သင်္ကြန်ထမင်းက အခြားလူမျိုးတွေအတွက် သိပ်မစိမ်းတော့ဘဲ ပုံမှန်စားသောက်ကြတဲ့အစားအစာတစ်ခုလိုဖြစ်လာပါတယ်။

သင်္ကြန်ထမင်းနဲ့ မွန်လူမျိုးဆိုတာ ဘယ်တော့မှ ခွဲခြားလို့မရတဲ့အရာတစ်ခုပါပဲ။

Photo: Komix Teahouse

မြန်မာတို့ရဲ့ နှစ်သစ်ကူးအခါသမယသင်္ကြန်ကာလရောက်ပြီဆိုရင် ရိုးရာအစားအသောက် သင်္ကြန်ထမင်းနဲ့ ကျွေးမွေးဧည့်ခံကြတာက မွန်လူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုလို့ ဆိုရမှာပါ။ သင်္ကြန်ကာလ မွန်ပြည်နယ်အတွင်းက ရေကစားမဏ္ဍပ်တွေမှာဆိုရင်လည်း သင်္ကြန်ထမင်းကို စတုဒီသာ ကျွေးမွေးလေ့ရှိတာက ဒီနေ့ခေတ်တိုင်အောင် အစဉ်အလာတစ်ခုသဖွယ် ရှိနေဆဲပဲဖြစ်ပါတယ်။ မွန်လူမျိုးတွေအတွက် သင်္ကြန်ထမင်းကို ချက်ပြုတ်စားသောက်ကြတာ သင်္ကြန်ပွဲတော်တစ်ခုတည်းသာမကပါဘူး။ အလှူတိုင်းလိုလို မှာဖြစ်စေ၊ အိမ်မှာ မိသားစုနဲ့ပဲ ဖြစ်စေ သင်္ကြန်ထမင်းကို အမြဲချက်ပြုတ်စားသုံးလေ့ရှိကြပါတယ်။ သင်္ကြန်ထမင်းဆိုတာ မွန်တိုင်းရင်းသား လူကြီး လူငယ် ကလေး အရွယ်သုံးပါးလုံး ကြိုက်နှစ်သက်တဲ့ အစားအစာတစ်ခုလို့ ပြောမယ်ဆိုရလည်း မှားမယ်မထင်ပါဘူး။

Photo: Myanmar Travel

သင်္ကြန်ထမင်းဆိုတာ ဘယ်လိုပုံစံလဲ

သင်္ကြန်ထမင်းလို့ ပြောလိုက်ရင် ထမင်းကို ရေထည့်ပြီးတော့ ငါးခြောက်ကြော်နဲ့တွဲစားတယ်လို့ မြင်မိမှာပါ။ ပုံမှန်အားဖြင့် ထမင်းနဲ့ ရေ၊ ငါးခြောက်ကြော်နဲ့ စားတယ်လို့ ထင်ရပေမယ့် သင်္ကြန်ထမင်းနဲ့ တွဲစားရတဲ့ ရေက ရိုးရိုးရေမဟုတ်ပါဘူး။ သင်္ကြန်ထမင်းအတွက် သီးသန့်ပြုလုပ်ရတဲ့ ဖယောင်းသင်းရေလို့ ခေါ်ပါတယ်။ ဖယောင်းသင်းရေက သင်္ကြန်ထမင်းရဲ့ အဓိက အနံ့အရသာဖြစ်ပြီးတော့ ဖယောင်းသင်းရေသာမပါရင် သင်္ကြန်ထမင်း စစ်စစ်လို့ မခေါ်နိုင်ပါဘူး။ သင်္ကြန်ထမင်းလို့ ဆိုလိုက်ရင်လည်း ပုံမှန်ချက်နေကျ ထမင်းတွေနဲ့ မတူသလို ငါးခြောက်ကြော်လို့ ပြောလိုက်ရင်လည်း ပုံမှန်ငါးခြောက်ကြော်တွေလိုမဟုတ်ဘဲ သင်္ကြန်ထမင်းအတွက် ကြော်နည်း သီးသန့်ရှိပါတယ်။

Photo: DoeMal

မွန်ရိုးရာ သင်္ကြန်ထမင်းချက်နည်း

သင်္ကြန်ထမင်း ဖြစ်လာဖို့ ဆန်ကိုရေများများနဲ့ ထမင်းစေ့ကွဲသွားတဲ့အထိ နူးနေအောင်ချက်ပြုတ်ရပါမယ်။ နူးအိပြီးစေးနေတဲ့ ထမင်းတွေကို ရေသန့်အေးအေးနဲ့ ထပ်ခါထပ်ခါလောင်းချပြီး ထမင်းကို စေးကပ်မနေဘဲ ဖွယ်ဖွယ်လေးဖြစ်လာအောင် လုပ်ပါ။ (ထမင်းက ဆန်ပြုတ်လိုလဲ မဖြစ်ရသလို ပုံမှန်စားနေကြထမင်းထက်ကိုလည်း အနည်းငယ်ပျော့နေဖို့ လိုပါတယ်) ။ ထမင်းကို ရေသန့်နဲ့ထပ်ခါထပ်ခါဆေးပြီးပြီဆိုရင် ဇကာနဲ့စစ်ပါ။ အဲဒီနောက် ထမင်းကို ရေခဲသေတ္တာထဲမှာ ရေအေးငွေ့ပေးထားနိုင်သလို ရေခဲပုံးထဲမှာ ရေခဲတုံးတွေထည့်ပြီး ထားနိုင်ပါတယ်။ ဒါမှသာ သင်္ကြန်ထမင်းစားသုံးတဲ့ အရသာအေးအေးလေးကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

Photo: Ko Mhan's Kitchen

သင်္ကြန်ထမင်းစစ်စစ်ဖြစ်ဖို့ မရှိမဖြစ် ဖယောင်းရေ 

သင်္ကြန်ထမင်းစားတဲ့အခါမှာ အဓိကကတော့ ထမင်းကို ရေထည့်ပြီးစားသုံးကြတာပါ။ ရေထည့်ပြီးစားကြတဲ့အခါမှာ မွန်လူမျိုးတွေဟာ အနံ့သင်းသင်းလေးခံစားရအောင် ဖယောင်းရေပြုလုပ်ကြပါတယ်။ ဒါကြောင့် တကယ့်သင်္ကြန်ထမင်းစစ်စစ်ဆိုရင် ဖယောင်းရေက မရှိမဖြစ်လိုအပ်ပါတယ်။ ဖယောင်းရေဖြစ်လာဖို့ အရင်ဆုံး ဖယောင်းတိုင်က ဖယောင်းဖတ်တွေကို ဓါးလေးနဲ့ ပါးပါးလေးခြစ်ပါ။ ပါးပါးခြစ်ထားတဲ့ ဖယောင်းဖတ်တွေကို ပန်းကန်ပြားတစ်ခုပေါ်မှာ ထည့်ထားတဲ့ မီးသွေးခဲနဲ့ အပူပေးပါ။ အပူပေးတဲ့အခါ ဖယောင်းဖတ်တွေ အရည်ပျော်ပြီး အငွေ့တွေ တလှိုင်လှိုင်တက်လာပါမယ်။ အဲဒီအခါမှာ အိုးတစ်လုံးကိုယူပြီး ပန်းကန်ပြားပေါ်ကို အုပ်ကာ ဖယောင်းငွေ့တွေ စုယူရပါတယ်။ ဖယောင်းငွေ့တွေရပြီဆိုပါက အိုးကို ပြန်လှန်ပြီး အဝတ်ပါးပါးလေးနဲ့ လုံအောင်အုပ်ပါ။ အဲဒီနောက် ရေသန့်သန့်ကို အဝတ်ပါးပါးအုပ်ထားတဲ့အိုးထဲကို လောင်းချပါ။ ပြီးရင် အဖုံးအုပ်ပါ။ ဖယောင်းနံလေးသင်းနဲ့တဲ့ ဖယောင်းသင်းရေလေးကို ရရှိမှာဖြစ်ပါတယ်။ ဖယောင်းသင်းရေနဲ့ စားသုံးရတာကို တစ်ချို့ကတော့ မကြိုက်နှစ်သက်ပါဘူး။ ဒါကြောင့် အခုခေတ်နောက်ပိုင်းမှာတော့ ဖယောင်းသင်းရေနဲ့ မစားတော့ဘဲ ရိုးရိုးရေ (သို့မဟုတ်) ရေခဲရေနဲ့သာစားသုံးကြတာများပါတယ်။

Photo: Ko Mhan's Kitchen

သင်္ကြန်ထမင်းနဲ့တွဲဖက်စားသုံးရမယ့် သင်္ကြန်ကြော်

သင်္ကြန်ထမင်းပြုလုပ်ပြီးပြီဆိုရင် သင်္ကြန်ထမင်းနဲ့ တွဲဖက်စားသုံးဖို့ ချက်ပြုတ်ရတာကတော့ သင်္ကြန်ကြော်ပဲ ဖြစ်ပါတယ်။ သင်္ကြန်ကြော်ဆိုတာကတော့ ငါးခြောက်ထောင်းကြော်အမျိုးအစားပါပဲ။ သင်္ကြန်ကြော်ကြော်ဖို့ အရိုးနည်းတဲ့ ငါးခြောက်တစ်မျိုးမျိုး၊ ပုဇွန်ခြောက်၊ သရက်သီးအစိမ်း (သို့) မရမ်းသီးစိမ်းအဓိက လိုအပ်ပါတယ်။သင်္ကြန်ကြော်အတွက် အများဆုံးအသုံးပြုကြတဲ့ ငါးခြောက်ကတော့ ငါးကွမ်းရှပ်(သို့မဟုတ်) ငါးပြားခြောက် ဖြစ်ပါတယ်။ အဆိုပါ ငါးခြောက်ကို နူးလာတဲ့အထိပြုတ်ပါ။ နူးလာပြီဆိုရင် အရိုးတွေအားလုံးကို ဖယ်ပြီး အသားတွေကို နွှင်ပါ။ နွှင်ထားတဲ့ငါးခြောက်သားတွေနဲ့ ပုဇွန်ခြောက်ကို ရောကာ ကြေညက်ပြီး မွမွလေးဖြစ်လာတဲ့အထိ ဆုံထဲသို့ ထည့်ထောင်းပါ။ သရက်သီးစိမ်း(သို့)မရမ်းသီးစိမ်းကို အခွံနွှာပြီး အမျှင်လေးတွေဖြစ်လာအောင် လှီးခြစ်ပါ။ ကြက်သွန်နီကို အစိတ်လေးတွေဖြစ်အောင် လှီးထားပါ။ အဲဒီနောက် ဒယ်အိုးထဲ ဆီ၊ နနွင်းအနည်းငယ်ထည့်ပါ။ ဆီပူလာရင် လှီးထားတဲ့ကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပါ။ ငပိစိမ်းစားအနည်းငယ်ထည့်ပါ။ ပြီးရင် ခြစ်ထားတဲ့ သရက်သီး(သို့) မရမ်းသီးကို ရေစင်အောင်ညှစ်ပြီးတော့ ဒယ်အိုးထဲထည့်ပြီး လှိမ့်ကြော်ရပါတယ်။ အဲဒီနောက် ထောင်းထားတဲ့ငါးခြောက်၊ပုဇွန်ခြောက်တို့ကို ထည့်ပြီး ကြော်ရပါမယ်။ ကြော်နေစဉ်အတွင်းမှာ ဆား၊ ဟင်းခတ်မှုန့်ကို မိမိလိုအပ်သလို ထည့်နိုင်ပါတယ်။ လိုသလို အနေအထားရပြီဆိုရင်တော့ ငါးခြောက်ထောင်းကြော် ဝါဝါလေးကို ရရှိမှာဖြစ်ပါတယ်။ ငါးခြောက်ထောင်းကြော်နဲ့ တွဲဖက်စားသုံးဖို့ ငရုပ်သီးခြောက်ကိုအတောင့်လိုက် ကြွပ်ကြပ်လေးကြော်ထားဖို့ လည်းလိုအပ်ပါတယ်။ ဒါဆိုရင်တော့ သင်္ကြန်ထမင်းကို ဖယောင်းသင်းရေ (သို့မဟုတ်) ရေအေးအေးလေးထည့်ပြီး သင်္ကြန်ကြော်၊ ငရုတ်သီးအတောင့်ကြော်တို့နဲ့ အရသာရှိရှိ တွဲဖက်စားသုံးလို့ ရနိုင်ပါပြီ။ သင်္ကြန်ထမင်းဆိုတာ အောက်ပြည်အောက်ရွာ မွန်ပြည်နယ်ဘက်မှာ ပုံမှန်စားစရာတစ်ခုလိုဖြစ်နေပေမယ့် တစ်ခြားဒေသက လူတွေအတွက်တော့ အထူးအဆန်းဖြစ်နေတတ်ပါတယ်။ ယခင်တုန်းကတော့ သင်္ကြန်ထမင်းလို့ပြောလိုက်ရင် ရေနဲ့စားရတာလို့ ထင်ကြပြီး အခြားဒေသက လူတွေအတွက် အကျွမ်းတဝင်မရှိကြတဲ့အတွက် အများစုက သိပ်မကြိုက်ကြပါဘူး။ 

ရာသီဥတုဒဏ်ကို အံတုမယ့်သင်္ကြန်ထမင်း

သင်္ကြန်ထမင်းကို အဓိကအနေနဲ့ ပူပြင်းတဲ့နွေရာသီ တန်ခူးကာလမှာ အပူဒဏ်ကို အံတုနိုင်ဖို့ ရင်အေးအေးလေးဖြစ်အောင် ချက်ပြုတ်စားသောက်ကြပါတယ်။ ရာသီဥတူပူပူလောင်လောင်အချိန်မှာ သင်္ကြန်ထမင်းစားလိုက်ရင် ရင်ထဲကို အေးမြစေပြီး အစာကြေလည်းလွယ်ပါတယ်။ ဒါကြောင့် သင်္ကြန်ထမင်းက ကျန်းမာရေးအတွက်လည်း ကောင်းမွန်သလို အရသာလည်း အင်မတန်ရှိလှတဲ့ ရာသီစာလေးလည်းဖြစ်ပါတယ်။ ယခင်ကတော့ အထက်မြန်မာပြည်က လူတွေက သင်္ကြန်ထမင်းကိုသိပ်မကြိုက်ပေမယ့် နောက်ပိုင်းမှာတော့ မွန်ပြည်နယ်မှာသာမကဘဲ မွန်တိုင်းရင်းသားရိုးရာအစားအစာဆိုင်တွေဖွင့်လှစ်ရောင်းချလာတာဖြစ်တဲ့အတွက် သင်္ကြန်ထမင်းက အခြားလူမျိုးတွေအတွက် သိပ်မစိမ်းတော့ဘဲ ပုံမှန်စားသောက်ကြတဲ့အစားအစာတစ်ခုလိုဖြစ်လာပါတယ်။ ဒါကြောင့် အရသာလည်းရှိသလို ရင်လည်းအေးစေပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ သင်္ကြန်ထမင်းကို မစားဖူးသေးရင် တစ်ခါလောက် မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Share

Loading Next Article...
က္က