ရန်ကုန်မှာ နာမည်ကြီးတဲ့ အစားအသောက်ပို့ဆောင်ရေး Apps တွေ

           ကိုရိုနာဗိုင်းရပ်စ်ကပ်ကြောင့် စာသင်ကျောင်း ၊ ရုပ်ရှင်ရုံနဲ့ အလုပ်အကိုင်အတော်များများ တံခါးပိတ်သွားခဲ့ပေမယ့် အိမ်အရောက်အစားအသောက် ပို့ဆောင်တဲ့ Startups လုပ်ငန်းတွေအတွက် တံခါးတစ်ချပ် ပွင့်သွားခဲ့ပါတယ်။

           ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ ၆ ပေခြား နေထိုင်မှုတွေ ၊ အိမ်တွင်းအောင်း Self-Isolation လမ်းညွှန်မှုတွေအောက်မှာ ရန်ကုန်နေ ပြည်သူအတော်များများဟာ မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းကတစ်ဆင့် ကိုယ်အာသီသရှိတဲ့ အစားအသောက်ကို မှာယူတဲ့အလေ့အထနဲ့ မြန်မြန်ဆန်ဆန် ရင်းနှီးသွားကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ အစားအသောက်ပို့ဆောင်ရေး FoodTec Startups တွေဟာ အနည်းဆုံး နှစ်ဒါဇင်လောက် ရှိနိုင်ပါတယ်။



           ဒီလို FoodTec Startups တွေထဲက ရန်ကုန်မှာ နာမည်ကြီးတဲ့ အစားအသောက်ပို့ဆောင်ရေး Apps ၅ ခုအကြောင်း ဖောက်သည်ချလိုက်ပါတယ်။


(၁) Freshgora




           ရန်ကုန်အခြေစိုက် Freshgora ဟာ အစားအသောက်တွေကို အော်ဒါမှာနိုင်မယ့် အွန်လိုင်းပလက်ဖောင်းတစ်ခု ဖြစ်ပြီး ၂၀၁၈ ခုနှစ်က စပြီး တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ Freshgora ဟာ စားသုံးသူတွေကို သူတို့နဲ့ အနီးအနားက စားသောက်ဆိုင်တွေနဲ့ ရနိုင်မယ့် မီနူးစာရင်းကို Apps ပေါ်ကနေ လိုက်ကြည့်နိုင်အောင် စီစဉ်ပေးထားပြီး အိမ်အရောက်အစားအသောက် ပို့ပေးပါတယ်။

           Freshgora ဟာ စားသောက်ဆိုင်တွေနဲ့ ဒေသဈေးတွေကနေ အစားအသောက်နဲ့ အိမ်သုံးပစ္စည်းတွေကို တစ်နာရီအတွင်း ပို့ဆောင်နေတာ ဖြစ်ပြီး ၂၀၁၉ နှစ်ကုန်ပိုင်းကအထိ တစ်နေ့ကို ရန်ကုန်မြို့အတွင်းမှာ Delivery အခေါက်ရေ ၁၀၀ ကျော် ပို့ရတယ်လို့ ဆိုပါတယ်။ ဒီ Startup ဟာ ၂၀၁၉ ဇွန်လထဲမှာ ကမ္ဘောဒီးယား အစားအသောက်ပို့ဆောင်ရေး Startup တစ်ခုဖြစ်တဲ့ Meal Temple Group ဆီက ရင်းနှီးမြှပ်နှံမှု ရခဲ့ပါတယ်။


(၂) foodpanda




           မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ လောက်ကမှ ဝင်ရောက်ခဲ့တဲ့ Foodpanda ဟာ ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် Delivery Hero ကုမ္ပဏီက ပိုင်တဲ့ အစားအသောက်ပို့ဆောင်ရေး ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ foodpanda ကို နိုင်ငံပေါင်း ၅၀ မှာ အမှတ်တံဆိပ် ၂၀ နဲ့ လည်ပတ်နေတယ်လို့ ဆိုပါတယ်။ မြန်မာ ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား ၊ စင်ကာပူ ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်း ၊ လာအို စတဲ့ အာဆီယံနိုင်ငံတွေမှာလည်း foodpanda ဝန်ဆောင်မှုတွေ ရှိနေပါတယ်။

           အင်အားကြီး Food Delivery service တစ်ခုဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံမှာလည်း လျင်လျင်မြန်မြန်ပဲ ဈေးကွက်ကြီးထွားအောင် ချဲ့ထွင်နေပါတယ်။ Reuters သတင်းအရ ၂၀၂၁ ခုနှစ်ထဲမှာကို foodpanda ဟာ မြန်မာ ၊ လာအို ၊ ကမ္ဘောဒီးယားနဲ့ ဂျပန်မှာ Pandamart အိမ်သုံးပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု ချဲ့ထွင်သွားမယ်လို့ ဆိုပါတယ်။


(၃) Yangon Door2Door



Photo: frontiermyanmar

           မြန်မာနိုင်ငံက အွန်လိုင်းအစားအသောက်မှာယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေထဲမှာ အဦးဆုံးလို့ ဆိုရမယ့် Yangon Door2Door လုပ်ငန်းကို ၂၀၁၃ ခုနှစ်က စတင်ခဲ့ပါတယ်။ လက်ရှိမှာ မိတ်ဖက် အရောင်းဆိုင်နဲ့ စားသောက်ဆိုင်ပေါင်း ၅၀၀ ကျော် ရှိထားတယ်လို့ ဆိုပါတယ်။ Myanmar Times သတင်းအရ ၂၀၁၉ ခုနှစ်ဝင်ငွေဟာ ၂၀၁၈ ခုနှစ်ကထက်နှစ်ဆကျော်ပြီး ဒေါ်လာ ၄ သန်း ဝင်မယ်လို့ ခန့်မှန်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။

           Yangon Door2Door ပလက်ဖောင်းမှာ အစားအသောက် မီနူးစုံလင်ပြီး အိမ်နဲ့ ရုံးတွေအရောက် မှာယူထားတဲ့ အစားအသောက်တွေကို မြန်မြန်ဆန်ဆန် ပို့ဆောင်နိုင်လို့လည်း နာမည်ကြီးပါတယ်။ စားစရာသောက်စရာတွေအပြင် အခမ်းအနားနဲ့ နေ့ထူးနေ့မြတ်တွေအတွက် ပန်းပွင့်နဲ့ အိမ်သုံးကုန်ပစ္စည်းတွေလည်း မှာယူနိုင်ပါတယ်။


(၄) Food2U




           ရန်ကုန်အခြေစိုက် Food2U အစားအသောက်ပို့ဆောင်ရေးပလက်ဖောင်းဟာ မြန်မာအစားအသောက် ၊ အာရှအစားအသောက် ၊ ဥရောပစားသောက်ဖွယ်ရာတွေနဲ့ သောက်စရာမျိုးစုံကို အွန်လိုင်းကနေ အော်ဒါတင်လို့ရတဲ့ ပလက်ဖောင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။တခြား Food Delivery Startups တွေလိုပဲ အစားအသောက်မှာယူမယ့်သူဟာ ပလက်ဖောင်းပေါ်ကနေ စားသောက်ဆိုင်ရွေးပြီး ကိုယ်စားချင်တဲ့ အစားအသောက်ကို အော်ဒါမှာ ၊ ပို့ဖို့ လိပ်စာထည့်လိုက်ရုံပါပဲ။

           DealStreetAsia သတင်းအရ ၂၀၁၇ ခုနှစ်ထဲမှာ Food2U ဟာ လုပ်ငန်းတိုးချဲ့ဖို့အတွက် iMyanmarHouse ဝက်ဘ်ဆိုက်တည်ထောင်သူအပါအဝင် အိမ်ခြံမြေဘက်မှ ရင်းနှီးမြှပ်နှံသူတွေဆီက ရံပုံငွေ ဂဏန်းခြောက်လုံး ရခဲ့တယ်လို့ ဆိုပါတယ်။ အစားအသောက်ပို့ဆောင်ရေးတွေ သိပ်မတွင်ကျယ်သေးတဲ့ အဲဒီနှစ်အတွင်းမှာတောင် Food2U ဟာ တစ်လကို ပစ္စည်းပို့တဲ့အခေါက်ရေ ၅၀၀၀ လောက် ရခဲ့တယ်လို့လည်း ဆိုပါတယ်။


(၅) GrabFood





           စင်ကာပူအခြေစိုက် နာမည်ကျော် အရှေ့တောင်အာရှ Ride-Hailing ကုမ္ပဏီ Grab ဟာ အခုနောက်ပိုင်းမှာ App သုံး ကားအငှားဝန်ဆောင်မှုတွေအပြင် မိုဘိုင်းလ် App ကနေ တစ်ဆင့် အစားအသောက်မှာယူပို့ဆောင်နိုင်မယ့် ဝန်ဆောင်မှုနဲ့ ဒီဂျစ်တယ်ငွေပေးချေရေး ဝန်ဆောင်မှုတွေပါ လုပ်ဆောင်လာနေပါတယ်။ GrabFood ဝန်ဆောင်မှုအနေနဲ့ မြန်မာနိုင်ငံထဲ ဝင်ရောက်လာတာ ၂၀၁၉ နှစ်အကုန်မှ ဖြစ်ပါတယ်။

           လုပ်ငန်းစစချင်း ကမာရွတ် ၊ ဒဂုံ ၊ ဗဟန်း ၊ ရန်ကင်း ၊ စမ်းချောင်း ၊ လမ်းမတော် ၊ လသာ ၊ ပန်းဘဲတန်း နဲ့ ကျောက်တံတား စတဲ့ ရန်ကုန် ၉ မြို့နယ်မှာ ရှိတဲ့ စားသောက်ဆိုင် ၂၀ ကျော်နဲ့ ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးနေတာပါ။ ရန်ကုန်မှာ ရှိတဲ့ တခြား Food Delivery အများစုတွေလိုပဲ စက်ဘီးနဲ့ ပစ္စည်းပို့တဲ့ Couriers တွေ ထားပါတယ်။ GrabFood က မှာထားတဲ့ အစားအသောက်တွေကို နာရီဝက် ၊ ၄၅ မိနစ်အတွင်း အရောက်ပို့နိုင်အောင် စီမံထားတယ်လို့လည်း ဆိုပါတယ်။

           Social Media အားကောင်းလာတဲ့ခေတ် ၊ လူတိုင်း အွန်လိုင်းလက်လှမ်းမီလာတဲ့ခေတ်မှာ လေထဲက အလုပ်အကိုင်တွေနဲ့ ဝန်ဆောင်မှုတွေကလည်း မကြုံဖူးအောင် အလားအလာကောင်းလာပါတယ်။ App သုံး အစားအသောက်မှာယူတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်ဖန်တီးမှုတွေ ၊ လူနေမှုပုံစံအပြောင်းအလဲသစ်တွေလည်း မြင်လာရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က