ကိုဗစ်-၁၉ရောဂါခံစားရပြီးနောက် ပြန်ကောင်းဖို့အတွက်ဆိုရင် ကိုယ်စတဲ့ဖျားချိန် ရောဂါဘယ်လောက်ပြင်းထန်လည်းအပေါ်မူတည်ပါတယ်။
တစ်ချို့အတွက်ကျတော့ သာမန်ဖျားနာတာလောက်ပဲဖြစ်ပြီး တစ်ချို့ကျတော့လည်း ဒီရောဂါရဲ့ ဒဏ်ကို ဆိုးဆိုးရွားရွားခံစားရကာ ရောဂါလက္ခဏာတွေဆက်လက်ကျန်ခဲ့သလို ကာလတာရှည်ဝေဒနာခံရတာမျိုးတွေလည်း ကြုံတွေ့နေကြရတာပါ။ ကာလရှည်ဝေဒနာခံစားရတဲ့သူတွေအနေနဲ့ကတော့ ကိုဗစ်ပျောက်ကင်းသွားပေမယ့်လည်း နောက်ဆက်တွဲဝေဒနာတွေအဖြစ် လူကအားမရှိဘဲ နုန်းနေတာ၊ အသက်ရှုရခက်တာ၊ ခေါင်းကိုက်တာ ၊ ညဘက်မှာအိပ်ပျော်ဖို့ခက်ခဲတာနဲ့ စိတ်ဖိစီးမှုများပြီး ထိတ်လန့်နေတတ်တဲ့အခြေအနေမျိုးတွေကို ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။
Photo: Times of India
ကိုဗစ်ပျောက်ကင်းပြီး ဘယ်လိုနေထိုင်သင့်လဲ
ကိုဗစ်ကူးစက်ခံရပြီးနောက် ရောဂါပြန်လည်ပျောက်ကင်းပြီးမှ ရုတ်တရက် သေဆုံးသွားတဲ့သူတွေလည်းရှိနေပါတယ်။ ဒီလိုမျိုးသေဆုံးသူတွေဟာ ရောဂါဝေဒနာခံစားရစဉ်က အဆုတ်ကို ထိခိုက်ထားတဲ့ဒဏ်ကြောင့်ဖြစ်ပါတယ်။ အဆုတ်ထဲကို ရောဂါပိုးဝင်ရောက်ထားတဲ့အတွက်ကြောင့် ပြန်လည်သက်လာလာပေမယ့်လည်း ပုံမှန်လူကောင်းတစ်ယောက်လို လှုပ်ရှားမှုတွေနဲ့ အလေးအပင်မတာတွေကို မလုပ်ဆောင်သင့်ပါဘူး။ အဆုတ်မှာ ဒဏ်ရှိထားတဲ့အတွက် အမောမခံနိုင်တာကြောင့် နေကောင်းပြီးလူနာတွေဟာ အခုလိုရုတ်တရက်သေဆုံးမှုတွေကြုံတွေ့နေရတာပါ။ ဒါ့ကြောင့် ကိုဗစ်ရောဂါဝေဒနာခံစားထားရတဲ့သူတွေက ရောဂါပျောက်ကင်းပြီး အနည်းဆုံး သုံးလအထိ ပင်ပန်းတဲ့လုပ်ဆောင်မှုမျိုးတွေကို ရှောင်သင့်ပါတယ်။
Photo: Times of India
ကိုဗစ်ကူးပြီးသားလူနာတစ်ယောက် ရောဂါပြန်ကူးနိုင်လား
ကိုဗစ်ဗိုင်းရပ်စ်ပိုးမှာ Alpha / Beta / Delta အပြင် Kappa ဆိုတဲ့ မျိုးကွဲများအထိတွေ့ရှိထားတာပါ။ ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာတစ်ယောက်ဟာ ပထမအကြိမ်မိမိကို ကူးစက်ထားတဲ့ မျိုးရိုးဗီဇမဟုတ်ဘဲ ဗီဇမျိုးကွဲသစ်က ထပ်မံကူးစက်အန္တရာယ်ပေးနိုင်ပါတယ်။ ကိုဗစ်ကူးစက်ပြီးသားလူနာလည်း ဗီဇမျိုးကွဲအလိုက်ကူးစက်နိုင်ခြေက တစ်ခါမှကူးစက်မခံရဘူးသော ပုံမှန်လူတွေနဲ့တူတူဖြစ်ကာ ထပ်မံကူးစက်နိုင်ချေရှိပါတယ်။
Photo: Times of India
ကိုဗစ်ပျောက်ကင်းလူနာရဲ့ ကိုယ်ခံအားစနစ်
ကိုဗစ်ပျောက်ကင်းလူနာတွေဟာ ရောဂါပိုးကို ပြန်လည်ခုခံနိုင်တဲ့ ကိုယ်ခံအား ထွက်ရှိပြီးသူတွေဖြစ်ပါတယ်။ ကိုဗစ်ပျောက်ကင်းလူနာတိုင်း ကိုယ်ခံအားစနစ်ထွက်ရှိတာမျိုးမဟုတ်ဘဲ မထွက်တဲ့သူတွေလည်းရှိပါတယ်။ ဒါကိုတော့ ရောဂါပျောက်ကင်းပြီးတဲ့အခါမှာ Antibody test kit နဲ့ စစ်ဆေးနိုင်ပါတယ်။ ကိုယ်ခံအား ကိုဗစ်ပျောက်ကင်းလူနာတွေအနေနဲ့ ရောဂါကို အပြီးပြတ်တိုက်ထုတ်နိုင်ဖို့အတွက် ကိုယ်ခံအားစနစ် လုံလုံလောက်လောက်ထွက်ရှိဖို့လည်းလိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်မလုံလောက်တဲ့အခါမှာလည်း ပထမအကြိမ်ကိုဗစ်ဖြစ်ဖူးတဲ့သူတွေလည်း နောက်ထပ်ကိုဗစ်မျိုးကွဲတွေဝင်ရောက်လာတဲ့အခါ ဒုတိယအကြိမ် ပြန်လည်ကူးစက်နိုင်ပါတယ်။
ကိုဗစ်ပိုးကိုတိုက်ထုတ်နိုင်ဖို့အတွက် ကိုယ်ခံအားက အရေးကြီးလှပါတယ်။ ကိုယ်ခံအားထွက်ရှိတဲ့အချိန်က လူတစ်ဦးနဲ့တစ်ဦးကလည်း ကြာချိန်မတူညီကြပဲ တချို့က သက်တမ်း (၁၀)ရက်ခန့်သာရှိပြီး တချို့က (၆)လအထိ ကြာရှည်ပါတယ်။ ကိုဗစ်လူနာတွေဟာ အဆုတ်ကို အဓိကဖျက်ဆီးခံထားရတာဖြစ်လို့ လူတိုင်းမှာ အနည်းနဲ့အများတော့ အဆုတ်ကဒဏ်ဖြစ်နေမှာပါ။ အောက်ဆီဂျင်ကျတဲ့လူနာတွေက ဒဏ်ပိုပြင်းထန်ပြီး အောက်ဆီဂျင်ပြန်တက်လာတဲ့အခါမှာလည်း ခံစားခဲ့ရတဲ့ဒဏ်ကို ပြုကုစားဖို့ အချိန်ယူရပါသေးတယ်။ ရောဂါပျောက်ကင်းသွားပေမယ့်လည်း အဆုတ်နဲ့ ပက်သတ်တဲ့ဒဏ်တွေပိုမဆိုးလာဖို့အတွက် ကိုဗစ်ပျောက်ကင်းလူနာတွေဟာ ပြင်းထန်တဲ့လှုပ်ရှားမှုမျိုးတွေ၊ ဆေးလိပ်သောက်သုံးခြင်းနဲ့ အသက်ရှူလ့ကျင့်ခန်းတွေကို မှန်မှန်လုပ်ပေးဖို့လိုအပ်တယ်လို့ လက်ရှိ ကိုဗစ်လူနာတွေကို ကုသမှုပေးနေတဲ့ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပြောကြားထားပါတယ်။]
သတင်းဆောင်းပါးပါအချက်အလက်များကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုမျှဝေထားခြင်းဖြစ်ပါသည်။