In partnership with  logo
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်မှုကို ခံခဲ့ရသူဖြစ်ပါတယ်။

ဖလောရင့်နိုက်တင်ဂေးလ်ဆုဆိုတာ လူနာပြုစုစောင့်ရှောက်မှုနဲ့သူနာပြုအလုပ်မှာ လူနာသည်သာ ပထမအဖြစ် ကိုယ်ကျိုးမငဲ့ စွမ်းစွမ်းတမံ လုပ်ဆောင်သူတွေကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်က ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။



ကမ္ဘာ့ပထမဆုံး သူနာပြုအမျိုးသမီးဖြစ်တဲ့ ဗြိတိသျှလူမျိုး ဖလော့ရင့်နိုက်တင်ဂေးလ်ကို အစွဲပြုပြီး ဖြစ်ပေါ်လာခဲ့သလို ဒီဆုကို သူနာပြုတွေဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ တစ်ခါပဲ ချီးမြှင့်ခြင်း ခံရနိုင်တဲ့ဆုဖြစ်ပြီး သူနာပြုတွေအတွက် ဂုဏ်သတင်းအကြီးမားဆုံး ဆုလို့ ဆိုနိုင်ပါတယ်။

၁၉၈၃ခုနှစ်မှာတော့ ဖလောရင့်နိုက်တင်ဂေးဆုကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံက ဒေါ်ခင်အုန်းမြက ရရှိခဲ့ပါတယ်။ 

ဓာတ်ပုံ - ဝီကီပီးဒီးယား

နှလုံးသားလှတဲ့ ဆရာမလေး

မော်လမြိုင်သူ မအုန်းမြ (ခေါ်) ဒေါ်ခင်အုန်းမြကို အောက်တိုဘာလ ၁၆ရက် ၊ ၁၉၁၇ခုနှစ်မှာ မွေးဖွားခဲ့ပြီး  မောင်နှမလေးယောက်မှာ အငယ်ဆုံးသမီးပါ။ ပြောဆိုဆက်ဆံဖူးသူတိုင်းက စကားပြောနူးညံ့သိမ်မွေ့သူ ကြင်နာတတ်သူလေးရယ်လို့ မှတ်ချက်ပြုရတဲ့ မိန်းကလေးဖြစ်ပြီး မင်းဘူးဆေးရုံအုပ်ကြီး လုပ်ခဲ့တဲ့ ဖခင်ဆီကနေ ဆေးပညာအမွေကို သူမကသာ စိတ်ဝင်တစားရှိခဲ့တာပါ။  ပင်ကိုယ်စိတ်ထားကောင်းလေးနဲ့ ဝါသနာအရင်းခံစိတ်လေးက မြန်မာနိုင်ငံအတွက် အဖိုးတန် သူနာပြုဆရာမလေးတစ်ယောက် ပေါ်ထွန်းလာဖို့ အဓိက အရင်းအမြစ်တွေပါပဲ။

ဆယ်ကျော်သက်မလေးရဲ့ အားကျစိတ်

မော်လမြိုင်နဲ့ မြစ်ကြီးနားမြို့မှာ အထက်တန်းကျောင်းတက်တော့ ဆေးရုံဝင်းကို နေ့စဉ်ဖြတ်သန်းသွားလာနေရတဲ့ သူမအတွက် ဆရာဝန်တွေ ဆရာမတွေကို တွေ့ရတော့ အားကျစိတ်ဖြစ်သလို ဖခင်ကပါ ဆေးပညာလောကသားဖြစ်တော့ သူမဟာ သူနာပြုလုပ်ငန်းကို စိတ်ဝင်တစားရှိလာပါတယ်။ ဒါကြောင့် ဝါသနာအရ သူနာပြုဆိုင်ရာ စာအုပ်တွေကို ကိုယ့်ဘာသာ ဖတ်ရှုလေ့လာပြီး သင်ယူပါတယ်။

စာနယ်ဇင်းသမားအဖြစ်လည်း နာမည်ကျော်ခဲ့သူ မအုန်းမြ

ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါပြီး စာရေးဆရာကြီးတွေရဲ့ စာပေတွေကို လေ့လာခဲ့သူဖြစ်တဲ့အတွက် အမျိုးသမီးသတင်းထောက်တွေရှားပါးတဲ့ခေတ်မှာ ဆယ်ကျော်သက်အရွယ်နဲ့ မအုန်းမြ စာပေလောကထဲ စတင်ဝင်ရောက်လာပါတယ်။သတင်းဦး ၊ သတင်းထူးတွေလည်း အမြဲဖော်ပြနိုင်သလို ခရီးလမ်းပန်းခက်ခဲတဲ့ ဒေသတွေကိုလည်း စာနယ်ဇင်းတွေကို ကိုယ်စားလှယ်လုပ်ပြီး အခမဲ့ဖြန့်ဝေခဲ့ပါတယ်။ဒါကြောင့်  မြန်မာ့အလင်းရဲ့ (ထူး၊ဦး) ဆုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ရရှိတဲ့ အမျိုးသမီးဖြစ်ပါတယ်။

စာနယ်ဇင်းလောကကနေ နိုင်ငံရေးလောကထဲဝင်ရောက်လာပြီး လူငယ်နဲ့အမျိုးသမီးရေးရာ လှုပ်ရှားမှုတွေပြုလုပ်တာကြောင့်လည်း အင်္ဂလိပ်အရေးပိုင်က သူမရဲ့ ဖခင်ကို သတိပေးစကားဆိုခဲ့ပါတယ်။  အားနွဲ့တဲ့မိန်းမသားက အမျိုးသားရေးဟောပြောမှုတွေ ပြုလုပ်တယ်ဆိုကာ သူရိယသတင်းစာကနေ လှောင်ပြောင်တာကိုလည်း ခံခဲ့ရပါသေးတယ်။

သူနာပြုဖြစ်ပြီးမကြာမီ သူနာပြုတပ်ကိုဖွဲ့စည်းနိုင်ခဲ့သူ

မအုန်းမြဟာ အသက်၂၀ကျော်အရွယ် ၁၉၃၈၀န်းကျင်မှာ  ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တဲ့ သူနာပြုအလုပ်ဘက်ကို ကူးပြောင်းလာပါတယ်။ဆေးပညာနဲ့ မဝေးလှတဲ့အပြင် ကိုယ်တိုင်ကပါ စိတ်ဝင်စားပြီး လေ့လာခဲ့တာကြောင့်  အခက်အခဲတွေရှိပေမယ့်လည်း ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ကို ၁၉၃၈မှာ ရအောင်ဖွဲ့စည်းခဲ့ပါတယ်။၁၉၄၀မှာတော့ မအုန်းမြရဲ့ ကြက်ခြေနီ သူနာပြုတပ်ကလေးဟာ မြို့လူထုရဲ့ အဖက်ဖက်က အားတွေနဲ့ တောင့်တင်းလာသလို ဒုတိယကမ္ဘာစစ်မီး ကူးလာချိန်မှာလည်း လူထုအတွက် အရေးပါတဲ့ အဖွဲ့ဖြစ်လာပါတယ်။

ဒုတိကမ္ဘာစစ်ကြီးအတွင်းက ဂရုဏာရှင်မလေး

၁၉၄၂ခု ဗြိတိသျှတပ်တွေ အိန္ဒိယကို ပြန်ဆုတ်ချိန် မိုကောင်း ၊ ဟူးကောင်းတောင်ကြား ၊ လီဒိုလမ်းတလျှောက်က စစ်ပြေးဒုက္ခသည်တွေဟာ လမ်းက သစ်ပင်တွေ ၊ ကျောင်းဇရပ်တွေအပြည့်ဖြစ်နေပြီး ဒီဒုက္ခသည်တွေကိုလည်း မအုန်းမြတို့အဖွဲ့က ဗုံး ၊ စက်သေနတ်တွေကြားက ပြုစုကူညီပေးခဲ့ကြပါတယ်။ကာလဝမ်းရောဂါတွေ ၊ ကျောက်ရောဂါတွေကိုလည်း မိမိအသက်အတွက် မကြောက်ရွံ့နိုင်ဘဲ ကူညီရပြန်ပါတယ်။

ဘီအိုင်အေ မြန်မာ့ကာကွယ်ရေးတပ်မတော်အတွက်လည်း လှုပ်ရှားပြန်သလို သေနတ်သံ ၊ ဗုံးဒဏ်တွေအလူးအလဲကြားက လူနာတွေကို နေရာအကြိမ်ကြိမ်ရွှေ့ ရအောင်ကယ်တင်ရင်း နောက်ဆုံးကိုယ်တိုင်စစ်ပြေးရတဲ့အခါ အစ်ကိုရှိရာဒေသကို ပြေးရင်း အစ်ကိုနဲ့အတူ ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်ပေးပြန်ပါတယ်။

ဂျပန်တော်လှန်ရေးကာလရဲ့ မီးအိမ်ရှင်

မြန်မာ့ကာကွယ်ရေးတပ်(ဘီအိုင်အေ)က သူနာပြုဆရာမခန့်တာကြောင့် ပဲခူးမြို့မှာ တာဝန်ထမ်းဆောင်နေတုန်းဂျပန်စစ်ဗိုလ်က ရှေ့တန်းအတွက် သူနာပြုခေါ်ချိန်မှာ မအုန်းမြက စစ်ဒဏ်ခံဖူးပေမယ့် စစ်ပရိယာယ်ကိုနားမလည်လည်း စွန့်စားခြင်းတစ်ရပ်အနေနဲ့ လိုက်ဖို့ ကတိပေးခဲ့ပါတယ်။ဒါပေမယ့် ၁၉၄၅ ၊ ဂျပန်တွေကို စတင်တော်လှန်ကြချိန်မှာတော့ တော်လှန်ရေးကာလ ကျေးရွာပြည်သူလူထုတွေ တော်လှန်ရေးရဲဘော်တွေကို တစ်နေရာကနေ တစ်နေရာ ကူးသန်းရခက်ပေမယ့် လက်ဆွဲမီးအိမ်တစ်လုံးနဲ့ ကြောက်စိတ်ကိုဖျောက်ပြီး လူနာတွေ လိုက်လံ ပြုစုခဲ့ပါတယ်။

စေတနာအသီးအပွင့်တွေကို ခံစားရချိန်

တော်လှန်ရေးကာလမှာ စတင်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့အတူ စစ်ပြီးကာလနောက်ပိုင်းမှာလည်း မအုန်းမြဟာ  တပ်မတော်မှာ ရာထူးအဆင့်ဆင့်နဲ့ သူနာပြုတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့တာကြောင့် ထူးချွန်တဲ့အပြင် စွန့်စွန့်စားစားတာဝန်တွေထမ်းဆောင်ခဲ့တဲ့အတွက်  ဗိုလ်ချုပ်အောင်ဆန်းက သူမကို ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခဲ့ပါတယ်။ ၁၉၆၃ခုနှစ် သြဂုတ်လ ၁၂ရက်မှာတော့ ဂျနီဗာမြို့ရှိ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်က ဖလောရင့်နိုက်တင်ဂေးလ်ဆုတံဆိပ်ကို ထပ်မံချီးမြှင့်ခဲ့တာကြောင့် မြန်မာနိုင်ငံအတွက် ပထမဆုံးဆုရှင် ဖြစ်လာခဲ့ပါတယ်။ ဒီလိုဆုရရှိတဲ့သတင်းကို  မြန်မာနိုင်ငံတွင်းသာမက နိုင်ငံရပ်ခြားကို ရောက်ရှိနေတဲ့ သူမ ပြုစုကုသခဲ့တဲ့ လူနာတွေပါ သိရှိကြပြီး နေရာဒေသအသီးသီးကနေ သူမကို ဂုဏ်ပြုစကား ၊ စာလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။

ဒေါ်ခင်အုန်းမြဟာ သူနာပြုအလုပ် ၊ လူမှုရေးအကျိုးပြုအလုပ်တွေကို ဘဝတစ်သက်တာကာလပတ်လုံး ဆောင်ရွက်ခဲ့ပြီး ဖလောရင့်နိုက်တင်ဂေးလ် ဆုတံဆိပ်အပြင် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်)၊ လွတ်လပ်ရေးစည်းရုံးမှုတံဆိပ် ၊ လွတ်မြောက်ရေးတံဆိပ်၊ စစ်မှုထမ်းဟောင်းတံဆိပ်၊ ပြည်ပရန်နှိမ်တံဆိပ်၊ ပြည်သူ့စစ်ပွဲဝင်တံဆိပ်တွေကိုလည်း ရရှိခဲ့ပါတယ်။ တိုင်းပြည်အေးချမ်းချိန်မှာလည်း မိခင်အိုနဲ့အတူ နေထိုင်ကာ တိုင်းပြည်တာဝန်တွေကို ဆက်လက်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ကိုးကား- မြန်မာအမျိုးသမီး ( စောမုံညင်း), Wikipedia, nightingalenursingawards.org




ဆက်စပ်အကြောင်းအရာများ

Share

က္က