မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ  ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ ရိုးရာအစားအသောက်၊ ရိုးရာဓလေ့ထုံးတမ်းတွေ ကိုယ်စီနဲ့ ရှင်သန်နေထိုင်ကြတာပါ။ သူတို့ရဲ့ ဝတ်စားဆင်ယင်ပုံ၊ အစားအသောက်တွေကို ကြည့်ခြင်းအားဖြင့် ဘယ်တိုင်းရင်းသားလူမျိုးလဲဆိုတာ တန်းပြီးသိမြင်နိုင်ကြမှာပါ။ တိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်ပုံ၊ အစားအသောက်တွေဟာ သူတို့ရဲ့ နေထိုင်မှုပုံစံတွေကို ထင်ဟပ်စေတာပါ။ အခုပြောပြပေးချင်တဲ့ တိုင်းရင်းသားအစားအစာတစ်မျိုးကတော့ ချင်းလူမျိုးတွေရဲ့ ပြယုဂ်လို့ သတ်မှတ်နိုင်သလို ကျေးဇူးရှင်လို့လည်း ပြောရမယ့် ဆာဘူးသီး ဆိုတဲ့ ဟင်းလျာပါ။

Photo: Mingalapar Facebook Page

ချင်းလူမျိုးနဲ့ ဆာဘူးသီးဆိုတာ…

ချင်းလူမျိုးတွေရဲ့ ပင်မအဓိက အစားအသောက်ကို ပြောပါဆိုရင် ဆာဘူးတီးလို့ ပြောရမှာပါ။ ချင်းလူမျိုးတွေကတော့ ဆာပူတွီးလို့ ခေါ်ဆိုတတ်ကြပြီး  အများစုကတော့ ဆာဘူးသီးလို့ပဲ သိကြပါတယ်။ ဆာဆိုတာ အသားလို့ အဓိပ္ပာယ်ရပြီး ပူးတွီးဆိုတာကတော့ ပြောင်းဖူးလို့ အဓိပ္ပာယ်ရတယ်လို့သိရပါတယ်။  ဆာပူးတွီးဆိုတာဟာ အသားနဲ့ ပြောင်းဖူးရောပြုတ်ထားတဲ့ ဆန်ပြုတ်လို အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။

Photo: Mingalapar Facebook Page

ဆာဘူးသီး ဖြစ်လာပုံ

ယခင်တုန်းကဆိုရင် ဝေးလံခေါင်ဖျားပြီး မြေပြန့်နဲ့ ဝေးကွာလှတဲ့ ချင်းပြည်နယ်လို တောင်ပေါ်ဒေသတွေမှာ ဆန်ရှားပါးလွန်းလှတယ်လို့သိရပါတယ်။ ဒီလို ဆန်ရှားပါးတဲ့ဒေသမှာနေရတဲ့ ချင်းလူမျိုးတွေဟာ နေ့စဉ် ထမင်းလိုစားသုံးနိုင်ဖို့ အစားအစာတစ်မျိုးကို ဖန်တီးခဲ့ကြတယ်လို့ ချင်းလူမျိုးတွေရဲ့ အဆိုအရသိရပါတယ်။ အဲဒါကတော့ အခုချင်းလူမျိုးတွေကြားထဲမှာသာမကဘဲ လူအများကြား ရေပန်းစားပြီး စားသုံးလာကြတဲ့ ဆာဘူးသီး ဟင်းလျာပါပဲ။

Photo: Mingalapar Facebook Page

ဆာဘူးသီး ပြုလုပ်နည်း

ဆာဘူးသီး တစ်ခွက်ဖြစ်လာဖို့ ပြောင်းဖူးခြောက်နဲ့ အသားတစ်မျိုးမျိုး အဓိက လိုအပ်ပါတယ်။ ဆန်ရှားပါးတဲ့တောင်ပေါ်ဒေသမှာနေထိုင်ကြတဲ့ ချင်းလူမျိုးတွေဟာ နွေစာ၊ မိုးစာအတွက် ပြောင်းဖူးတွေကို ချိတ်ဆွဲကာ နေလှန်းပြီး အခြောက်ခံရပါတယ်။ အခြောက်ခံထားတဲ့ပြောင်းဖူးတွေကို ခြွေပြီးတော့ ဆုံထဲမှာ ထည့်ပြီးထောင်းရပါတယ်။ ပြောင်းဖူးစေ့လေးတွေ ကွဲသွားတဲ့အထိ ထောင်းပြီး အမှုန်အမွှားကင်းစင်အောင် သန့်စင်ပြီးတဲ့အခါ ရေနွေးပွက်ပွက်ဆူတဲ့ထဲကို ထည့်ပြုတ်ရပါတယ်။ ပြုတ်တဲ့အခါ အချိန် (၃) နာရီ (၄) နာရီလောက် ကြာအောင်ပြုတ်ရပါတယ်။ အရင်ခေတ်ကဆိုရင် ချင်းလူမျိုးတွေဟာ တောထဲ ထင်းခုတ်၊ အလုပ်သွားတဲ့အခါ အိမ်မှာကျန်ခဲ့တဲ့သားသမီးတွေစားဖို့ ပြောင်းဖူးကို မနက် (၄) နာရီ လောက်ကတည်းက ပြုတ်ပေးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ အဆိုအရသိရပါတယ်။ 

နွားနောက် (သို့မဟုတ်) အမဲသားတွေကိုလည်း အနေတော်လေးတွေ လှီးပြီး (၃) နာရီ (၄)နာရီကြာအောင်ပြုတ်ပါ။ နူးလာတဲ့ အသားတွေကို ခုနက ဆန်ပြုတ်လိုဖြစ်လာအောင် ကြိုထားတဲ့ပြောင်းဖူးပြုတ်ထဲကို အရသာ အပေါ့အငန်တွေ ထည့်ပြီးရင်တော့ ဆာဘူးသီးဆိုတဲ့ဟင်းလျာ ဖြစ်လာပါတယ်။ ဆာဘူးသီးကို ကြက်သွန်နီ၊ ငရုတ်သီးအကျက်မှုန့်၊ ဂျင်းနဲ့ သျှားနံနံ ရောထောင်းထားတဲ့ ငရုတ်သီးထောင်းနဲ့ စားသုံးပါက အစပ်အဟပ်တည့်ပြီး အရသာအလွန်ကောင်းပါတယ်။ ဒါ့အပြင် အမဲသား (သို့) နွားနောက်သားတုံးကြော်လေးနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်လည်း တကယ်ကို အရသာရှိပြီး ပြီးပြည့်စုံပါတယ်။ ဆာဘူးသီးချက်တဲ့အခါ ချင်းပြည်နယ်အတွင်းမှာနေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားလူမျိုးစုတွေအလိုက် ၊ ဒေသအလိုက် အသေးစိတ်ကွဲပြားပါသေးတယ်။ ဖလမ်း၊ ဟားခါး၊တီးတိန်ဘက်မှာနေကြတဲ့ ချင်းလူမျိုးတွေကတော့ ပြောင်းဖူးစေ့ကို ထမင်းလိုချက်စားကြပြီး ချင်းတောင်ပိုင်း ကန်ပက်လက်ဘက်မှာတော့ ဆာဘူးသီးကို ပြောင်းဖူးအပြင်၊ ပဲ၊ ပဲရွက်၊ ဟင်းနုနွယ်ရွက်၊ ပဲသီး စတဲ့ အသီးအနှံတွေနဲ့လည်း ရောပြုတ်ပြီး စားသုံးကြတယ်လို့သိရပါတယ်။ 

Photo: Mingalapar Facebook Page

ဆားဘူးသီးရဲ့ အာဟာရ 

ဆာဘူးသီးဟာ ပြောင်းဖူးနဲ့ အဓိကချက်ပြုတ်တာဖြစ်တဲ့အတွက် ပြောင်းဖူးမှာပါဝင်တဲ့ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေကိုကာကွယ်ပေးတဲ့ ဓာတ်တွေကို ရရှိမှာဖြစ်တဲ့အပြင် သွေးတွင်းကိုလက်စထရောကိုကျစေတာ၊ မှတ်ညဏ်၊ အမြင်အာရုံကောင်းစေတယ်လို့လည်း သိရပါတယ်။ ဆာဘူးသီးက ဆီမပါတဲ့ ဟင်းလျာဖြစ်တာကြောင့်ဝိတ်ချနေတဲ့သူတွေအတွက် စားသုံးသင့်တဲ့အစားအစာတစ်မျိုးပါ။ ဒါ့အပြင် ဆီးချို ရောဂါသည်တွေလည်း စားသုံးနိုင်တယ်လို့ သိရပါတယ်။

Photo: Mingalapar Facebook Page

ချင်းလူမျိုးတွေအတွက် ဆာဘူးသီးရဲ့တန်ဖိုး 

မြန်မာနိုင်ငံမှာ အဓိကပင်မအစားအစာကို ထမင်းလို့ ပြောရမယ်ဆိုရင် ယခင်ချင်းလူမျိုးတွေအတွက်ကတော့ ဆာဘူးသီးဆိုတာ ထမင်းပါပဲ။ ထမင်းကို ဟင်းနဲ့ တွဲဖက်စားသုံးကြသလို ချင်းမှာလည်း ဆာဘူးသီးကို ဟင်းတွေနဲ့ တွဲဖက်စားသုံးကြတာပါ။ ဆန်စပါးရှားပါတဲ့ ချင်းတောင်တန်းမှာ ဆာဘူးသီးကို မနက်စာ၊ နေ့လယ်စာနဲ့ ညစာ အဖြစ် စားသုံးကြတာပါ။ အခုနောက်ပိုင်းတော့ မြေပြန့်ဒေသနဲ့ အဆက်အစပ်ရှိလာပြီးတဲ့နောက် ဆာဘူးသီးကိုတော့ အဆာပြေအဖြစ်သာ စားသုံးကြပါတော့တယ်။ ဒါပေမယ့် ချင်းလူမျိုးတွေအတွက်ကတော့ ဆာဘူးသီးဆိုတာ အဖိုးဖြတ်မရနိုင်ပါဘူး။ ဘယ်နေရာ၊ ဘယ်ဒေသပဲ ရောက်ရောက် ချင်းလူမျိုးတွေအတွက် ဆာဘူးသီးကို ရိုးရာအစားအသောက်ဟင်းလျာအဖြစ် အမြဲတမ်း ချက်ပြုတ်စားသောက်နေကြဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ အခုဆို ဆာဘူးသီးဟင်းလျာကို ချင်းပြည်နယ်မှာသာမကတော့ဘဲ အခြားဒေသတွေမှာလည်း ရိုးရာအစားအသောက်ဆိုင်တွေမှာ စားသုံးလို့ရနေပါပြီ။ ဒီတော့ ချင်းလူမျိုးတွေရဲ့ ဓလေ့တွေကိုသိရှိလေ့လာနိုင်ဖို့ အာဟာရညီညွှတ်ပြည့်စုံတဲ့ ဆာဘူးသီးဟင်းလျာကို မြည်းစမ်းခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။




Share

Loading Next Article...
က္က