RAM Upgrade လုပ်ဖို့ လိုပြီလား

ကွန်ပျူတာသုံးရတာ နှေးနေပြီ RAM ထပ်စိုက်ရင် ကောင်းမလားလို့ တွေးနေတဲ့သူတွေ ရှိနိုင်ပါတယ်။

           RAM လို့ အတိုကောက်ခေါ်နေကြတဲ့ Random Access Memory ဟာ သိမ်းထားတဲ့ အချက်အလက်တွေ ပေးပို့ ဖတ်ရှုတာကို မဆိုင်းအမြန်လုပ်ပေးဖို့ ထားတဲ့ ယာယီသိုလှောင်မှုစနစ်တစ်ခု ဖြစ်ပြီး ကွန်ပျူတာရဲ့ အဓိကကျတဲ့ memory တစ်ခုလို့ ဆိုရမှာပါ။ ဆိုတော့ RAM ထပ်တိုးရင် ကွန်ပျူတာရဲ့ Processing Speed မြန်မယ်ဆိုတာ ယေဘုယျအားဖြင့် မှန်ပါတယ်။


           RAM မြန်လေလေ memory ကနေ တခြားအစိတ်အပိုင်းတွေဆီ သတင်းအချက်အလက်တွေ ပေးပို့နှုန်း သွက်လက်လာလို့ ကွန်ပျူတာလုပ်ဆောင်ချက် ပိုမြန်ဆန်လာပါတယ်။ တကယ်လို့ ကိုယ်ကွန်ပျူတာမှာ RAM ထပ်တိုးဖို့ စိတ်ကူးထားရင် အခုပြောမယ့်အချက်တွေ အရင်စဉ်းစားဖို့ အကြံပြုချင်ပါတယ်။


(၁) RAM upgrade လုပ်ဖို့ လိုသလား


Photo:


           ကွန်ပျူတာနှေးတိုင်း RAM ထပ်တိုးစရာ လိုသလားဆိုရင် စဉ်းစားစရာအချက်တွေ ရှိလာပါတယ်။ ကိုယ့်ကွန်ပျူတာက Web Browsing သုံးတာ ၊ Video Streaming ကြည့်တာ ၊ Microsoft Office သုံးတာ နဲ့ ဂိမ်းလေး တစ်ခုနှစ်ခုလောက် ဆော့ရုံပဲဆို RAM 8GB လောက် ရှိရင် အဆင်ပြေပါတယ်။ ပုံမှန်ဆို RAM 4GB လောက်နဲ့လည်း သုံးရတာ ပြဿနာမရှိနိုင်ပေမယ့် ကိုယ်က Heavy သုံးတတ်တဲ့သူလည်း ဖြစ်တယ် ကိုယ့်စက်က RAM မြှင့်လို့လည်း ရနိုင်တယ်ဆိုရင် RAM မြှင့်တာ ပိုကောင်းပါတယ်။

           RAM မြှင့်သင့်မမြှင့်သင့် ကြည့်ဖို့အတွက် ကိုယ့် system performance ကိုလည်း ပြန်ကြည့်သင့်ပါတယ်။ Windows 10 ကွန်ပျူတာတွေမှာဆို Ctrl+Shift+ Esc နှိပ်ပြီး Task Manager ထဲ ဝင်ရမှာပါ။ ပြီးရင် More Details ကနေ နောက်ထပ် view တွေ ဖွင့်ပြီး Performance Tab ကနေ Memory ကို သွားရမှာပါ။ PC ကို ပုံမှန်အတိုင်း သုံးရင်း Task Manager ကို ကြည့်ကြည့်ပါ။

           RAM သုံးစွဲမှုကို ပြနေတဲ့ In Use နဲ့ Available ဆိုတဲ့ section တွေအောက်ကို ကြည့်လို့ RAM တွေ အများကြီး ကျန်နေရင် RAM ကြောင့် စက်လေးနေတာ မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။


(၂) XMP ပွင့်လား


Photo: howtogeek


           ကိုယ့်ဘာသာ ပြန်ဆင်တဲ့ PC အလုံးတွေမှာဆို ကိုယ့်စက်ထဲက RAM ရဲ့ performance ကို အမြင့်ဆုံးတင်မထားတာမျိုး ဖြစ်တတ်ပါတယ်။ motherboard ရဲ့ BIOS settings ထဲမှာ eXtreme Memory Profile (XMP) လို့ ဆိုတဲ့ feature လေးကို active လုပ်ရမှာပါ။ တကယ်လို့ ကိုယ့်စက်က AMD Processor သုံးတယ်ဆိုရင် ဒါအစား DOCP ဆိုတာကို တွေ့ရမှာပါ။ XMP လေးကို BIOS မှာ ဖွင့်ထားရုံနဲ့တင် RAM ဟာ ပုံမှန် default ထားတာထက် ပိုပြီး မြန်စေပါတယ်။


(၃) Clock Speed ကြည့်ပါ


Photo: onmsft


           PC ကွန်ပျူတာရဲ့ RAM ကို အဆင့်မြှင့်တာဟာ storage တို့ Graphic card တို့ လဲတာလောက် မရိုးရှင်းပါဘူး။ အမျိုးအစားမှန်ဖို့ နဲ့ ကိုယ့်စက် motherboard နဲ့ ကိုက်တဲ့ speed ဖြစ်ဖို့ သေချာရွေးရပါတယ်။ လက်ရှိ RAM module မှာ နောက်တစ်ချောင်းထပ်စိုက်မယ်ဆိုရင် speed ချင်းတူရပါမယ်။ speed မတူရင် စက်အလုပ်လုပ်တာ ပိုလေးသွားနိုင်ပါတယ်။ ကိုယ့်စက်မှာ RAM ဘယ်လောက် ပိုမြန်တာ ထပ်တိုးစက်နိုင်သလဲဆိုတာကို သိနိုင်ဖို့ ကွန်ပျူတာရဲ့ RAM Speed ကိုလည်း စစ်ဆေးကြည့်ရမှာပါ။


(၄) SSD ပြောင်းကြည့်ပါ


Photo: rockpapershotgun


           RAM ကြောင့် မဟုတ်ရင် ဖြစ်နိုင်တာက ကိုယ့်စက်က Hard Drive သုံးနေတုန်းဆို Solid-State Drive (SSD) ပြောင်းသုံးကြည့်ဖို့ ဖြစ်ပါတယ်။ RAM မြှင့်လိုက်လို့တောင် စက်က ထူးထူးခြားခြား သွက်လာတယ် မခံစားရရင် SSD upgrade လုပ်ကြည့်တာက ထိရောက်မှုရှိပါတယ်။ SSD သုံးတာဟာ response time နဲ့ သုံးရတဲ့ performance ပိုင်းမှာ သိသိသာသာ သွက်လက်လာစေနိုင်ပါတယ်။

           တကယ်လို့ motherboard က NVMe drive ကို လက်ခံတယ်ဆိုရင် performance ကောင်းတာ ပိုလို့တောင် သိသာမှု ရှိပါလိမ့်မယ်။ SSD လဲလိုက်တာပဲ ဆိုပြီး အရင် Hard Drive ဟောင်းကို လွှင့်ပစ်စရာမလိုပါဘူး။ ကိုယ့်ကွန်ပျူတာထဲက အချက်အလက်တွေအတွက် Secondary Storage အဖြစ် အရန်ဆောင်ထားလို့ ရပါတယ်။


(၅) CPU and GPU စစ်ကြည့်ပါ


Photo: techspot


           RAM က ပြဿနာမဟုတ်ဘူး ၊ SSD Upgrade လည်း လုပ်ထားတယ်ဆိုရင် နောက်ထပ် စစ်ကြည့်ရမှာက CPU ဒါမှမဟုတ် GPU ထပ်မြှင့်ရမလား / အသစ်ဝယ်ထည့်ရမလား ကြည့်ရမှာပါ။ CPU အလုပ်လုပ်တာ ဘယ်လိုရှိလဲ ကြည့်ဖို့ဆို အပေါ်မှာ ပြောခဲ့သလို Task Manager ထဲက CPU ဘယ်လောက်သုံးသလဲဆိုတာကို သွားကြည့်နိုင်ပါတယ်။ ကိုယ့်စက်ထဲမှာ programs တွေ အများကြီး ဖွင့်ထားပြီး ဂိမ်းတွေလည်း သိပ်ဆော့တယ်ဆိုရင် CPU performance ကျသွားတတ်ပါတယ်။

           တချို့ဂိမ်းတွေက ကိုယ့်စက် processor ကို သိပ်အလုပ်ပေးပြီး မနိုင်ဝန်ထမ်းခိုင်းသလို ဖြစ်နေတတ်ပါတယ်။ ဂိမ်းဆော့ချင်တယ်ဆိုရင် ဂိမ်းမကစားခင် ပရိုဂရမ်တွေ အများကြီးကို တပြိုင်နက်တည်း ဖွင့်မသုံးပါနဲ့။ တတ်နိုင်သလောက် background process တိုင်းကို ပိတ်ချပြီးမှ ဂိမ်းကစားပါ။ CPU မှာ ပြဿနာမတွေ့ရင် Graphical Processing Unit (GPU) ကို စစ်ပါ။

           ပိုက်ဆံသိပ်မသုံးချင်ရင် စက်ထဲက CPU နဲ့ GPU ကို overclocking မောင်းခိုင်းလိုက်ရင်လည်း performance ပိုတက်နိုင်ပါတယ်။ တစ်ခုရှိတာက overclocking မောင်းတာက warranty ထိနိုင်သလို စက်ပါဝါပိုစားပြီး CPU နဲ့ GPU သက်တမ်းလည်း တိုတောင်းစေနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က