အခုခေတ်က ဖုန်းကိုင်သူတိုင်း Facebook သုံးကြတယ်လို့တောင် ပြောရလောက်အောင် Facebook သုံးတာ တွင်ကျယ်နေပါတယ်။ Facebook နဲ့ပတ်သက်လို့ ကြားရတဲ့ ပြဿနာတွေကလည်း အများကြီးပါပဲ။ ဒီထဲမှာ Privacy ပြဿနာတွေက ထိပ်ဆုံးကလို့တောင် ဆိုနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၂၈၀၀ ကျော် သုံးနေတဲ့ လူမှုကွန်ရက်တစ်ခုအတွက် ကိုယ်ရေးအချက်အလက်တွေ မလုံခြုံတာ ၊ ပေါက်ကြားတာဟာ သိပ်အထူးအဆန်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း နာမည်ကြီးသွားခဲ့တဲ့ Cambridge Analytic ဖြစ်ရပ်လိုမျိုး ကိစ္စတွေဟာ Facebook မှာ နောင်လည်း ကြုံနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ Facebook အကောင့်ဖျက်ဖို့အထိ စိတ်မပြတ်သေးခင်မှာတော့ အခုပြောမယ့်နည်းလေးတွေနဲ့ လုံခြုံအောင် ကာကွယ်ထားဖို့ ပြောချင်ပါတယ်။
(၁) Private ထားထားပါ
Photo: vpnmentor
Facebook အကောင့်လုံခြုံရေးအတွက် အရင်ဆုံးလုပ်ရမယ့်အရာတွေထဲမှာ ကိုယ့် Facebook Content အကုန်လုံးကို ကိုယ်ယုံရတဲ့သူတွေကိုပဲ ပြဖို့ပါပဲ။ Facebook Settings အောက်မှာ Privacy tab ဆိုတာ ရှိပါတယ်။ ဒီ tab ထဲမှာ ကိုယ့်ပို့စ်တွေ ၊ ကိုယ့်ကို Friend Request ပို့တာတွေ ၊ ကိုယ့်ကို အပြင် search engine တွေကနေ ရှာဖွေနိုင်တာကို Only Me ၊ Public ၊ Friends စသည်ဖြင့်ထားလို့ရပါတယ်။
လုံခြုံရေးအတွက်ဆို အကောင်းဆုံးက Settings အကုန်လုံးကို Friends မှာပဲ ထားတာ ဖြစ်ပါတယ်။ ဒါဆို ကိုယ့်အချက်အလက်တွေကို ကိုယ့်သူငယ်ချင်းတွေပဲ ပြပေးသွားမှာပါ။ ဒီထဲမှာတောင် ဘယ်သူငယ်ချင်းပဲ ပြမယ်ဆိုတဲ့ Specific Friends ဆိုတဲ့ tab ပါပါတယ်။ လုံးဝကို Private ထားချင်ရင်တော့ Only Me ကို ရွေးပေးနိုင်ပါတယ်။
(၂) Login ဝင်မှု လုံခြုံပါစေ
Photo: vpnmentor
ဒစ်ဂျစ်တယ်ဘေးကင်းမှုမှာ အန္တရာယ်ကြီးတာတစ်ခုက စကားဝှက်တစ်ခုတည်းကို အကောင့်တိုင်းမှာ သုံးတာ ဖြစ်ပါတယ်။ တကယ်လို့သာ ဟက်ကာတစ်ယောက်က ကိုယ့်ဆီက အကောင့်တစ်ခုကို ရသွားရင် တခြားအကောင့်တွေထဲလည်း အလွယ်တကူ ဝင်ရောက်သွားနိုင်ပါတယ်။ လုံခြုံရေးအရ ခန့်မှန်းရခက်တဲ့ စကားဝှက်တွေ ထားပါ။ Facebook အကောင့်အပါအဝင် တခြားအကောင့်တွေရဲ့ စကားဝှက်တွေကို တစ်နေရာတည်းမှာ သိမ်းဖို့ Password Manager တစ်ခု သုံးပါ။
အကောင့်တွေထဲ ကိုယ့်ခွင့်ပြုချက် မရှိဘဲ ဝင်လို့ မရအောင် Two-Factor Authentication ထားပေးပါ။ Two-Factor Authentication ကို Facebook Settings အောက်က Security and Login tab ထဲမှာ တွေ့နိုင်ပါတယ်။ ဒီနည်းလမ်းက တခြားတစ်နေရာကဖြစ်ဖြစ် ကိုယ်မသိတဲ့ Device တစ်ခုခုက ဖြစ်ဖြစ် Facebook အကောင့်ထဲ Log In ဝင်ဖို့ ကြိုးစားတဲ့အခါ လုံခြုံရေး Code တောင်းခံမှာ ဖြစ်သလို ဘယ်သူမှန်း မသိရတဲ့ Device ကနေ Login ဝင်ဖို့ ကြိုးစားတိုင်း ကိုယ့်ကို လာပြီး အသိပေးနေမှာ ဖြစ်ပါတယ်။
(၃) Tag တွဲတာ ၊ မျက်နှာမှတ်သားတာ ပိတ်ထားပါ
Photo: vpnmentor
Facebook ပေါ်မှာ privacy ပေါက်ကြားဖို့ဆိုတာ သိပ်မခက်ပါဘူး။ ကိုယ့်နဲ့ တွဲရိုက်ထားတဲ့ပုံကို တစ်ယောက်ယောက်က တင်လိုက်တာနဲ့တင် ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကို မဆိုင်သူတွေ ဝင်စပ်စုလို့ ရပါတယ်။ Facebook သုံးစွဲသူတွေအနေနဲ့ ကိုယ့်အကြောင်း တခြားသူ တင်ထားတဲ့ပို့စ်တွေ နဲ့ ကိုယ့်ဓါတ်ပုံပါတဲ့ content တွေကို ဝင်ဖျက်လို့ မရပေမယ့် ကိုယ့်ကို ဓါတ်ပုံထဲမှာ Tag တွဲတာမျိုး လုပ်လို့မရအောင်တော့ Control လုပ်လို့ရပါတယ်။
ဒီလိုလုပ်ဖို့အတွက် Settings အောက်က Timeline and Tagging tab ထဲကို သွားပါ။ ကိုယ့် Timeline ပေါ်မှာ ဘယ်သူစာလာရေးလို့ရမယ်တို့ ၊ ကိုယ့်ကို ဘယ်သူ Tag လာတွဲလို့ရမယ်တို့ဆိုတာကို စိတ်ကြိုက်ပြင်လို့ရပါတယ်။ ကိုယ့်သူငယ်ချင်းထဲကဖြစ်ဖြစ် တစ်ယောက်ယောက်က ကိုယ့်ကို Tag လာတွဲပြီး ပို့စ်တင်မယ်ဆို မတင်ခင် သိရအောင် Review ဆိုတဲ့ tab လေးကို On ပေးထားသင့်ပါတယ်။
နောက်တစ်ခုက Face Recognition ကို ပိတ်ထားဖို့ပါပဲ။ Facebook ဟာ ကိုယ့်မျက်နှာကို ထောင့်အမျိုးမျိုးကနေ ရာနီချီတဲ့ဓါတ်ပုံတွေ ရိုက်ယူနိုင်ပါတယ်။ ဒါကြောင့် တခြား အရေးကြီးတဲ့ မွေးနေ့ ၊ နာမည်အပြည့်စုံ ၊ တက်ခဲ့တဲ့ကျောင်းနဲ့ နေတဲ့ မြို့စတဲ့ အချက်တွေလိုပဲ Identity အခိုးမခံရအောင် Face Recognition ကို ပိတ်ထားသင့်ပါတယ်။ ဒီအတွက် Settings အောက်က Face Recognition tab ထဲ သွားပြီး Edit မှာ No ကို ရွေးဖို့ ဖြစ်ပါတယ်။
(၄) Friend List သေချာဂရုစိုက်ပါ
Photo: vpnmentor
Social Media ဆိုတာ သူစိမ်းနယ်ပါ။ လူမှုကွန်ရက်ပေါ်မှာ တွေ့နေရတဲ့ လူတွေ ၊ အရာတွေအားလုံးက ပုံရိပ်ယောင်လောကသား ဖြစ်ပါတယ်။ ဒီတော့ Facebook အကောင့်ဖွင့်ပြီဆိုကတည်းက ကိုယ့်အတွက် Friend ဖြစ်မယ့်သူအကြောင်းကို သေချာသိဖို့ ဂရုစိုက်ပါ။ Friend များရင်ပြီးရောဆိုပြီး တွေ့ကရာလူကို သွားမ Add ပါနဲ့။ လာ Add တိုင်းလည်း လက်မခံပါနဲ့။
တစ်လတစ်ခါလောက်ဖြစ်ဖြစ် ကိုယ့် Friend List ပြန်စစ်ပါ။ ပို့စ်တင်မယ်ဆိုရင်လည်း ဘယ်သူတွေကိုပဲ မြင်ဖို့ ထားမယ် ၊ ဘယ်သူတွေကိုတော့ဖြင့် ကိုယ့်ပို့စ်ကို မတွေ့အောင် Off ထားမယ်ဆိုတာ စီစဉ်ထားပါ။ ကိုယ့်ရဲ့ Friend List ကိုလည်း လူတိုင်း မတွေ့နိုင်အောင် Hide ထားပါ။ Settings ထဲက Privacy Settings and Tools အောက်ကနေ ကိုယ့် Friend LIst ဝင်ကြည့်နိုင်မယ့် လူကို Friends Only ပဲ ကန့်သတ်ထားပါ။
(၅) App တွေ ပြန်စိစစ်ပါ
Photo: vpnmentor
Facebook ပေါ်မှာ ဂိမ်းဆော့တာ ၊ ဉာဏ်စမ်း Quiz ဖြေတာ ကနေ ကိုယ့် Profile သုံးပြီး App တစ်ခုခုထဲ Log In ဝင်တာအထိ ကိုယ်လုပ်တဲ့လုပ်ရပ်တိုင်းက Third Party တွေကို ကိုယ့်ရဲ့ အချက်အလက်တွေ ပေးနေတယ်ဆိုတာ သတိထားပါ။
ကိုယ့်ခွင့်ပြုချက်မပါဘဲ Apps နဲ့ ဝက်ဘ်ဆိုက်တွေက ကိုယ့်အကောင့်အချက်အလက်တွေ ယူလို့ မရအောင် Settings ထဲက Apps and Websites Tab အောက်ကနေ active ဖြစ်နေတဲ့ အရာတွေကို Remove လုပ်ပေးပါ။ Apps and Websites Tab အောက် Preferences ထဲမှာပဲ ကိုယ့် Facebook အကောင့်နဲ့ Websites တွေ Apps တွေ ချိတ်ဆက်ခွင့်ပေး မပေးဆိုတာလည်း ခွင့်ပြုပေးနိုင်ပါတယ်။
ဒီအချက်တွေအပြင် Facebook ပေါ်မှာ ကိုယ့်ရဲ့ Location ကို ပိတ်ထားဖို့ VPN တစ်ခုခုနဲ့ Hide ထားပါ။ VPN က တခြားတစ်နေရာက Private Server တစ်ခုကနေ အင်တာနက်လမ်းကြောင်းတွေကို ညွှန်းပေးပါလိမ့်မယ်။ အခုပြောခဲ့တဲ့ အချက်ကလေးတွေက Facebook အကောင့် Settings ထဲကနေ ဝင်ကလိရုံနဲ့ ကိုယ့်အကောင့်လုံခြုံရေးအတွက် ထိရောက်မှုရှိမယ့် အလွယ်ဆုံးနည်းလမ်းတွေပဲ ဖြစ်ပါတယ်။
Share