NORTHCOM လို့ ခေါ်တဲ့ အမေရိကန်မြောက်ပိုင်းတပ်ဟာ ရှေ့ကို ရက်နဲ့ချီ ကြိုမြင်နိုင်မယ့် AI နည်းပညာ စမ်းသပ်မှုလုပ်နေတယ်လို့ ဆိုပါတယ်။
The Drive သတင်းအရ NORTHCOM ဟာ GIDE လို့ ခေါ်တဲ့ ကမ္ဘာ့သတင်းအချက်အလက် လွှမ်းမိုးမှုစမ်းသပ်ချက်ဆိုတဲ့ စမ်းသပ်မှုတွေကို လုပ်နေတယ်လို့ ဆိုပါတယ်။ GIDE စမ်းသပ်မှုတွေဟာ တစ်ကမ္ဘာလုံးက အာရုံခံစနစ်ကွန်ရက်တွေ ၊ ဉာဏ်ရည်တုနည်းပညာ AI စနစ်နဲ့ Cloud Computing အရင်းအမြစ်တွေကို ပေါင်းစပ်ပြီး သတင်းအချက်အလက် လက်ဦးမှုနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း အားသာချက်တွေ ရဖို့ ကြိုးစားနေတာပါ။
Photo: The Times
NORTHCOM ခေါင်းဆောင်ပိုင်းအရ စမ်းသပ်မှုတွေမှာ ပါတဲ့ AI နဲ့ Machine Learning tools တွေဟာ နောင်တစ်ချိန်မှာ မဖြစ်သေးတဲ့ ကိစ္စရပ်တွေကို ရက်အတန်ကြာ ကြိုပြီး သိနိုင်စေမယ်လို့ ပြောပါတယ်။ တစ်နည်းအားဖြင့် များပြားလွန်းလှတဲ့ အချက်အလက်အစုတွေထဲက ပုံစံတွေ ၊ မတူမှုတွေနဲ့ ဖြစ်တတ်တဲ့သဘောတွေကို တွက်ချက်ပြီး အနာဂါတ်ကို ခန့်မှန်းရာမှာ ပိုပြီး အားကိုးရလောက်တဲ့ နည်းပညာကို ဖန်တီးနေတာ ဖြစ်ပါတယ်။
ဒီစမ်းသပ်မှုဟာ GIDE ရဲ့ တတိယအကြိမ်မြောက် စမ်းသပ်ချက် ဖြစ်တယ်လို့လည်း NORTHCOM နဲ့ အမေရိကန်မြောက်ပိုင်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ NORAD ရဲ့ တပ်မမှူး ဗိုလ်ချုပ်ဂလန်ဗန်ဟာ့ခ်က ပင်တဂွန်စစ်ဌာနချုပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ ဒီစမ်းသပ်မှုကိုလည်း တိုက်ခိုက်ရေးတပ်ရင်း ၁၁ ခုနဲ့ ပူးပေါင်းပြီး တိကျတူညီတဲ့ စွမ်းဆောင်ရည်တွေ သုံးပြီး သတင်းအချက်အလက်ဌာနတစ်ခုတည်းမှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
Photo: Fuzzy Skunk
GIDE 3 စမ်းသပ်မှုဟာ စစ်မြေပြင် ထောက်ပံ့ရေးနဲ့ သတင်းအချက်အလက် လက်ဦးရယူနိုင်မှုကို အဓိကဦးတည်ပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စမ်းသပ်မှုလုပ်ဖို့အတွက် အမည်မဖော်ပြထားတဲ့ မိတ်ဖက်တွေဆီက စီးပွားရေးသုံး ရယူနိုင်တဲ့ သတင်းအချက်အလက်တွေ အပါအဝင် တစ်ကမ္ဘာလုံးက အာရုံခံ Sensor ကွန်ရက်ကနေ ရလာတဲ့ ဒေတာတွေကို လက်တွေ့ Real-Time Analysis သရုပ်ခွဲမှုလုပ်ဖို့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ tools တွေ သုံးပါတယ်။
အခုစမ်းသပ်မှုအတွက် ဉာဏ်ရည်တုနည်းပညာပေါင်းစည်းစင်တာ နဲ့ Project Maven တို့ဆီက ပံ့ပိုးမှုလည်း ပါဝင်ပါတယ်။ Project Maven ဆိုတာ စောင့်ကြည့်ရေးပုံဖမ်းစနစ်ကြီးတွေဆီကနေ AI သုံးပြီး အသုံးဝင်တဲ့အချက်အလက်တွေ မြန်မြန်ဆန်ဆန် သရုပ်ခွဲပေးတဲ့ ကာကွယ်ရေးပရောဂျက်တစ်ခု ဖြစ်ပါတယ်။ အမေရိကန် လေတပ်နဲ့ အမေရိကန်စစ်တပ်တို့လည်း အဆုံးအဖြတ်လုပ်ရာမှာ ပိုပြီး တိကျမြန်ဆန်စေဖို့ AI နည်းပညာသုံးတဲ့ အလားတူ စမ်းသပ်မှုမျိုးတွေ လုပ်ဆောင်နေပါတယ်။