မုန့်တီလို့ပြောလိုက်ရင် ရခိုင်လူမျိုးကို တန်းမြင်မိကြမိသလို ဆာဘူးသီးလို့ ဆိုလိုက်ရင်လည်း ချင်းလူမျိုးတွေကို ပြေးမြင်မိကြမှာပါ။

မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတစ်ခုချင်းစီမှာ သက်ဆိုင်ရာ ရိုးရာအစားအသောက်တွေ ရှိကြပါတယ်။

Photo: Trend.com

မုန့်တီလို့ပြောလိုက်ရင် ရခိုင်လူမျိုးကို တန်းမြင်မိကြမိသလို ဆာဘူးသီးလို့ ဆိုလိုက်ရင်လည်း ချင်းလူမျိုးတွေကို ပြေးမြင်မိကြမှာပါ။ အဲဒီလိုပဲ ကရင်တိုင်းရင်းသားတွေမှာလည်း သူတို့ အမြတ်တနိုးတန်ဖိုးထားရတဲ့ ရိုးရာဟင်းလျာတစ်ခုကို ပြောပါဆိုရင် တာလပေါဟင်းကို ပြောရမှာပါ။ တာလပေါဟင်းကို အခုချိန်ထိတိုင်အောင် ကရင်တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာအစားအသောက်တစ်ခုအဖြစ် သတ်မှတ်စားသောက်နေကြဆဲဖြစ်သလို ကရင်မိသားစုတွေရဲ့ ထမင်းဝိုင်းမှာ တာလပေါ့ဟင်းတစ်ခွက်က အမြဲတမ်းနေရာယူနေဆဲပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် Duwun Lifestyle Food အစီအစဉ်ကနေ ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာတာလပေါဟင်းလျာအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Photo: MyFood Myanmar

တာလပေါဟင်းဆိုတာ…

ကရင်ရိုးရာတာလပေါဟင်းဆိုတာ ဆန်နှစ်မှုန့်၊ အသား၊ငါး တစ်မျိုးမျိုး ဟင်းသီးဟင်းရွက် မျိုးစုံထည့်ပြီး ရောနှောချက်ပြုတ်ရတဲ့ ဟင်းလျာတစ်မျိုးပါ။ အဓိကကတော့ မျှစ်ကို အခြေခံ ချက်ပြုတ်ရတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပြီး ကရင်လူမျိုးတွေကတော့ တာလပေါဟင်းလျာအတွက် ဝါးဘိုးမျှစ်ကို အဓိကထားအသုံးပြုကြပါတယ်။ မြစ်ချောင်း၊တောတောင်တွေ များပြားထူထပ်တဲ့နေရာတွေမှာနေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေအတွက် ဝါးဘိုးမျှစ်ကို အလွယ်တကူခုတ်ယူရနိုင်သလို ဒေသထွက် အသီးအနှံမျိုးစုံ၊ အင်းအိုင်တွေမှာ ပေါက်ရောက်တဲ့ အသား၊ငါး ၊ ခရု ၊ ဖားစတာတွေကို အဓိကထည့်သွင်းချက်ပြုတ်ကြတာဖြစ်ပါတယ်။

Photo: Trend.com

ကရင်တိုင်းရင်းသားတွေမြတ်နိုးတန်ဖိုးထားရာ

တာလပေါဟင်းလျာဆိုတာ ကရင်လူမျိုးတွေ မြတ်နိုးတန်ဖိုးထားရာ ဓလေ့ဟင်းလျာတစ်ခုလည်းဖြစ်ပါတယ်။ ဟိုးယခင်က တောတောင်တွေအနီးအနားနေထိုင်ကြပြီး မိသားစုဝင်တွေလည်းများပြားလှတဲ့ ကရင်မိသားစုဝင်တွေဟာ ဆန်ကုန်သက်သာအောင်ဆိုပြီး ထမင်းအစားထိုးအဖြစ် တာလပေါဟင်းကို အိုးကြီးနဲ့ ချက်ပြုတ်ပြီး ထမင်းနည်းနည်း တာလပေါဟင်းများများနဲ့ စားသောက်ကြတာဖြစ်တယ်လို့ ကရင်လူမျိုးတွေရဲ့ အဆိုအရ သိရပါတယ်။ တောင်သူတောင်သားတွေပီပီ ဟိုးယခင်က ကရင်လူမျိုးတွေဟာ ဟင်းတစ်ခွက်ချက်ဖို့ဆိုရင် ဈေးတွေသွားနေစရာမလိုပါဘူး။ ကိုယ့်ရဲ့ အနီးအနားမှာရှိတဲ့ ဝါးရုံအောက်ခြေကနေ ဝါးပိုးမျှစ်ကို ခုတ်၊ ခြံစိုက် အသီးအနှံတွေခူး၊ အင်းအိုင်တွေမှာပေါက်ရောက်နေတဲ့ အသား၊ငါး၊ ပုဇွန်တွေဖမ်းပြီး ရောပြွန်းချက်ပြုတ်လိုက်မယ်ဆိုရင် အရသာရှိတဲ့ မျှစ်တာလပေါဟင်းတစ်အိုးရရှိလာမှာဖြစ်ပါတယ်။

Photo: Trend.com

အလွယ်ကူဆုံးနည်းလမ်းနဲ့ မျှစ်တာလပေါဟင်းချက်နည်း

ကရင်ရိုးရာတာလပေါဟင်းက ချက်ပြုတ်ရတာ မြန်မြန်ဆန်ဆန်နဲ့ လွယ်ကူပါတယ်။ တာလပေါဟင်းချက်တော့မယ်ဆိုရင် အဓိကက မျှစ် (ဝါးပိုးမျှစ်မရပါက မျှစ်နုလည်း အသုံးပြုနိုင်ပါတယ်၊ ဆန်လှော်ထောင်း (သို့မဟုတ်) ဆန်မှုန့်၊ ပုဇွန်၊ ငါး၊ အသားကြိုက်ရင် အသားတစ်မျိုးမျိုး၊ ပင်စိမ်း၊ ဒန့်ဒလွန်ရွက်၊ ဆူးပုပ်ရွက်၊ ဓညင်းသီး၊ ရုံးပတီသီး (အသီးအရွက်ကတော့ မိမိကြိုက်နှစ်သက်ရာထည့်နိုင်ပါတယ်)၊ စိမ်းစားငါးပိ၊ ငရုတ်ကောင်း၊ ငရုပ်သီးစိမ်း စတာတွေ အဓိက လိုအပ်ပါတယ်။

ဟင်းစချက်မယ်ဆိုပါက မျှစ်တွေကိုပါးပါးလှီးပြီး ပြုတ်ထားပါ။ အိုးထဲမှာ ရေထည့်ကာ မီးဖိုပေါ်တင်ပြီး ငါး၊ ပုဇွန်၊ အသား စသဖြင့် ထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာပါက စောနကပြုတ်ထားတဲ့ မျှစ်ကို ထည့်ပါ။ အဲဒီနောက် ငပိစိမ်းစား၊ ဆား၊ ဓညင်းသီးများကို လှီးပြီး ထည့်ပါ။ (၁၅) မိနစ်ခန့် ဆူအောင်တည်ပါ။ ဒီနေရာမှာ မိမိကြိုက်နှစ်သက်ရာ အသီးအရွက်များကိုလည်း ထည့်နိုင်ပါတယ်။ စပ်စပ်ကလေးဖြစ်အောင် ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းမှုန့်များထည့်နိုင်ပါတယ်။ ဆူပွက်လာပြီဆိုပါက ဆန်လှော်ထောင်း (သို့မဟုတ်) ဆန်မှုန့်အရည်ဖျော်ထားတာကို ဟင်းအိုးထဲထည့်ပါ။ ဟင်းအိုးမချခင်လေးမှာ အနံလေးမွှေးနေအောင် ပင်စိမ်းရွက်လေးအုပ်ပေးပါ။ အဲဒီနောက် အသားငါး၊ အသီးအရွက်များကျက်ပြီး ဟင်းရည်လည်း ပျစ်လာပြီဆိုရင်တော စားသုံးလို့ရနိုင်ပါပြီ။

တာလပေါဟင်းချက်ပြုတ်ရာမှာ ကရင်ဒေသတစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။ ပျစ်နေအောင် ချက်စားကြသလို အရည်သောက်ပုံစံ ခပ်ကျဲကျဲလေး ချက်စားတတ်တဲ့ဒေသတွေလည်း ရှိကြပါတယ်။ ကရင်ပြည်နယ်၊ ဘားအံဘက်က ဒေသတစ်ဝိုက်မှာတော့ မျှစ်တာလပေါဟင်းကို ခပ်ပျစ်ပျစ်လေးချက်စားကြတာများပါတယ်။ နေရာဒေသ၊ မိရိုးဖလာ ဓလေ့တွေပေါ်လိုက်ပြီး ချက်နည်းကတော့ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ တာလပေါ့ဟင်းချက်ပြုတ်တဲ့အခါ အသီးအရွက်ကြိုက်တတ်တဲ့သူတွေက မိမိကြိုက်နှစ်သက်ရာ အသီးအနှံတွေကို လိုသလို ထည့်ပြုတ်ချက်စားနိုင်ပါတယ်။ 

Photo: Trend.com

တာလပေါဟင်းလျာရဲ့အာဟာရ

တိုင်းရင်းသားလူမျိုးအများစုရဲ့ ရိုးရာအစားအစာတွေဟာ အများအားဖြင့် ဆီမပါဘဲ ချက်ပြုတ်စားသောက်လေ့ရှိတာကြောင့် ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတဲ့ဟင်းလျာတွေလို့ ဆိုရမှာပါ။ ကရင်ရိုးရာတာလပေါဟင်းချက်ပြုတ်ရာမှာလည်း ဆီလုံးဝသုံးစရာမလိုတဲ့အပြင် အသီးအရွက်မျိုးစုံအပြင် လတ်လတ်ဆတ်ဆတ် အသား၊ငါးတွေနဲ့ ချက်ပြုတ်တာဖြစ်တဲ့အတွက် သင့်တော်တဲ့ အာဟာရဓာတ်များစွာရရှိစေတဲ့ ဟင်းလျာတစ်ခွက်လည်းဖြစ်ပါတယ်။ တာလပေါဟင်းက ချက်ပြုတ်ရတာလည်းလွယ်ကူမြန်ဆန်ပြီး အသီးအနှံမျိုးစုံပါဝင်တာကြောင့် အရောင်တွေစုံနေတဲ့ဟင်းလျာတစ်ခွက်ဖြစ်တဲ့အပြင် စားလိုက်ရင်လည်း အရသာရှိတာကြောင့် စားဖူးသူတိုင်းကြိုက်နှစ်သက်ကြတဲ့ ဟင်းတစ်ခွက်ပဲ ဖြစ်ပါတယ်။ တာလပေါဟင်းလျာက ဆိုင်တိုင်းမှာမရနိုင်ပါဘူး။ ဒါကြောင့် အိမ်မှာနေနေရတဲ့သူတွေအနေနဲ့ အခုလို မိုးအေးအေးမှာ ပူပူနွေးနွေးနဲ့ ထမင်းမြိန်စေလှတဲ့ တာလပေါဟင်းလျာကို မိသားစုတွေဝိုင်းဖွဲ့ချက်ပြုတ် ခံစားကြည့်ကြမယ်နော်။

Share

Loading Next Article...
က္က