ဘယ်တော့မှ ပိုက်ဆံအိတ်မကိုင် ၊ iPod မသုံးတဲ့ သူ

၁၉၇၅ ခုနှစ်မှာ ဘီလ်ဂိတ်စ်ဆိုတဲ့ အသက် ၂၀ အရွယ် ပရိုဂရမ်မာလေးဟာ ငယ်သူငယ်ချင်း ပေါလ်အယ်လန်နဲ့အတူ ကိုယ်ပိုင်ကုမ္ပဏီထောင်ဖို့ ဟားဗတ်မှာ ကျောင်းဆက်မတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ထောင်ခဲ့တဲ့ Microsoft ဟာ နည်းပညာသမိုင်းရဲ့ အချိုးအကွေ့တစ်ခု ဖြစ်ခဲ့သလို ဘီလ်ဂိတ်စ်ဆိုတဲ့ နာမည်ဟာလည်း စွန့်ဦးတီထွင်သူတို့အတွက်ရော အောင်မြင်ရေးကျမ်းတွေမှာပါ အမြဲဆိုသလို ညွှန်းခဲ့ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။


           ဘီလ်ဂိတ်စ်ဆိုရင် လူတိုင်းလိုလိုက ထိပ်ထိပ်ကြဲအောင်မြင်တဲ့ကမ္ဘာ‌ကျော်သူဌေးကြီး ပရဟိတသမားကြီးအဖြစ် သိကြပေမယ့် သူ့အကြောင်း လူသိနည်းတဲ့အပိုင်းတွေလည်း ရှိပါသေးတယ်။ ဥပမာ- သူဟာ အသက် ၈ နှစ်သားမှာ World Book Encyclopedia (ဂန္တလောကစွယ်စုံကျမ်း) ကြီးကို ပြီးအောင် ဖတ်ခဲ့တာ ၊ အသက် ၁၁ နှစ်သားမှာ တော်ပေါ်က ဒေသနာလို့ ခေါ်တဲ့ Book of Matthew အခန်း ၅ ကနေ ၇ ကို လုံးဝအမှားအယွင်းမရှိ စာပြန်နိုင်တာလိုမျိုးပေါ့။



           ဉာဏ်ရည်မြင့်မားတဲ့ ကလေးအဖြစ် ကြီးလာခဲ့တဲ့ ဂိတ်စ်ဟာ အသက် ၆၅ နှစ် ရှိတဲ့အထိ စာဖတ်ရတာ ဝါသနာကြီးသူ ဖြစ်ပါတယ်။ တစ်နှစ်ကို ပျမ်းမျှ စာအုပ်ပေါင်း ၅၀ လောက်အထိ ဖတ်နိုင်တာကလည်း သူ့ရဲ့ ထူးခြားမှုတစ်ခုလို့ ဆိုရမှာပါ။ ဘယ်တော့မှ ပိုက်ဆံအိတ်မကိုင် ၊ iPod မသုံးတဲ့ သူဟာ ရုပ်ရှင်ကြည့်ရတာကျတော့လည်း ဝါသနာ ထုံတယ်လို့ ဆိုပါတယ်။ ကဲ သူ့ရဲ့ လူသိနည်းတဲ့ အချက်တွေကို မွှေကြည့်ရအောင်ပါ။


(၁) အသက် ၁၅ နှစ်မှာ ကုမ္ပဏီထောင်တယ်


Photo: CNBC


           Lakeside School ရောက်တော့ ဂိတ်စ်ဟာ ပေါလ်အယ်လန်နဲ့ ခင်သွားပါတယ်။ နောင်တစ်ချိန်မှာ Microsoft ပူးတွဲတည်ထောင်သူတစ်ဦး ဖြစ်လာမယ့် အယ်လန်နဲ့ သူဟာ အတော်ကြီး ခင်တဲ့ သူငယ်ချင်းကောင်းတွေအဖြစ်ရော စီးပွားရေးမိတ်ဖက်အဖြစ်နဲ့ပါ တစ်သက်လုံး ရပ်တည်ခဲ့တယ်လို့ ဆိုရမှာပါ။ အထက်တန်းကျောင်းသားဘဝ အသက် ၁၅ နှစ်မှာကို ဂိတ်စ်ဟာ အယ်လန်နဲ့ပေါင်းပြီး ဆီယက်တဲလ်က ယာဉ်ကြောအချက်အလက်တွေ ကြည့်နိုင်မယ့် Traf O Data ဆိုတဲ့ ကွန်ပျူတာပရိုဂရမ်ကို ဖန်တီးခဲ့ပါတယ်။ ဒီပရိုဂရမ်အတွက် ဒေါ်လာ ၂၀၀၀ ရပြီးတဲ့နောက် တခြားအလုပ်တွေမှာလည်း ငါးထန်းရွက်လို ပူးပေါင်းဖို့ ဖြစ်လာတာပါ။


(၂) မဂ္ဂဇင်းတစ်ခုက အိုင်ဒီယာရတယ်


Photo: lesechos


           တစ်နေ့ အယ်လန်က ဂိတ်စ်ကို Popular Electronics မဂ္ဂဇင်းမှာပါတဲ့ Altair 8800 mini-computer kit အကြောင်း ဆောင်းပါးတစ်ပုဒ်လာပြပါတယ်။ ဒီဆောင်းပါးဖတ်ပြီး သူတို့နှစ်ဦးဟာ ဆော့ဖ်ဝဲလ်တွေ ရေးဖို့ MITS ကုမ္ပဏီကို ဆက်သွယ်ရာကနေ MITS မှာ အလုပ်ရသွားပါတယ်။ MITS အတွက် ထုတ်ကုန်တွေ ဖန်တီးဖို့ demo ပြပြီးနောက်မှာ Microsoft ကို ထောင်ဖြစ်တာပါ။ Microsoft ဆိုတာ မိုက်ခရိုကွန်ပျူတာနဲ့ ဆော့ဖ်ဝဲလ်ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းထားတာပါ။ Microsoft ရဲ့ ပထမဆုံးထုတ်ကုန်ဟာ Altair ကွန်ပျူတာအတွက် BASIC ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။


(၃) နှစ်ပေါင်းများစွာ ကမ္ဘာ့အချမ်းသာဆုံးနေရာ ရပ်တည်ခဲ့တယ်


Photo: BBC


           Microsoft ကို တည်ထောင်လိုက်တာဟာ ဘီဂိတ်စ်အဖို့ နတ်ရေကန်တူးလိုက်တာပဲလို့ ဆိုရမှာပါ။ ၁၉၈၆ ခုနှစ်မှာ Microsoft ရှယ်ယာတွေ တစ်စု ၂၁ ဒေါ်လာနှုန်းနဲ့ ထုတ်ရောင်းတော့ ရှယ်ယာ ၄၅% ပိုင်တဲ့ ဂိတ်စ်ဟာ မီလျံနာ ဖြစ်လာပါတယ်။ နောက်နှစ်မှာ ရှယ်ယာဈေး ၉၀.၇၅ ဖြစ်တော့ သူဟာ ဘီလျံနာဘဝရောက်ခဲ့ပါတယ်။ ၁၉၉၃ ကနေ ၂၀၀၇ အထိ ဂိတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးကရပ်တည်ခဲ့ပါတယ်။

           ၂၀၀၈ မှာ သူ့မိတ်ဆွေ ဝါရင်ဘတ်ဖတ်က ကမ္ဘာ့အချမ်းသာဆုံးဖြစ်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဂိတ်စ်ဟာ စုစုပေါင်း ၁၈ နှစ်ကြာအောင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ မှာ Microsoft ရဲ့ ဘုတ်အဖွဲ့ဥက္ကဌအဖြစ်ကနေ နှုတ်ထွက်ခဲ့ပေမယ့် အခုချိန် သူ့ကြွယ်ဝမှုဟာ ဒေါ်လာ ၁၂၄ ဘီလျံအထိ ရှိပါတယ်။


(၄) ဈေးကွက်လက်ဝါးကြီးအုပ်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်


Photo: noticias24chile


           ကလေးတုန်းက ဂိတ်စ်အကြိုက်ဆုံးဂိမ်းက Monopoly ဂိမ်းပါ။ နောက် ကိုယ်တိုင်ကုမ္ပဏီထောင်တဲ့ ၁၉၉၀ နှစ်တွေမှာ Microsoft ဟာ ဖက်ထရယ်ကုန်သွယ်ရေးကော်မရှင်နဲ့ တရားရေးဌာနရဲ့ ဈေးကွက်လက်ဝါးကြီးအုပ်ကြောင်း စွပ်စွဲချက်တွေကို ဖြေရှင်းခဲ့ရပါတယ်။ ဒီထဲမှာ ကွန်ပျူတာထုတ်လုပ်သူတွေဟာ Microsoft ရဲ့ ဆော့ဖ်ဝဲလ်တွေကို သူတို့စက်တွေမှာ pre-install ထည့်ရမယ်ဆိုတဲ့ အချက်တွေလည်း ပါပါတယ်။

           Microsoft လည်း Operating Systems ကုမ္ပဏီကတစ်ခု ၊ Software ကုမ္ပဏီက တစ်ခုဆိုပြီး ကုမ္ပဏီနှစ်ခုကွဲလုနီးပါးပါ ဖြစ်ခဲ့ပါတယ်။ နောက်တော့ Microsoft ဟာ ကုမ္ပဏီနှစ်ပိုင်းကွဲမယ့်အရေးကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။


(၅) ထက်မြက်တဲ့အမေ


Photo: Medium


           ဂိတ်စ်ရဲ့အမေဖြစ်တဲ့ မေရီဂိတ်စ်ဟာ Microsoft ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ်အတွက် စီးပွားရေးလောကမှာ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ လုပ်ငန်းရဲ့ ရှေ့ရေးတွေကိုလည်း သူမကပဲ ဂိတ်စ်ကို ကူညီလမ်းပြပေးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ၁၉၇၅ မှာ မေရီဂိတ်စ်ဟာ King County မှာ ရှိတဲ့ ရံပုံငွေအဖွဲ့အစည်း The United Way ရဲ့ ပထမဆုံးအမျိုးသမီးဥက္ကဌဖြစ်လာခဲ့ပါတယ်။

           ဆီယက်တဲလ်မှာ ရှိတဲ့ First Interstate Bank မှာလည်း ပထမဆုံးအမျိုးသမီးဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ United Way အမှုဆောင်ကော်မတီဥက္ကဌအဖြစ် တာဝန်ယူချိန်မှာ နာမည်ကျော် IBM ဥက္ကဌ ဂျွန်အိုးပယ်လ်နဲ့လည်း အလုပ်လုပ်ဖူးပါတယ်။ အမျှော်အမြင်ကြီးတဲ့ မေရီဟာ သက်တမ်း ၅ နှစ်ပဲ ရှိသေးတဲ့သူမသားရဲ့ Microsoft ကုမ္ပဏီ ကြီးပွားရေးအတွက် ဂျွန်အိုပယ်နဲ့ ဘီလ်ဂိတ်စ်ကို ပေးတွေ့ခဲ့ပါတယ်။

           အဲ့ဒီခေတ်က ကွန်ပျူတာလောကရဲ့ ထိပ်သီး IBM နဲ့ လုပ်ငန်းတွေ လုပ်ဖြစ်ခဲ့ပြီး ပူးပေါင်းမှုကပဲ Microsoft ကို ကမ္ဘာ့အကြီးဆုံးဆော့ဖ်ဝဲလ်ကုမ္ပဏီလမ်းကြောင်းပေါ် တွန်းတင်လိုက်သလို ဖြစ်ခဲ့တာပါ။ ဒါတွေကတော့ ပြောစရာတွေ များလွန်းလှတဲ့ ဘီဂိတ်စ်ရဲ့ ဘဝထဲက လူသိနည်းလှတဲ့ အကြောင်းအရာတချို့ပါပဲ။

Share

Loading Next Article...
က္က