YouTube ဆိုတာ ကမ္ဘာတစ်လွှားမှာ လူသုံးအများဆုံး ဖျော်ဖြေရေးအရင်းအမြစ်ကြီးတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ YouTube ပေါ်မှာ ဗဟုသုတရစရာ ၊ ပညာရပ်ဆိုင်ရာနဲ့ ဖျော်ဖြေရေးဆိုင်ရာ Video Contents တွေ သန်းနဲ့ချီရှိပါတယ်။ ဒါကြောင့်ပဲ YouTube မှာ တစ်လတစ်လ ဝင်ကြည့်သူ သန်းထောင်နဲ့ချီ ရှိနေတာပါ။
တစ်ဖက်မှာလည်း YouTube သုံးတာကို ကန့်သတ်ပိတ်ပင်မှုလုပ်ထားတဲ့နိုင်ငံတွေလည်း အတော်များများရှိပါတယ်။ တချို့နိုင်ငံတွေက YouTube ကို ယာယီကန့်သတ်ထားတာ ဖြစ်ပေမယ့် တချို့နိုင်ငံတွေကတော့ ပြန်ဖွင့်မပေးတော့ဘူး ထင်ရလောက်အောင် နှစ်ပေါင်းများစွာ ပိတ်ထားတာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတွေထဲကမှ YouTube သုံးစွဲမှု ပိတ်ပင်ထားတဲ့ နိုင်ငံ ၅ ခု အကြောင်း ဖော်ပြလိုက်ပါတယ်။
(၁) တရုတ်
Photo: Unsplash
တရုတ်ဟာ ကမ္ဘာပေါ်မှာ နည်းပညာအထွန်းကားဆုံးနိုင်ငံတစ်ခုဖြစ်ပေမယ့် နိုင်ငံသားတွေရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကိုတော့ အတော်လေးကန့်သတ်ထားတဲ့ နိုင်ငံထဲမှာ ပါပါတယ်။ တရုတ်မှာ YouTube ကို ပထမဆုံး စပိတ်ပင်တာက ၂၀၀၇ အောက်တိုဘာလက ဖြစ်ပြီး ၅ လကြာ ပိတ်ပင်ခဲ့တာပါ။ အဲ့ဒီနောက် ၂၀၀၉ မတ်လအထိ YouTube သုံးခွင့် ပြန်ပေးခဲ့ပေမယ့် အဲ့ဒါ နောက်ဆုံးအကြိမ်လို့ ဆိုရမှာပါ။
၂၀၀၉ ကနေ ဒီနေ့အထိ တရုတ်မှာ YouTube သုံးမှုကို ပိတ်ထားဆဲ ဖြစ်ပါတယ်။ အခုလို ပိတ်ထားရတဲ့အကြောင်းတွေထဲမှာ လူတွေ ထင်ကြေးအများဆုံးပေးကြတာကတော့ တရုတ်မှာ ရှိတဲ့ ဆာဗာတွေရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီလို့ ဆိုတဲ့အချက်နဲ့ တရုတ်နိုင်ငံအတွင်း ဆင်ဆာတည်းဖြတ်မှုကို လက်မခံတာကြောင့်လို့ ဆိုပါတယ်။ YouTube ပိတ်ထားတဲ့ တရုတ်နိုင်ငံမှာ YouTube နဲ့ ဆင်တဲ့ Youko ဆိုတဲ့ တရုတ်နိုင်ငံသားပိုင် Video Streaming ပလက်ဖောင်းတစ်ခု ရှိပါတယ်။
တရုတ်မှာ YouTube သုံးလို့ရတဲ့ နေရာတချို့ မရှိဘူး မဟုတ် ရှိပါတယ်။ အဲ့ဒီနေရာတွေထဲမှာ ဟောင်ကောင် ၊ မကာအို ၊ ရှန်ဟိုင်း Free Trade Zone နဲ့ သီးသန့်ဟိုတယ်တွေမှာ ဖြစ်ပါတယ်။ YouTube သုံးမယ်ဆိုရင်တော့ VPN ခံပြီးမှ သုံးရမှာပါ။
(၂) မြောက်ကိုရီးယား
Photo: Unsplash
ကမ္ဘာပေါ်က အထီးကျန်ဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားမှာ ၂၀၁၆ ခုနှစ် ဇွန်လကစပြီး Facebook ၊ Twitter ၊ YouTube နဲ့ တောင်ကိုရီးယားဝက်ဘ်ဆိုက်တွေ ဝင်ကြည့်မရအောင် ပိတ်ပင်ထားခဲ့တာပါ။မြောက်ကိုရီးယားအစိုးရဟာ အင်တာနက်သုံးစွဲမှုနဲ့ သတင်းအချက်အလက် ရယူမှုကို ဆိုးဆိုးဝါးဝါး ကန့်သတ်ထားတာဖြစ်လို့ မြောက်ကိုရီးယားမှာ YouTube သုံးမရတာ အဆန်းတော့ မဟုတ်ပါဘူး။
အစိုးရရဲ့ တရားဝင်ခွင့်ပြုချက် ရထားတဲ့လူတချို့လောက်ပဲ အွန်လိုင်းသုံးနိုင်တာပါ။ မြောက်ကိုရီးယားနိုင်ငံသားတွေဟာ အင်တာနက် ပိတ်ခံထားရတာ ဖြစ်လို့ YouTube မသုံးရေး ပိတ်ပင်မှုဟာ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပုံ ရပါတယ်။ အင်တာနက်အစား မြောက်ကိုရီးယားမှာ Kwangmyong လို့ ခေါ်တဲ့ ဆင်ဆာတည်းဖြတ်ထားတဲ့ အကြောင်းအရာတွေပဲ ကြည့်နိုင်မယ့် နိုင်ငံတွင်းသုံး Intranet တစ်ခုပဲ သုံးခွင့်ပေးထားတာပါ။
(၃) အီရန်
Photo: Unsplash
အီရန်နိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ YouTube နဲ့ တခြား Google products တွေ သုံးခွင့်မရအောင် ပိတ်ချခဲ့ပါတယ်။ ပလက်ဖောင်းပေါ် တင်ခဲ့တဲ့ တမန်တော်မိုဟာမက်ကို လှောင်ပြောင်ထားတဲ့ Innocence of Muslims ရုပ်ရှင်နမူနာကြောင့် အခုလို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ အီရန်ဟာ ဒီအရင် ၂၀၀၆ နဲ့ ၂၀၀၉ မှာလည်း YouTube ကို နှစ်ကြိမ် ပိတ်ခဲ့ဖူးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၆ မှာ YouTube ယာယီပြန်ဖွင့်ပေးတာ ကြုံခဲ့တယ်လို့လည်း ဆိုပါတယ်။
(၄) ဆူဒန်
Photo: Unsplash
ဆူဒန်ကလည်း အီရန်လိုပါပဲ။ အစ္စလာမ်ဘာသာကို အဓိကကိုးကွယ်တဲ့ ဆူဒန်မှာ YouTube ဟာ Innocence of Muslims ရုပ်ရှင်နမူနာ တင်ခဲ့တာကြောင့် ၂၀၁၂ ခုနှစ်က စပြီး အပိတ်ခံခဲ့ရတာပါ။ Reuters သတင်းအရ ဆူဒန်အာဏာပိုင်တွေဟာ ပဋိပက္ခဆောင်တဲ့ ဒီရုပ်ရှင်ကို ပိတ်ပင်ဖို့ YouTube ကို တောင်းဆိုခဲ့ပေမယ့် လျစ်လျူရှုခဲ့တာကြောင့် အခုလို Ban ခဲ့တာလို့ ဆိုပါတယ်။
(၅) တာ့ခ်မန်နီစတန်
Photo: canadaflagshop
တာ့ခ်မန်နီစတန်နိုင်ငံပိုင် Internet Service Provider ဟာ ၂၀၀၉ မှာ YouTube ကို ပိတ်ပင်ခဲ့ပါတယ်။ တာ့ခ်မန်အစိုးရမကြိုက်တဲ့ ဝက်ဘ်ဆိုက်တွေ ဖယ်ရှားရာမှာ YouTube လည်း ပါသွားခဲ့တာ ဖြစ်ပါတယ်။ တာ့ခ်မန်နီစတန်မှာ မီဒီယာဆင်ဆာဖြတ်မှု တင်းကြပ်ထားတာကြောင့် နိုင်ငံသားအနည်းငယ်လောက်ပဲ အင်တာနက်ကဖေးတွေမှာ ကိုယ့် IDs ပြပြီး အင်တာနက်သုံးရတယ်လို့လည်း ဆိုပါတယ်။
YouTube ကို အခုလို ban ထားတဲ့ နိုင်ငံတွေအပြင် သုံးစွဲခွင့် ယာယီကန့်သတ်ခဲ့တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဒီထဲမှာ UAE နိုင်ငံ ၊ လစ်ဗျား ၊ ဘင်္ဂလားဒေ့ချ် တို့လည်း ပါဝင်ပါတယ်။
Share