အခက်အခဲများစွာနဲ့ ရင်ဆိုင်ရတဲ့ ဘဝကြီးမှာ ကောင်းကောင်းမွန်မွန်ရှင်သန်နိုင်ဖို့ဆိုတာ စိတ်ရဲ့ အရည်အသွေးက အဓိကအချက်တစ်ခုဖြစ်လာပါတယ်။ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ဖို့ ၊ စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့လိုအပ်လာပြီး ဒါဟာ ရှင်သန်မှုအတွက် အရေးပါလာပါတယ်။ ကိုယ့်ရပ်တည်ချက်၊ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်သိမြင်နိုင်ဖို့က အရေးကြီးတဲ့အပြင် စိတ်ဓာတ်ကြံ့ခိုင်မှုက ကိုယ့်ကို စွမ်းအားမြင့်တဲ့ အမျိုးသမီးအဖြစ် ပြောင်းလဲစေပြီး အောင်မြင်မှုတွေဆီ လမ်းပြနိုင်ပါတယ်။
စိတ်ဓာတ်ကြံ့ခိုင်မှုရှိတဲ့အမျိုးသမီးဖြစ်ဖို့ ကိုယ့်ကိုယ့်ကို သိရမယ့်အချက် (၅)ချက်
၁။ မိမိအားနည်းချက်ကို သိပါ
စိတ်ဓာတ်ကြံ့ခိုင်လာဖို့က ပထမဆုံးအနေနဲ့ ကိုယ့်စိတ်ရဲ့ အားနည်းချက်တွေကို ခွဲခြားသိပြီး ခွန်အားအဖြစ် ပြောင်းတတ်ဖို့လိုပါတယ်။ သူများရဲ့ နှစ်သိမ့်မှုတွေရဖို့ အားနည်းချက်ကို ထုတ်ပြစရာမလိုပါဘူး။သူများရဲ့ အဆုံးအဖြတ် ဝေဖန်မှုမဟုတ်ဘဲ မိမိကိုယ်ကို သိခြင်းက ပိုကောင်းပါတယ်။
၂။ ရှေးရိုးစွဲတွေနဲ့ စိတ်ကိုဖုံးလွှမ်းမခံပါနဲ့
အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်ရင် အားနည်းသူ ၊ သနားလွယ်သူ ၊ စိတ်ဓာတ်ပျော့သူ ဒီလိုပဲ သတ်မှတ်ခဲ့ကြပါတယ်။ ဒါတွေက အမှန်တော့ ရှေးရိုးစွဲတွေပါ။ တကယ်တော့ အမျိုးသမီးတွေက ကိုယ့်ခံစားမှုကို ကိုယ်နားလည်ကြပြီး ကိုယ့်စိတ်ကိုယ်သိပါတယ်။ ဒါဟာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုအပ်တဲ့ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်စွမ်းရှိခြင်းပါပဲ။ ဒါကို နားလည်ဖို့ လိုပါတယ်။
၃။ ကိုယ့်ဘဝကို ကိုယ်ပဲထိန်းချုပ်ပါ
Photo-copaustria.org
စိတ်ဓာတ်ကြံ့ခိုင်တဲ့အမျိုးသမီးဆိုတာ ကိုယ်ပိုင်သဘောထား ၊ ကိုယ်ပိုင်ထင်မြင်ချက်ရှိပြီး သူများရဲ့ လွှမ်းမိုးမှုမခံတဲ့ အမျိုးသမီးပါပဲ။အမြဲ လွတ်လပ်ပြီး ကိုယ့်အတွက်ကိုယ် စိတ်အားထက်သန်မှုရှိနေရပါမယ်။ တခြားသူတွေက ကိုယ့်ကိုကိုယ်စားပြုဖို့ မလိုပါဘူ။ ကိုယ်ပိုင်သတ်မှတ်ချက်တွေ သတ်မှတ်ပြီးလိုချင်တဲ့ ဆန္ဒတွေဖြစ်လာဖို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကိုလည်း အမြဲအကောင်းမြင်ပြီး လက်ခံပါ။
၄။ ငါအကောင်းဆုံးလုပ်မယ်လို့ပဲ တွေးပါ
Photo- life885.com
ဘယ်လောက်ကြီးမားတဲ့ အတားအဆီး၊ အခက်အခဲဖြစ်ပါစေ ကိုယ့်ကိုယ့်ကိုယ် အကောင်းဆုံးလုပ်မယ်လို့ပဲ တွေးပါ။ မကြောက်ရွံ့ပါနဲ့ ။ စိတ်ဓာတ်ခွန်အားရှိဖို့နဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိတဲ့အမျိုးသမီးဆိုတာ ကိုယ်လုပ်နိုင်တဲ့အရာတွေကို အမြဲအကောင်းမြင်ပါတယ်။
၅။ ခံစားရတဲ့အခါလည်း ငိုပစ်ပါ
Photo-herviewfromhome.com
ကိုယ်က စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးဖြစ်နေတယ်ဆိုရင်တောင် နာကျင်စရာတွေက ရှိနေဦးမှာပါပဲ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေလည်း ငိုပါတယ်။ ဒါကို မငိုကြွေးဘဲ စိတ်တင်းထားတာမျိုးမလုပ်ပါနဲ့ ငိုချလိုက်ပါ။ ကိုယ့်စိတ်က ဘာကိုခံစားလဲ ၊ ဘာကိုလိုချင်တာလဲဆိုတာ ပိုမှတ်မိဖို့ ၊ ခံနိုင်ရည်ရှိဖို့ဆိုတာ ကိုယ်တိုင်လေ့ကျင့်ရတာမျိုးပါ။
ကမ္ဘာကျော် အမျိုးသမီးတို့ရဲ့ အတွေးအမြင်များ
ကမ္ဘာကျော်သည်ဖြစ်စေ၊ သာမန်လူဖြစ်စေ အမျိုးသမီးတိုင်းမှာ ခွဲခြားဆက်ဆံခံရတာတွေ၊ အခက်အခဲတွေ၊ စိတ်ဒဏ်ရာတွေက ကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့ အကျော်ဇေယျအမျိုးသမီးတွေက အတားအဆီးတွေ၊ အားနည်းချက်တွေကို အောင်မြင်မှုရဲ့လှေခါးထစ်တွေအဖြစ် အသုံးချခဲ့ကြတာပါ။
သူတို့ရဲ့စကားသံတွေကနေ သူတို့ရဲ့ ခံယူချက်တွေကို လေ့လာကြည့်ရအောင်။
“ဘုရင်မလိုတွေးပါ။ ဘုရင်မတွေက ကျရှုံးမှာကို မကြောက်ရွံ့ပါဘူး။ ရှုံးနိမ့်မှုဆိုတာ ဂုဏ်သတင်းကြီးဖို့အတွက် နောက်ထပ် လှေခါးထစ်တစ်ခုပဲ” - အော်ပရာဝင်းဖရေး (Oprah Winfrey)
“ဘဝမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလောက် အစစ်အမှန်လုံခြုံမှုရှိတဲ့အရာ မရှိပါဘူး” - မက်ဒေါနား (Madonna)
“အခုကြည့်နေတဲ့ မိန်းကလေးအားလုံးကို ပြောပါရစေ။ ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့အင်အားတွေကို ဘယ်တော့မှ သံသယမဖြစ်ပါနဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ အားလုံးနဲ့ ကိုယ်နဲ့ ထိုက်တန်မှုရှိပါ့မလား ဘယ်တော့မှ သံသယမရှိပါနဲ့” - ဟီလာရီကလင်တန် (Hillary Clinton)
“ကျွန်မရဲ့အသံကို မြှင့်လိုက်တယ်။ ကျွန်မ အော်နိုင်လို့မဟုတ်ဘူး။ အဲလိုပြောမှ ပြောခွင့်မသာတဲ့သူတွေရဲ့အသံကို ကြားနိုင်မှာမို့ပါ” - မာလာလာ (Malala Yousafzai)
“တစ်ခုခုကို ပြောချင်တာဆိုရင် ယောက်ျားတစ်ယောက်ကို မေးပါ။ တစ်ခုခုကို ပြီးမြောက်အောင် လုပ်ချင်တာဆိုရင် အမျိုးသမီးတစ်ယောက်ကို မေးပါ” - မာဂရက်သက်ချာ (Margaret Thatcher)
ကမ္ဘာမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့အပြင် တချို့အရာတွေမှာ စွမ်းဆောင်ရည်ပိုရှိတယ်ဆိုတာ အမျိုးသမီးတွေ သက်သေပြနိုင်ပြီးသားပါ။ ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက် အားငယ်မနေဘဲ ခွန်အားအပြည့်နဲ့ ကျော်ဖြတ်ကြပါစို့။
Ref: proflowers, tynesidercc, hacksprits