ကောလိပ်မတက်တော့တဲ့ Miner တစ်ယောက်

အသက် ၁၇ နှစ်မှာ Bitcoin ထုတ်တဲ့ Mining Farm တစ်ခု တည်ထောင်ရာမှာ ပါခဲ့တဲ့ နစ်ဆီးယားစ်ဟာ အချိန်ပြည့် Bitcoin miner တစ်ယောက်အနေနဲ့ အသက်မွေးရင်း တစ်နှစ်ကို ဒေါ်လာ ၅၄၀၀၀ (မြန်မာငွေ သိန်း ၉၀၀ နီးပါး) ဝင်ငွေရနေပြီလို့ ဆိုပါတယ်။


နစ်ဆီးယားစ် (သို့) ကောလိပ်မသွားတော့တဲ့ လူငယ်လေး


SCATE Ventures mining farm မှ ဆီးယားစ်ရဲ့ အိပ်ခန်း (Photo: CNBC)




               နစ်ခ်ဆီးယားစ်ဟာ အမေရိကန်ရဲ့ ရွှေထွက်တဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ ဝါရှင်တန်ပြည်နယ် ဒဲလက်စပေါ့မှာ ရှိတဲ့ Bitcoin Mining Farm တည်ထောင်ရာမှာ ပါခဲ့တဲ့ လူငယ်တစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးနောက် ပထမဆုံးအကြိမ် Bitcoin တရားဝယ် ဝယ်ခွင့်ရထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၉ နှစ်အရွယ် ဆီးယားစ်ဟာ အခုချိန်မှာ ကောလိပ်လည်း ဆက်မတက်တော့ဘဲ Bitcoin ထုတ်တဲ့ ASIC ဆားကစ်ပေါင်း ၄၅၀၀ တပ်ဆင်ထားတဲ့ SCATE Ventures ပိုင် ဒေတာစင်တာထဲက အခန်းလေးထဲမှာ နေရင်းနဲ့ အချိန်ပြည့် Bitcoin miner လုပ်နေတာပါ။

               "ကျွန်‌တော့အခန်းက အသံလုံပါတယ်" လို့ ဆီးယားစ်က ဆိုပါတယ်။ "အခန်းပိတ်ထားလိုက်ရင် စက်တွေရဲ့ အသံ မကြားရတော့ဘူး ဆိုပေမယ့်လည်း တံခါးဖွင့်လိုက်တာနဲ့ ဆူညံနေတာပါပဲ"

               Cryptocurrency တစ်မျိုးဖြစ်တဲ့ Bitcoin ထုတ်တဲ့စက်တွေကနေ ၈၀ ဒက်စီဘယ်ရှိတဲ့ ဆူညံသံကို ထုတ်ပေမယ့် ဆီးယားစ်ကတော့ အဲ့ဒီစက်တွေနားက အခန်းမှာပဲ နေတာပါပဲ။ သူ့မိဘတွေရဲ့ အိမ်ရှိတဲ့ ဝှိုက်ဆယ်လ်မွန်နဲ့ဆို ယာဉ်ကြောမကျပ်အောင် နာရီဝက်လောက် ကားစောစောစီးလာရတဲ့ နေရာမှာ ရှိတာပါ။ ဆီးယားစ်ဟာ ပြီးခဲ့တဲ့နှစ်နှစ်လောက်က စပြီး နေ့စဉ်နေ့တိုင်း Bitcoin Mining စက်တွေရဲ့ အလုပ်လုပ်ပုံတွေ ၊ ပြုပြင်နည်းတွေ လေ့လာသင်ယူနေတာပါ။

               ဒီလို လေ့လာတာကပဲ တက္ကသိုလ်မှာ ဘွဲ့တစ်ခုခု ရဖို့ သင်နေတာထက် ပိုပြီး တန်တယ်လို့ ခံယူထားသူလည်း ဖြစ်ပါတယ်။ "ကောလိပ်တက်ဖို့ ကိစ္စကဖြင့် ကျွန်တော် စဉ်းတောင်မစဉ်းစားပါဘူး။ ကောလိပ်တက်ဖို့ထက် Miners (Bitcoin တူးစက်တွေ) ပြုပြင်ရေးဘက်မှာ ဗဟုသုတသစ်တွေ ရဖို့ ရှာဖွေရတာကိုပဲ ပိုသဘောကျတယ် " လို့ ဆီးယားစ်က ဆိုပါတယ်။


Mining လောက တစ်စွန်းတစ်စ


Photo; corporatefinanceinstitute


               Bitcoin Mining လုပ်တယ်ဆိုတာ တောတောင်ကျောက်‌ဆောင်တွေကို ဒိုင်းနမိုက်နဲ့ခွဲပြီး ရွှေငွေရတနာသတ္ထုတွေ ထုတ်တာမျိုးကို ပြောတာမဟုတ်ပါဘူး။ တကယ်တော့ Bitcoin ဆိုတာ မျက်စိနဲ့ မြင်နိုင် ၊ လက်နဲ့ ကိုင်တွယ်ပြနိုင်တဲ့ ရတနာပစ္စည်းမျိုးလည်း မဟုတ်ပါဘူး။ Bitcoin ၊ Ethereum ၊ Tether ၊ Litecoin ၊ NEO ၊ Stellar စသည်ဖြင့် Cryptocurrency အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒီဂျစ်တယ်ငွေကြေးစနစ်ဖြစ်ပြီး များသောအားဖြင့် ဗဟိုအာဏာပိုင်တွေက ခွင့်ပြုမထားတဲ့ ငွေကြေးပုံစံတစ်ခု ဖြစ်ပါတယ်။

               ဒီလို Cryptocurrency တွေထဲမှာ နာမည်အကြီးဆုံးက Bitcoin ဖြစ်ပြီး လောလောဆယ် 1BTC တစ်ခုဟာ ကန်ဒေါ်လာ ၃၈၁၉၇ (မြန်မာငွေ သိန်း ၆၀ ကျော်) ဈေးပေါက်ပါတယ်။ ဒီဈေးနှုန်းကလည်း အချိန်နဲ့တပြေးညီ ပြောင်းနေတာပါ။ ကမ္ဘာပေါ်မှာလည်း Bitcoin Mining လုပ်နေသူတွေဟာ သန်းနဲ့ချီရှိနေပါတယ်။ Crypto Mining တွေ အကြီးအကျယ် လုပ်တာကြောင့် လျှပ်စစ်ပါဝါသုံးစွဲမှုတွေ ထိုးတက်ပြီး တချို့နိုင်ငံတွေမှာ Cryptocurrency Mining လုပ်မှုနဲ့ ဆက်စပ်တဲ့ အဖမ်းအဆီးတွေ ရှိနေတာ ဖြစ်ပါတယ်။

               အပေါ်မှာ ပြောခဲ့သလိုပါပဲ။ Cryptocurrency ဟာ တရားဝင်ငွေကြေးအာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုအောက်က သွားတဲ့ ငွေကြေးစနစ်မဟုတ်ပါဘူး။ Cryptocurrency တွေကို အွန်လိုင်း Digital Wallet မှာ သိမ်းထားပြီး ကိုယ့်ရဲ့ Digital Assest တွေကို ဒီဂျစ်တယ် Currency Exchange တွေကနေ အရောင်းအဝယ်လုပ်နိုင်ပါတယ်။ Cryptocurrency တွေကို Cryptography လို့ ခေါ်တဲ့ အထူးကွန်ပျူတာကုဒ်နဲ့ လုံခြုံအောင် encrypt လုပ်ထားတာပါ။ ကုဒ်ကို hack လုပ်ဖို့ ခက်အောင် ရှုပ်ထွေးတဲ့ပဟေဠိတစ်ခုလိုမျိုး ဒီဇိုင်းထုတ်ထားတာပါ။

               Bitcoin Mining လုပ်တယ်ဆိုတာ အွန်လိုင်းပေါ်ကနေ အလွန်ရှုပ်ထွေးတဲ့ သင်္ချာပြဿနာတွေကို အဆင့်မြင့်ကွန်ပျူတာတွေ သုံးပြီး ဖြေရှင်းရတာပါ။ ပြဿနာတွေ ဖြေရှင်းပြီးရင် Bitcoin အဝင်အထွက်လုပ်တဲ့ Blockchain ဆိုတဲ့ Distributed Ledger ထဲမှာ ဆုအဖြစ် cryptocurrency တစ်ခု ရရှိမှာပါ။ Bitcoin Mining လုပ်ဖို့အတွက် Computing Power နဲ့ Resources အများကြီးလိုသလို အချိန်လည်း ပေးရပါတယ်။ Bitcoin Mining လုပ်တဲ့ စက်တွေကလည်း ၂၄ နာရီလုံး ဖွင့်ထားရတာပါ။


သူတို့ ဘယ်လိုလည်ပတ်နေကြသလဲ



Photo: CNBC


               ဒီလိုရှုပ်ထွေးလှတဲ့ Cryptocurrency လောကထဲကို ဆီးယားစ်ဟာ ငယ်ငယ်လေးနဲ့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူ့အလုပ်တွေထဲမှာ အဓိက လုပ်ရတာက တစ်ပတ် ၇ ရက် ၊ တစ်ရက် ၂၄ နာရီ လည်ပတ်နေတဲ့ Bitmain နဲ့ Whatsminer ASICs ဆားကစ်သုံးစက်‌ပေါင်း ၄၅၀၀ တိုင်း အလုပ်မှန်မှန်လုပ်ရဲ့လား စောင့်ကြပ်ကြည့်ရှုရတာ ဖြစ်ပါတယ်။ စက်တစ်လုံးလောက် offline ဖြစ်ရင် SCATE Ventures အနေနဲ့ ပိုက်ဆံတွေ ဆုံးရှုံးသွားမှာပါ။

               Bitcoin ထုတ်တဲ့သဘောကလည်း အွန်လိုင်းပေါ်မှာ ကိုယ့်စက်တွေ များများ လည်ပတ်လေလေ Bitcoin ရဖို့ အခွင့်အလမ်း ပိုများလေလေပါပဲ။ ဆီးယားစ်အလုပ်လုပ်တဲ့ အလုပ်ရှင် စကော့ဘန်းနက်ဟာ SCATE Ventures ရဲ့ CEO လည်း ဖြစ်ပါတယ်။ ဘန်းနက်ဟာ ၂၀၁၇ ခုနှစ်ကစပြီး သူ့မိဘတွေရဲ့ ဂိုထောင်ထဲမှာ ကိုယ့်ဘာသာကိုယ် Miner အဖြစ် ဘဝစတင်ခဲ့သူ ဖြစ်ပါတယ်။

               အခုတော့ ဘန်းနက်ဟာ သူ့စက်တွေအတွက် လျှပ်စစ်ကို ရာနှုန်းပြည့်ရေအားလျှပ်စစ်ပဲ သုံးပြီး လည်ပတ်ပါတယ်။ ဆီးယားစ်အလုပ်လုပ်နေတဲ့ Mining စက်ရုံဟာ စတုရန်းပေ ၅၀၀၀၀ ရှိပြီး ဘေးမှာ ကိုလံဘီယာမြစ်ရှိပါတယ်။ ဒီမြစ်က ဒဲလက်စ်ဆည်ထဲ တိုက်ရိုက်ဝင်တာ ဖြစ်လို့ လျှပ်စစ်အတွက် ဈေးသက်သာပြီး ပြည့်ဖြိုးမြဲဖြစ်တဲ့ ရေအားလျှပ်စစ်အရင်းအမြစ်ကို သုံးနိုင်တာ ဖြစ်ပါတယ်။ ဘန်းနက်ဟာ ဝန်ထမ်းတွေအတွက်လည်း Mining Machines သီးသန့်ထားပါတယ်။ 


SCATE Venture (Photo: Photo: CNBC)

SCATE Ventures ရဲ့ Mining Farm ဟာ လျှပ်စစ်ပါဝါ ၁၀ မဂ္ဂါဝပ်သုံးပါတယ်။ ဆီးယားစ်ရဲ့ တစ်နေ့တာဟာ မနက် ၇ နာရီက စပါတယ်။ မနက်၈ နာရီကနေ ညနေ ၄ နာရီအထိက သူ့ရဲ့ အလုပ်ချိန် ဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ အရေးတကြီးကိစ္စတွေ လုပ်စရာရှိရင်တော့ Farm ထဲမှာပဲ ဆက်နေပါတယ်။ ညဆိုင်းဆင်းတာကတော့ တခြား Technician တစ်ယောက်က တာဝန်ယူ ပြုပြင်ပေးပါတယ်။

               "ဒီအလုပ်က မိုက်တယ်။ မနက်တိုင်း ဘာလုပ်ရမယ်ဆိုပြီး တစ်နေ့တာ Routine ထားစရာမလိုပါဘူး။ မနက်တိုင်း ၊ ကျွန်တော်ပြင်စရာရှိမလား မကြည့်တယ်။ ကင်မရာပြင်ရမလား။ ကေဘယ်ပြင်ရမလားပေါ့။ Hashing (ပုစ္ဆာတွက်ချက်ခြင်း) မလုပ်တဲ့ စက်တွေ့ရင် အဲ့ဒီကောင်တွေ ဖြုတ်ပြီး ပြဿနာတွေ ရှင်းရတာပေါ့ဗျာ။" လို့ ဆီးယားစ်က ဆိုပါတယ်။ တချို့ပြဿနာတွေက Power cycle လုပ်ရုံ Reboot ပေးလိုက်ရုံနဲ့ ရှင်းနိုင်ပေမယ့် တချို့တော့လည်း ရာသီဥတုအပြောင်းအလဲကြောင့် စက်တွေ အပူလွန်တာ ၊ ပါဝါပြတ်တောက်တာတွေကို ရှင်းရတာတွေ ရှိပါတယ်။

               အခုဆို အသက် ၁၉ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဆီးယားစ်ဟာ သုံးလကြာတိုင်း ၀.၀၂ BTC (၇၈၈ ‌ဒေါ်လာ ခန့်) ဘောနပ်စ်ရပါတယ်။ တစ်နှစ်အတွက်ဆို ကုမ္ပဏီက သူ့ကို ကျန်းမာရေးအာမခံနဲ့အတူ ဒေါ်လာ ၅၄၀၀၀ (မြန်မာငွေ သိန်း ၉၀၀ ခန့်) ဝင်ငွေရရှိနေပြီလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က