Apple တည်ထောင်သူ စတိဗ်ဂျော့စ်နဲ့ ပတ်သက်တဲ့ အောက်မေ့ဖွယ်အသုံးအဆောင်တွေဟာ ဒေါ်လာ သိန်းချီတန်တဲ့ အမှတ်တရပစ္စည်းတွေ ဖြစ်လာပါတယ်။
၁၉၇၃ ခုနှစ် စတိဗ်ဂျော့စ် ၁၈ နှစ်သားအရွယ်က အလုပ်လျှောက်လွှာတစ်စောင်ကို အွန်လိုင်းလေလံတစ်ခုမှာ ဒေါ်လာ ၃၄၃၀၀၀ (ရူပီး ၂.၅ ကုဋေခန့်) နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်လို့ The Indian Express သတင်းက ဆိုပါတယ်။ ဒီအလုပ်လျှောက်လွှာဟာ စတိဗ်ဂျော့စ်ရဲ့ လက်ရေးနဲ့ ရေးသားထားတဲ့ အလုပ်လျှောက်ထားတာ ဖြစ်ပြီး ဂျော့စ်ရဲ့ဘဝမှာ ပထမဆုံးနဲ့ တစ်ခုတည်းသော အလုပ်လျှောက်လွှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
Photo: dnaindia
ဒီအလုပ်လျှောက်လွှာတင်ပြီး ၃ နှစ်အကြာ ၁၉၇၆ မှာ စတိဗ်ဂျော့စ်ဟာ သူ့သူငယ်ချင်း စတိဗ်ဝေါ့ဇနိနဲ့အတူ Apple ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ လျှောက်လွှာမှာ သူကိုယ်တိုင် လက်ရေးနဲ့ နာမည် ၊ လိပ်စာ ၊ ဖုန်းနံပါတ်နဲ့ ဘာသာရပ်ကို ရေးထားတာပါ။ လိပ်စာကို Reed College လို့ ပေးထားပြီး ဖုန်းနံပါတ်ကိုတော့ မရှိပါ လို့ ဖြည့်ထားတာ ဖြစ်ပါတယ်။ တချိန်မှာ ကမ္ဘာကျော် စမတ်ဖုန်းကုမ္ပဏီတည်ထောင်မယ့် ပုဂ္ဂိုလ်ကျော်ဟာ ဖုန်းနံပါတ်ပေးစရာမရှိ ဖြစ်ခဲ့ဖူးတာကလည်း အမှတ်ရစရာပါပဲ။
ဂျော့စ်ဟာ ရိဒ်ကောလိပ်က ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ အလုပ်လျှောက်လွှာတင်ပြီး နောက်တစ်နှစ် ၁၉၇၄ မှာ စတိဗစ်ဂျော့စ်ဟာ Atari မှာ ဗွီဒီယိုဂိမ်းဒီဇိုင်နာအဖြစ် အလုပ်ဝင်ခဲ့ရင်း စတိဗ်ဝေါ့ဇနိခ်နဲ့ တွေ့ခဲ့တာပါ။ ဝေါ့ဇနိခ်နဲ့သူဟာ ၁၉၇၆ မှာ Apple Computers ကုမ္ပဏီတည်ထောင်ပြီး ၁၉၇၇ မှာ ကုမ္ပဏီရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာ Apple II ကို ဖြန့်ချိနိုင်ခဲ့တာပါ။
Photo: indianexpress
ဂျော့စ်ရဲ့ အလုပ်လျှောက်လွှာကို လေလံတင်ခဲ့တာ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒီအရင်ကို သုံးကြိမ်တိုင်တိုင် လေလံတင်နိုင်ခဲ့တာပါ။ ပထမဆုံးအကြိမ် ၂၀၁၇ မှာ ဒီအလုပ်လျှောက်လွှာကို ဒေါ်လာ ၁၈၇၅၀ ၊ ဒုတိယအကြိမ် ၂၀၁၈ မှာ ၁၇၄၇၅၇ ဒေါ်လာ နဲ့ ၂၀၂၁ မတ်လထဲမှာ ဒေါ်လာ ၂၂၂၄၀၀ နဲ့ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ကြိမ်ထက်တစ်ကြိမ် ဒီအလုပ်လျှောက်လွှာရဲ့ ဈေးကလည်း ထိုးထိုးတက်သွားတာပါ။
နောက်ဆုံးအကြိမ်ဖြစ်တဲ့ ဇူလိုင်လအကုန်မှာတော့ စတိဗ်ဂျော့စ်ရဲ့ အလုပ်လျှောက်လွှာကို ဒေါ်လာ ၃၄၃၀၀၀ (မြန်မာငွေ သိန်း ၅၆၀၀ ကျော်) ဈေးနဲ့ အရောင်းအဝယ်ဖြစ်သွားပါတယ်။ ဒေါ်လာသိန်းချီတန် ဂျော့စ်ရဲ့ အလုပ်လျှောက်လွှာကို အမှတ်တရသိမ်းထားချင်ရင်တော့ အင်တာနက်မှာ အခမဲ့ Save နိုင်ပါတယ်။