လာမယ့် ဆောင်းတွင်းမှာ မိတ်ဆက်သွားမယ့် Pixel ဖုန်းသစ်တွေရဲ့ တရားဝင် ဒီဇိုင်းတွေ နဲ့ Specs တချို့အကြောင်း Google က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Google Pixel ဖုန်းသစ်တွေထဲမှာ ပိုပြီး ပရီမီယံကျတဲ့ မော်ဒယ်ကို အရင်လို XL နာမည်မသုံးတော့ဘဲ Pro အဖြစ် ပထမဆုံးအကြိမ် စပြီး သုံးလာတော့မှာပါ။ အရောင်ကိုလည်း ပိုပြီး စုံစုံလင်လင် ဆန်းဆန်းပြားပြား ဖြစ်အောင် ထုတ်သွားမယ်လို့ Official Render ပုံတွေက ဖော်ပြနေပါတယ်။ ကင်မရာအိမ်တွေဟာ Pixel 6 စီးရီးရဲ့ ထူးခြားချက်ဖြစ်ပြီး အလျားလိုက် ဘောင်ပြည့်ကင်မရာ Bump နဲ့ အဲ့ဒီကင်မရာအိမ်အပေါ်က Colorways တွေက တခြားဖုန်းတွေနဲ့ မတူတဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်လာမှာပါ။
Photo: GSMArena
Pixel 6 ဟာ matte အလူမီနီယံသားနဲ့ လာပြီး Pixel 6 Pro ဟာ ချောမွေ့အောင် ဖန်တီးထားတဲ့ အလူမီနီယံဘောင်သုံးထားဖို့ ရှိပါတယ်။ ကျောဘက်မှာတော့ မှန်သား သုံးသွားဖို့ ရှိပါတယ်။ နောက်ထပ်ထူးခြားချက်က Google Tensor လို့ ခေါ်တဲ့ ကိုယ်ပိုင် processor သစ် သုံးလာမယ်ဆိုတဲ့ အချက်ပါပဲ။ Google Tensor ဟာ Pixel 6 စီးရီးအတွက် အထူးထုတ်ထားတဲ့ mobile CPU သစ် ဖြစ်ပြီး ဒီ နည်းပညာကို ပြီးခဲ့တဲ့ ၄ နှစ်လောက်ကတည်းက စတင် ဖန်တီးလာတာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ CEO ဆွန်ဒါပီချိုင်းက ဆိုပါတယ်။
Tensor chip ဟာ AI နဲ့ machine learning ပိုင်းအတွက် အထူးထုတ်လုပ်ထားတဲ့ chip ဖြစ်ပြီး ဖုန်းကင်မရာစနစ်အတွက်ပါ စမတ် features တွေ ပါမှာ ဖြစ်ပါတယ်။ ကင်မရာအနေနဲ့ Pixel 6 ဖုန်းသစ်နှစ်လုံးမှာ wide နဲ့ ultrawide ကင်မရာစနစ်တွေ ပါပြီး Pixel 6 Pro မှာဆို 4x telephoto တစ်လုံးပါ ပါဦးမယ်လို့ ဆိုပါတယ်။ ကင်မရာ specs တွေတော့ မသိရသေးပါဘူး။
display ပိုင်း အဆင့်မြှင့်တင်မှုအနေနဲ့ Pixel 6 ဟာ 90Hz flat panel နဲ့ Pixel 6 Pro ဟာ 120Hz curved display သုံးသွားမှာပါ။ ဖုန်းနှစ်မျိုးစလုံးဟာ အပေါ်ဘက် အလယ်ထိပ်နားမှာ punch hole selfie ကင်မရာနဲ့ လာမှာ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ နောက်ဆုံးထွက် Android 12 စနစ်နဲ့ လာပြီး လာမယ့် အောက်တိုဘာလောက်မှာ တရားဝင်မိတ်ဆက်သွားဖို့ ရှိပါတယ်။