အိမ်မှုကိစ္စခိုင်းတယ်ဆိုတာ ကလေးတွေကို ပြုစုပျိုးထောင်နည်းလမ်းတွေထဲက တစ်ခုပါပဲ။

အိမ်မှုကိစ္စလုပ်ငန်းတွေကို ကိုယ့်ရဲ့ကလေးတွေကို ကူခိုင်းတာက ကလေးတွေကို တစ်နည်းတစ်ဖုံနဲ့ ပညာသင်ကြားပေးတာပါပဲ။

Photo: Very Well Family

စာသင်ခန်းတွေဆီကို မရောက်မီ လက်ဦးဆရာဖြစ်တဲ့ မိဘက ကလေးနဲ့ အတူတူအိမ်မှာနေရင်းနဲ့ပဲ ကလေးကို ပညာသင်ကြားပေးနိုင်တဲ့နည်းလမ်းတွေ ဖန်တီးရပါမယ်။ စာသင်နေမှ ပညာသင်တယ်လို့ ခေါ်တာမဟုတ်ပါဘူး။ ကလေးတွေရဲ့ ဘဝမှာ နေတတ်၊ထိုင်တတ်အောင် ဘဝနေနည်းတွေကို သင်ပေးတာကလည်း ပညာတစ်ခုပါပဲ။ ဒီလို နေတတ်ထိုင်တတ်အောင် သင်ပေးလို့ရတဲ့ အနီးစပ်ဆုံးကတော့ အိမ်မှုကိစ္စလုပ်ငန်းတွေကို မိဘနဲ့ အတူတူဝိုင်းကူခိုင်းတာပါ။ အိမ်မှုကိစ္စတွေ ဝိုင်းကူခိုင်းတဲ့အခါမှာ အသက်အရွယ်အလိုက် ဘယ်လိုအိမ်မှုကိစ္စတွေ ကူခိုင်းသင့်သလဲ။ ဒီလိုကူခိုင်းပေးခြင်းဖြင့် ကလေးတွေအတွက် ဘယ်လိုအကျိုးရနိုင်မလဲဆိုတာတွေကို Nway Oo Home Schooling က အခုလို အကြံပြုထားပါတယ်။

Photo: BP Guide India

အရွယ်နဲ့ လိုက်တဲ့အိမ်အလုပ်တွေ ကူခိုင်းပါ

ကလေးတွေဟာ အသက် (၂) နှစ် (၃) နှစ်အရွယ်လောက်ကစပြီး အိမ်မှုကိစ္စတွေကိုကူပေးလို့ရနေပါပြီ။ လမ်းလျှောက်တတ်ခါစအရွယ်တွေဖြစ်တဲ့အတွက် ပုံမှန်ရိုးရှင်းတဲ့အလုပ်တွေကို ကူညီခိုင်းလို့ရပါတယ်။ ဥပမာ- ကစားစရာတွေကို သိမ်းခိုင်းတာ၊ အမှိုက်ကိုအမှိုက်ပုံးထဲထည့်တာ စသဖြင့် သူတို့အရွယ်လေးနဲ့ လုပ်နိုင်တာတွေကို ကူခိုင်းပါ။ အိမ်မှုကိစ္စကူခိုင်းတဲ့အခါ ကလေးရဲ့ အသက်ထက် ကလေးရဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနဲ့လည်း သက်ဆိုင်ပါတယ်။ တအားညှပ်သေးတဲ့ကလေးဆိုရင် အိုးသယ်တာ၊ ရေပုံးသယ်တာမျိုးတွေ လုပ်ခိုင်းလို့တော့မရပါဘူး။ ကလေးရဲ့ အရွယ်နဲ့ လုပ်နိုင်တဲ့ အင်အားကို ကြည့်ပြီး ကူညီခိုင်းပါ။

 အသက် (၅) နှစ်အရွယ်လောက်ကလေးဆိုရင် ရေနွေးခွက်သယ်ခိုင်းတာ၊ ထမင်းစားဖို့ ကိုယ့်ပန်းကန် ကိုယ်သယ်ခိုင်းတာ၊ ထမင်းပွဲတူတူဝိုင်းပြင်ခိုင်းတာ စသဖြင့် ကူညီခိုင်းပါ။အသက် (၆) နှစ် (၇) နှစ်လောက် အရွယ်ဆိုရင်တော့ ပန်းကန်ဆေးတာ၊ မိဘနဲ့အတူတူ အိမ်သာဆေးတာ၊ ရေဆွဲချတာ စသဖြင့် သူတို့လက်နဲ့ သူတို့လုပ်နိုင်တဲ့အရာတွေကို ခိုင်းသင့်ပါတယ်။ (၈) နှစ် (၉) နှစ်အရွယ်လောက်ဆို သူ့ဘာသူ ရေချိုးခိုင်းတာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုယ်တိုင်လုပ်ခိုင်းတာမျိုးတွေကို သင်ပေးထားလို့ရနေပါပြီ။ ခိုင်းတဲ့အခါမှာကလေးရဲ့ Motor Skill ကိုကြည့်ရပါမယ်။ ကလေးတွေ မကူနိုင်တဲ့အရာတွေကို ခိုင်းလို့ ထိခိုက်သွားရင် ကလေးတွေမှာ စိတ်ထိခိုက်တတ်ပါတယ်။ ဒါကြောင့် ကလေးတွေတတ်နိုင်တာကိုပဲ ကူညီခိုင်းပေးဖို့ လိုပါတယ်။

Photo: News24

ပြီးမြောက်တာထက် လုပ်နိုင်တာကိုချီးကျူးပါ

မိဘတွေက ကလေးတွေကို ကျောင်းစာတွေ၊ အိမ်စာတွေနဲ့ပဲ အချိန်ကုန်စေတာများပါတယ်။ နောက်ပြီး အိမ်အေလုပ်တွေက ကိုယ်တိုင်လုပ်တာ မြန်မြန်ပြီးတဲ့အတွက် ကလေးတွေကို တကူးတကခိုင်းမနေချင်တော့ပါဘူး။ ဒါပေမယ့် ဘယ်အရာမဆို သင်ယူလေ့လာနေရဆဲ ကလေးတွေအတွက် အိမ်မှုကိစ္စကို ခိုင်းပေးတာကလည်း ကလေးရဲ့ ဉာဏ်ရည်၊ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် ဘယ်အရာမဆို ကိုယ်လုပ်ပေးရမယ်ဆိုတဲ့ အကျင့်ကို မိဘက အရင်ဆုံးဖျောက်ပစ်ဖို့ လိုပါတယ်။ ကလေးဖြစ်တဲ့အတွက် တစ်ခုခုကို ခိုင်းတဲ့အခါ ကြာနေတာ၊ လွဲချော်တာ၊ စိတ်တိုင်းမကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လူကြီးတွေလောက် စေ့စပ်သေချာအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စနစ်တကျသေချာလုပ်နိုင်ဖို့ ဆိုတာထက် ကိုယ့်တာဝန်ကိုယ်ယူတတ်အောင်၊ ကိုယ့်အားကိုယ်ကိုးနိုင်အောင်၊ အလုပ်လုပ်တာကို ပျော်ရွှင်ခံစားတတ်စေဖို့ အဓိကပါ။

အိမ်အလုပ်တွေကူတဲ့အခါ အဆင်မပြေတာကြုံခဲ့ရင် ကလးကို အော်ဟစ်ဆူပူတာမျိုးမလုပ်ပါနဲ့။ နားလည်အောင်ရှင်းပြပါ။ ကိုယ်နဲ့ အတူတူ လိုက်လုပ်ခိုင်းပါ။ ပျင်းဖို့ကောင်းအောင် ခိုင်းတာမျိုးမလုပ်ပါနဲ့။ မောင်နှမတွေ အတူတူဝိုင်းကူကြတာဆိုရင် ဘယ်သူက အဝတ်အများဆုံးခေါက်နိုင်သလဲ။ တံမြက်စည်းလှဲတာ ဘယ်သူက အရင်ပြီးသလဲ စသဖြင့် အလုပ်ပြိုင်လုပ်ခိုင်းပြီး အိမ်အလုပ်လုပ်တာက ပျော်စရာကောင်းတယ်ဆိုတာကို ပြသပေးဖို့လိုပါတယ်။ အိမ်အလုပ်လုပ်တာကတစ်ဆင့် ပန်းတိုင်အသေးစားတွေ ဖန်တီးပေးပါ။ အလုပ်တစ်ခုစီ ပေးပြီး သတ်မှတ်ထားတဲ့အချိန်အတွင်း မှန်မှန်နဲ့ မြန်မြန်ပြီးရင် ဂိမ်းပေးဆော့တာ၊ ကစားခွင့်ပေးတာ လုပ်ပေးပါ။ အိမ်အလုပ်တွေခိုင်းရင်းနဲ့ မိဘက အမှတ်ပေး၊ ချီးကျုးဆုပေးတာမျိုး၊ ကျေးဇူးတင်စကားပြောခြင်းမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ အိမ်အလုပ်ခိုင်းတဲ့အခါ ယောကျ်ားလေးဖြစ်လို့ ဒါလုပ်ရမယ်၊ မိန်းကလေးဖြစ်လို့ ဒါလုပ်ပါဆိုပြီး လိင်အမျိုးအစားအလိုက် ခွဲခြားမခိုင်းဖို့လည်း အရေးကြီးပါတယ်။ မိန်းကလေး၊ ယောကျ်ားလေးခွဲတာထက် ကလေးရဲ့ စိတ်အားထက်သန်မှုကို လိုက်ပြီး အိမ်အလုပ်တွေ ကူခိုင်းတာက ကလေးအတွက်ရော မိဘအတွက်ပါ အထောက်အကူပြုစေမှာပါ။ ယောကျ်ားလေးတွေဟာ ဟင်းချက်၊မီးပူတိုက်၊ အဝတ်လျှော်တာတွေ လုပ်နိုင်သလို မိန်းကလေးတွေလည်း သံရိုက်တာ၊ မီးဆင်တာ၊ ပန်းပင်စိုက်တာ စသဖြင့် လုပ်နိုင်ပါတယ်။

Photo: The Boston Globe

အိမ်အလုပ်ကတစ်ဆင့် ရနိုင်တဲ့အကျိုးကျေးဇူးတွေ 

အိမ်အလုပ်ကို ဝိုင်းကူတဲ့ကလေးတွေဟာ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းတတ်တဲ့အရည်အချင်း (Problem Solving Skill) ကောင်းကောင်းတတ်လာပါတယ်။ ငယ်ငယ်ကတည်းက မိဘတွေ နေရာတကာဝင်ပါတဲ့ကလေးတွေဟာ ကြီးလာတဲ့အခါ ကိုယ့်ပြဿနာကို ကိုယ်မဖြေရှင်းတတ်ဘဲ သူများကို အားကိုးချင်စိတ်ရှိတတ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရင် Problem Solving Skill တွေ ညံ့တတ်ပါတယ်။ အိမ်တွင်းအခြေခံအလုပ်လေးတွေ လုပ်တတ်ခြင်းအားဖြင့် ကိစ္စသေးသေးလေးတွေကအစ သူများကို လုပ်ခိုင်းတတ်တဲ့အကျင့်တွေ ရှိလာမှာမဟုတ်ဘဲ ကိုယ့်ဘဝနေထိုင်ပုံကို ကိုယ့်ဘာသာကိုယ် စီမံခန့်ခွဲနိုင်လာမှာပါ။ ဒီလိုအိမ်မှုကိစ္စတွေ လုပ်ရာကတစ်ဆင့် ကလေးတွေဟာ ကိုယ်ဘာဝါသနာပါလဲ။ ဘယ်အရာကို ပိုပြီးစိတ်ဝင်စားလဲဆိုတာကို သိမြင်လာမှာပါ။ အိမ်က ကိုယ့်ရဲ့ Learning Society တစ်ခုဆိုရင် အိမ်အလုပ်တွေလုပ်ရင်းကတစ်ဆင့် ဘာကိုလုပ်ချင်စိတ်ရှိလဲဆိုတာ မိမိကိုယ်ကို သိမြင်လာမှာပါ။

ဥပမာ- ငယ်ငယ်တည်းက သံရိုက်တာ၊ အိမ်ပြင်ဆင်တာကို နှစ်သက်တဲ့ကလေးတစ်ယောက်ဟာ ကြီးလာရင် အင်ဂျင်နီယာတစ်ယောက်ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ အိမ်အလုပ်တွေကတစ်ဆင့် အခြေခံပြီး အသက်မွေးဝမ်းကြောင်းဘ၀ တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ အိမ်အလုပ်ဝိုင်းကူတာက ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသူ၊ တာဝန်သိသူ၊ စည်းကမ်းရှိတဲ့သူဖြစ်စေပါတယ်။ အိမ်အလုပ်ကို ဝိုင်းကူတာက ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုးကို လုပ်တာဖြစ်တဲ့အတွက် သူများအကျိုးသယ်ပိုးတတ်တဲ့သူဖြစ်စေပါတယ်။ ဒါ့အပြင် မိသားစုနဲ့ အတူတူ စုပေါင်းလုပ်ဆောင်ရတာဖြစ်တဲ့အတွက် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်တဲ့စိတ်၊ တာဝန်ယူတတ်တဲ့စိတ်တွေ ဖြစ်စေပါတယ်။ ဒါကြောင့် ကလေးတွေကို အိမ်မှုကိစ္စခိုင်းပါ။ အိမ်မှုကိစ္စခိုင်းတယ်ဆိုတာ ကလေးတွေကို ပြုစုပျိုးထောင်နည်းလမ်းတွေထဲက တစ်ခုပါပဲ။ ဒါကြောင့် အိမ်မှုကိစ္စခိုင်းပေးရင်းကနေ ကလေးတွေရဲ့ လုပ်နိုင်စွမ်း၊ စိတ်ဝင်စားတဲ့အရာ၊ အားသာချက်တွေကိုရှာဖွေပါ။ ကလေးတွေဝါသနာပါရာကို ဖြည့်ဆည်းပေးပါ။ အချိန်တိုင်း ကျောင်းစာသင်တွေ၊ကျူရှင်တွေမှာ အချိန်ကုန်ခံစေတာမျိုးမဟုတ်ဘဲ ကလေးတွေ လွတ်လပ်စွာ တွေးခေါ်နေထိုင်ခွင့်ကို ဖန်တီးပေးဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို Nway Oo Homeschooling အဖွဲ့မှ အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က