ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြကစားနိုင်ခြင်းမရှိခဲ့ဘဲ ပုံမှန်ကစားခွင့်ပါ ဆုံးရှုံးခဲ့တဲ့နောက် နီဂွက်ဇ်ကို နည်းပြဆီမြွန်နီက ရောင်းချဖို့ ပြင်ဆင်နေခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ်အသင်းကွင်းလယ်လူဆာအူလ်နီဂွက်ဇ်ရဲ့ ကိုယ်စားလှယ်တွေဟာ တနင်္လာနေ့မှာ ဗြိတိန်ကို လာရောက်ကြမယ်လို့ သိရပြီး သူတို့ကစားသမားရဲ့ အနာဂတ်မသေချာဖြစ်နေမှုတွေကို အဆုံးသတ်နိုင်ဖို့ဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အသက် ၁၄ နှစ်အရွယ်ကတည်းက အက်သလက်တီကိုမက်ဒရစ်ကို ရောက်ရှိခဲ့ပြီး အသင်းနဲ့အတူ ၉ နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို နီဂွက်ဇ်က ချုပ်ဆိုထားခဲ့တာလည်းဖြစ်ပါတယ်။
လီဗာပူးလ်ကလည်း သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့်လည်း ယူနိုက်တက်က ပိုမိုအလေးသာနေတယ်လို့ Daily Mail က ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဆန်ချို၊ ဗာရာနီတို့ကို ခေါ်ယူထားပြီးဖြစ်ပေမယ့် ဆိုးလ်ရှားကတော့ ကွင်းလယ်လူတစ်ဦးထပ်မံအလိုရှိနေပြီး နီဂွက်ဇ်ကို လီဗာပူးလ်နဲ့ အပြိုင်စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ လာမယ့်ရာသီမတိုင်ခင်မှာပဲ နီဂွက်ဇ်ကလည်း သူ့အနာဂတ်ကို ဆုံးဖြတ်ချင်နေပြီး အင်္ဂလန် ဒါမှမဟုတ် စပိန်မှာပဲ ကစားဖို့သာ ဆုံးဖြတ်ထားပါတယ်။
သူနဲ့ အေတီကိုတို့ရဲ့စာချုပ်မှာတော့ ပေါင် ၁၂၈ သန်းတန် လျော်ကြေးသဘောတူညီချက်ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် စျေးကွက်ပေါက်စျေးအရတော့ ပေါင်သန်း ၄၀ သာရှိတယ်လို့ သိရပြီး ဒီပမာဏဟာ အင်္ဂလန်ထိပ်သီးကလပ်တွေအတွက်တော့ တော်တော်လေးချိုသာတဲ့စျေးနှုန်းဖြစ်နေပါတယ်။ လီဗာပူးလ်မှာ ဟန်ဒါဆန်၊ ယူနိုက်တက်မှာ ပေါ့ဂ်ဘာတို့ရဲ့ အနာဂတ်ကလည်း မသေမချာတွေဖြစ်နေပြီး ဆာအူလ်နီဂွက်ဇ်ရဲ့ အနာဂတ်လားရာက အန်ဖီးလ်လား၊ အိုးထရက်ဖို့ဒ်လားဆိုတာ အဖြေပေးလာဖို့ကတော့ သိပ်မလိုတော့ဘူးလို့ ဆိုရပါတော့မယ်။