ဟင်းထုပ်က ရိုးရာအစားအစာတစ်ခုဖြစ်ပေမယ့် လူမျိုးဘာသာမရွေး အိမ်မှာ အလွယ်တကူ လုပ်စားနိုင်တဲ့ စားသောက်ဖွယ်ရာတစ်ခုဖြစ်ပါတယ်။
Photo: Lwin Pyin
လူကြိုက်များတဲ့ ရှမ်းရိုးရာ အစားအစာတွေထဲမှာ ဟင်းထုပ်လည်းတစ်ခုအပါအဝင်ပါ။ ရှမ်းပြည်အလည်တစ်ခေါက်ရောက်တာနဲ့ ရှမ်းရိုးရာအစားအစာတွေကို မြည်းစမ်းကြည့်တဲ့အခါမှာ ဟင်းထုပ်ကလည်းမပါမဖြစ်ပါပဲ။ ဟင်းထုပ်ကို ဒေသအလိုက် အမျိုးမျိုးလုပ်စားကြတာတွေရှိပေမယ့် အဲဒီထဲကမှ အိမ်မှာအလွယ်တကူလုပ်စားလို့ရနိုင်တဲ့ ရှမ်းပြည်နယ်ရဲ့ ရှမ်းရိုးရာ အရသာနဲ့ ပြုလုပ်တဲ့ ဟင်းထုပ်ပြုလုပ်နည်းလေးကို ပြောပြပေးသွားမှာပါ။
Photo: MyFood
ရှမ်းပြည်ဟင်းထုပ်အမျိုးအစား
ဟင်းထုပ်မှာလည်း ဒေသအလိုက် ပြုလုပ်နည်းရှိသလို အမျိုးအစားတွေလည်းမတူလှပါဘူး။ ရှမ်းပြည်မှာဆိုရင်တော့ ဟင်းထုပ်ကို သားသတ်လွတ်ဟင်းထုပ်နဲ့ ဝက်သားဟင်းထုပ် ဆိုပြီး နှစ်မျိုးလုပ်စားလေ့ရှိပါတယ်။ သားသတ်လွတ် ဟင်းထုတ်မှာ ကြက်သွန်မြိတ်တစ်မျိုးတည်းကိုသာ အစာပလာအဖြစ်အသုံးပြုပြီး ဝက်သားဟင်းထုတ်မှာတော့ ကြက်သွန်မြိတ်နဲ့ ဝက်သားကို အသုံးပြုထားတာဖြစ်ပါတယ်။
Photo: DoeMal
ပါဝင်ရမယ့် ပစ္စည်းအစာပလာများ
ဟင်းထုပ်လုပ်တဲ့အခါမှာ အဓိကလိုအပ်တဲ့ ပင်မပစ္စည်း (၃)မျိုးရှိပါတယ်။ ကျန်တဲ့လိုအပ်တဲ့ အစာပလာတွေကတော့ သူ့ရဲ့ အခြွေအရံပါပဲ။ အဓိကလိုအပ်တဲ့ ပစ္စည်း (၃)မျိုးက ဆန်မုန့်ရယ်၊ ကြက်သွန်မြိတ်ရယ်၊ ငှက်ပျောဖတ်ဖြစ်ပြီး အသားဟင်းထုပ်လုပ်မယ်ဆိုရင်တော့ လိုအပ်တဲ့အသားလည်းပါဝင်မှာပါ။ ကိုယ်ပြုလုပ်မယ့် ဆန်မုန့်အရေအတွက်ပေါ်မူတည်ပြီး ကြက်သွန်မြိတ်၊ နနွန်းမှုန့်၊ ကော်မုန့်(သို့) ကောက်ညှင်းမှုန့်အနည်းငယ်၊ ဆီ၊ ချင်း၊ ကြက်သွန်ဖြူအနည်းငယ်နဲ့ ဟင်းခတ်မှုန့် ဆားတို့ကို လိုသလောက်ထည့်ပြီး ရေအနည်းငယ်လိုအပ်ပါတယ်။
Photo: Doemal
ပြုလုပ်နည်း အဆင့်ဆင့်
ဦးစွာ ကြက်သွန်မြိတ်ကို ရေသန့်စင်ပြီး လက်တစ်ဆစ်ခန့်ဖြတ်လှီးထားပါ။ အဲဒီနောက် အထက်ပါ ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်ခုထဲမှာ ရောထည့်ကာ ရေကို ဖြည်းဖြည်းချင်းထည့်ပြီးနယ်ပေးပါ။ ငှက်ပျောဖတ်ကို မီးကင်ထားပြီး သန့်ရှင်ထားကာ တစ်ခါထုတ်အရွယ်အစားစီဖြတ်ပြီး စပ်ထားတဲ့မုန့်နှစ်ကိုထည့်ကာ အထုပ်လေးတွေပြုလုပ်ထားရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပေါင်းခံအိုးထဲထည့်ပြီး မိနစ် (၂၀)၊ နာရီဝက်ခန့်ပေါင်းထားရုံပါပဲ။ ပေါင်းခံအိုးမရှိပါက ထမင်းပေါင်းအိုးထဲ ရေနွေးဆူဆူတည်ပြီး အပေါ်က စကာတင်ကာ စကာထဲထည့်ပြီးလည်း ပေါင်းနိုင်ပါတယ်။ ဟင်းထုပ်ကျက်ရင် ကြက်သွန်ဖြူဆီချက်(သို့) ငရုတ်သီးဆီချက် ၊ ဂျူးမြစ်နဲ့ ငရုတ်သီးကြော်တို့နဲ့တွဲဖက်ပြီး ပူပူနွေးနွေးစားသုံးနိုင်ပြီပဲဖြစ်ပါတယ်။
ရှမ်းပြည်ရဲ့ ဟင်းထုပ်ကတော့ ထမင်းနဲ့ပဲစားစား၊ အဆာပြေအဖြစ်ပဲစားစား အဆင်ပြေပါတယ်။ အထူးရည်ရွယ်ထားတာကတော့ ရိုးရာအစားစာအနေနဲ့ အဆာပြေအဖြစ် ရေနွေးကြမ်းနဲ့ ဝိုင်းဖွဲ့စားသောက်ကာ အပန်းဖြေစရာ အစားအစာအဖြစ် ရည်ရွယ်ထားတာပါပဲ။ ရာသီမရွေး စားသုံးနိုင်တဲ့ အစားအစာတစ်ခုဖြစ်ပြီး ဈေးကွက်မှာလည်း ရောင်းတန်းရှိပြီးသား အစားအစာတစ်ခုဖြစ်ပါတယ်။ အိမ်မှာလည်း အလွယ်တကူလုပ်စားနိုင်တဲ့ ဒေသအစားအစာတစ်ခုဖြစ်ပါတယ်။ ရှမ်းရိုးရာဒေသအစားအစာတစ်ခုဖြစ်ပေမယ့် အိမ်မှာအလွယ်တကူချက်စားလို့ရတဲ့ အရာတစ်ခုဖြစ်တာကြောင့် လူမျိုးဘာသာမရွေး အများစုကတော့ ဟင်းထုပ်ကို အိမ်မှာ လုပ်စားလေ့ရှိကြတာကိုလည်း မြင်တွေ့ရသလို ရှမ်းလူမျိုးတွေအနေနဲ့ကလည်း ရိုးရာအစားအစာဒေသဖြစ်လို့ ရိုးအီသွားတာမျိုးမရှိဘဲ ဟင်းထုပ်ကို အလွယ်တကူလုပ်စားလေ့ရှိကြပါတယ်။