတ်ကျဝေဒနာစွဲကပ်သွားတဲ့အထိဖြစ်တတ်ပါတယ်။
Photo: Creativa Photo
ဘယ်သူတွေ စိတ်ဓာတ်ကျနိုင်လဲ
ကလေးကနေစလို့ လူကြီး၊လူငယ် အရွယ်သုံးပါးမရွေး ဆင်းရဲ၊ ချမ်းသာ လူတန်းစားမရွေး စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျမှုက အသက်အရွယ်နဲ့ အမျိုးသား၊ အမျိုးသမီးဖြစ်တည်မှုပေါ်မူတည်ပြီး ကွားခြားတာမျိုးတော့ရှိတက်ပါတယ်။ သက်လတ်ပိုင်းတွေမှာတော့ အဖြစ်များလေ့ရှိပါတယ်။
သာမန်စိတ်ကျအခြေအနေကို ဘယ်လိုသိနိုင်မလဲ
စိတ်ကျခြင်းက အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပေမယ့် ကိုယ့်မှာရှိနေသလားဆိုတာ သိပ်မသိကြပါဘူး။ လက္ခဏာတွေကလည်း သိပ်မစိုးရိမ်ရရင် ပုံမှန်ဖြစ်လေ့ရှိတဲ့ အပြုအမူတွေနဲ့ သိပ်မကွာ လှတာကြောင့် အမှုမဲ့အမှတ်မဲ့ရှိတတ်ကြပါတယ်။ စိတ်ဓာတ်ကျနေသူဟာ ဝမ်းနည်းလွယ်တာ၊ စိတ်ဆိုးလွယ်တာ အားကုန်လွယ်တာ စတဲ့လက္ခဏာတွေကို အချိန်အတော်ကြာခံစားရလေ့ရှိပါတယ်။ ဒီလက္ခဏာတွေကိုခံစားနေရပြီဆိုရင်တော့ သင်ဟာ စိတ်ကျဝေဒနာကို ခံစားနေရပါပြီ။ ဒီ့ထက်ပြင်းထန်လာရင်တော့ နောက်ဆုံးကိုယ့်ကိုကိုယ် သတ်သေနိုင်တဲ့အထိ အန္တရာယ်ရှိနိုင်တဲ့ ဝေဒနာတစ်မျိုးပါ။ ဒီအဆင့်ကို မရောက်ခင် ကိုယ့်မှာ အန္တရာယ်ရှိတဲ့ လက္ခဏာတွေဖြစ်နေပြီလားဆိုတာ အချိန်မီသိဖို့လိုအပ်ပါတယ်။
Photo: iStock
စိတ်ကျခြင်းကို ဘယ်လိုတိုက်ထုတ်ကြမလဲ
လူတိုင်းစိတ်ဓာတ်ကျနိုင်ပါတယ်။ အထူးသဖြင့် ဖိအားပေါင်းစုံနဲ့ နေ့စဉ်ဘဝမှာရုန်းကန်နေရသူတွေ၊ အဆင်မပြေမှုတွေ အခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့သူတွေပိုဖြစ်တတ်ပါတယ်။ Depression ဟာ လူတစ်ယောက်ရဲ့ ခွန်အား၊ စိတ်အားတက်ကြွမှုနဲ့ စိတ်ခံစားချက်တွေကို ဟာလာဟင်းလင်းဖြစ်သွားအောင်လုပ်ပစ်တဲ့ ဝေဒနာတစ်ခုပါ။ စိတ်ဓာတ်ကျနေတဲ့သူတစ်ဦးဟာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ စိတ်ဓာတ်ခွန်အားကို မြင့်မားအောင်ပြုလုပ်တာက ခံစားနေရတဲ့ စိတ်ဓာတ်ကျဝေဒနာကို လျော့ပါးသက်သာစေပါတယ်။ ပိုပြီးသက်သောင့်သက်သာရှိတဲ့ ခံစားချက်မျိုးကို ခံစားရစေတယ်။ ဒီလိုတိုက်ထုတ်နိုင်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းလေးတွေဖြစ်တဲ့ ပုံမှန်အိပ်တာ၊ပုံမှန်စားတာ ၊မိသားစုသူငယ်ချင်းတွေနဲ့ နွေးနွေးထွေးထွေးနေပေးတာ၊ လေ့ကျင့်ခန်းလုပ်တာ ၊ကိုယ်ကြိုက်နှစ်သက်တဲ့ ရုပ်သံအစီအစဉ်တွေ၊ သီချင်းနားထောင်တာလေးတွေကို လုပ်ပေးသင့်ပါတယ်။ ဒီအပြုအမူတွေက သင့်ရဲ့ စိတ်ဓာတ်ကျနေမှုကို အထိုက်အထောက်ဖြေလျော့ပေးနိုင်မယ့် အသင့်လျော်ဆုံးနည်းလမ်းလေးတွေပါပဲ။
စိတ်ဓာတ်ကျခြင်းက လူတိုင်းမှာကြုံတွေ့ရတတ်ပါတယ်။ အဓိက မိမိကိုယ်ကို ဘာဖြစ်နေလဲဆိုတာတော့ သိဖို့လိုအပ်ပါတယ်။ သာမန်စိတ်ဓာတ်ကျနေတဲ့ သူတစ်ဦးအနေနဲ့ ကိုယ်တိုင်စိတ်ဓာတ်နေတာကို အချိန်မီမသိခဲ့ဘဲ အချိန်တစ်ခုကြာလာတာနဲ့ နောက်ဆုံး စိတ်ကျရောဂါစွဲကပ်လာတဲ့အဆင့်ထိ ရောက်သွားနိုင်တာပါပဲ။ ဒါကြောင့် မိမိကိုယ်ကို စိတ်ဓာတ်ကျနေတာကို သိပြီဆိုတာနဲ့ ကိုယ့်အတွက်လိုအပ်တဲ့အရာလေးတွေ ၊ ကိုယ့်ကို စိတ်ပျော်ရွှင်ပေးနိုင်မယ့် အပြုအမူလေးတွေနဲ့ ကိုယ့်ကိုကိုယ် ပြန်ပြီး ဂရုစိုက်ကာ နေထိုင်သင့်ကြောင်းကို စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးသူတစ်ဦးဖြစ်တဲ့ ဆရာမဒေါ်နန်းကြည်ပြာမော်က အကြံပြုပြောကြားထားပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များကိုဒေါ်နန်းကြည်ပြာမော်(စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်) က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။