ဖုန်းတစ်လုံးကို နေပူပူမှာ ပါကင်ထိုးထားတဲ့ ကားထဲ ထည့်ခဲ့ပြီး အတော်လေးကြာမှ သုံးကြည့်ရင် Overheat ဖြစ်နေတာ ကြုံဖူးမှာပါ။ အပူလွန်ကဲနေတဲ့ ဖုန်းတစ်လုံးဟာ အန္တရာယ်တွေကို သိမ်းထုပ်ထားတာနဲ့ အတူတူပါပဲ။

           ဖုန်းအပူလွန်ကဲမှု အဖြစ်များတဲ့ အကြောင်းရင်းကလည်း တစ်ခုထက်မက ရှိနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို နေပူအောက်မှာ ဖုန်းကို ထားမိခဲ့လို့အပြင် နောက်ကွယ်မှာ Apps တွေ အများကြီးကို Run ခိုင်းထားလို့ ၊ Malware ဝင်နေလို့ ၊ တောက်လျှောက် အားသွင်းထားလို့ ၊ ဘက်ထရီမကောင်းတော့လို့ စတဲ့အကြောင်းတွေကြောင့်လည်း ဖုန်းအပူလွန်နိုင်ပါတယ်။ iPhone တွေမှာဆို အပူလွန်လာပြီဆိုရင် Cool Down လုပ်ဖို့ သတိပေးတဲ့ မက်ဆေ့ချ်ပို့တတ်ပါတယ်။



Photo: Unsplash


           ဖုန်းမှာ Overheat ဝင်နေပြီဆိုရင် မဖြစ်မနေ လုပ်သင့်တဲ့အချက်လေးတွေက-

           - ဖုန်း ပါဝါပိတ်ပါ

           - တိုက်ရိုက်နေရောင်အောက်ရောက်နေရင် အရိပ်ထဲ ယူလာပါ

           - ဖုန်းကို Cover တပ်သုံးဖြစ်တယ်ဆိုရင် ဖြုတ်ထားပါ။

           - သိပ်ပူလွန်းရင် ဖုန်းကို ပန်ကာရှေ့ ဒါမှမဟုတ် အဲကွန်းအောက် ဖြစ်ဖြစ် နောက်ဆုံး ရေခဲသေတ္တာထဲမှာ ခဏလောက်ဖြစ်ဖြစ် ထားပြီး အေးသွားအောင် လုပ်နိုင်ပါတယ်။ ရေခဲသေတ္တာလို နေရာမှာ ထားမယ်ဆိုရင် သိပ်အကြာကြီး မထားဖို့နဲ့ ဖုန်းထဲ ရေတွေ မဝင်ရအောင်လည်း ဂရုစိုက်ဖို့ လိုပါတယ်။

           

ပုံမှန် သုံးနေချိန် ဖုန်းအပူလွန်လာရင်


Photo: Unsplash


           ဖုန်းတွေက ပုံမှန် သုံးနေရင်းနဲ့လည်း ပူနွေးလာတတ်ပါတယ်။ ဥပမာ- ဂရပ်ဖစ်မြင့်တဲ့ Video Games တွေ ကစားပြီဆိုရင် ဖုန်းက ပူလွယ်ပါတယ်။ ဖုန်းအပူလွန်ကဲတဲ့အဆင့်တော့လည်း မဖြစ်တတ်ပါဘူး။ ဖုန်းသုံးရတာ ပူတယ်ဆိုရင်တော့ ကိုယ်ဖွင့်ထားတဲ့ App တွေထဲကနေ ချက်ချင်းထွက်ပြီး ဖုန်းကို ခဏလောက် အနားပေးထားတာ ကောင်းပါတယ်။ အားသွင်းထားတယ်ဆိုရင် ဖြုတ်ထားပါ။

           Display Brightness ကိုလည်း လျှော့ချလိုက်ရင် ဖုန်းပူတာ သက်သာပါတယ်။ အပေါ်မှာ ပြောခဲ့သလို ဖုန်း Case ဖြုတ်ထားပါ။ Airplane Mode On တာ ၊ စက်ပိတ်တာမျိုးလည်း လုပ်ပေးပါ။ ဒါမှ ဆက်ပြီး ပူနေတုန်းဆိုရင်တော့ ဖုန်းမှာ ပြဿနာတစ်ခုခု ရှိလို့ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ Service ပြကြည့်သင့်ပါတယ်။


ဖုန်းအပူမလွန်အောင် ဘယ်လို လုပ်ရမလဲ


Photo: Unsplash


           ဖုန်းတစ်လုံး လွန်လွန်ကျွံကျွံ ပူတက်မလာအောင် လုပ်ပေးသင့်တဲ့ အချက်တွေက -   

           - နေပူတဲ့နေ့မှာ ဖုန်းကို ကားထဲ မထည့်ထားခဲ့ပါနဲ့။

           - တိုက်ရိုက်နေရောင်ခြည်အောက် ဖုန်းထားခဲ့တာမျိုးကနေ ရှောင်ပါ။

           - ဂိမ်းကစားတာ ၊ Streaming လုပ်တာတွေ ဆက်တိုက်မလုပ်ဘဲ အနားပေးပါ။

           - ဖုန်းသုံးနေတုန်း အားမသွင်းပါနဲ့

           ဒီအချက်ကလေးတွေ လိုက်နာမယ်ဆိုရင် ဖုန်းအပူလွန်ကဲမှုကို ကာကွယ်နိုင်ပြီး ဖုန်းသက်တမ်း ပိုကြာရှည်ခံစေမှာပါ။



ဖုန်းအပူလွန်ကဲတယ်ဆိုတာ သတိထားရမယ့်အခြေအနေဆိုတာ မမေ့ပါနဲ့။ ဖုန်းသုံးရင်း ၊ ဂိမ်းဆော့ရင်း ဖုန်းက ရုတ်တရပ်ပူတက်လာပြီဆိုရင် ဖုန်းကို အခုပြောခဲ့တဲ့နည်းလေးတွေနဲ့ အပူလျှော့ချပေးဖို့ လိုပါတယ်။


    


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က