အနံ့ပျောက်တိုင်း ကိုဗစ်လို့ မသတ်မှတ်နိုင်ပါဘူး။ အတည်ပြုဖို့အတွက် အခြား လက္ခဏတွေနဲ့ စမ်းသပ်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။

လတ်တလော ကိုဗစ်ကူးစက်လူနာတွေဟာ အနံ့ပျောက်တာနဲ့ ကိုယ့်ကိုကိုယ် ကိုဗစ်လူနာဆိုပြီးသတ်မှတ်နေထိုင်နေကြတာပါ။

Photo: Healthline



တကယ်တော့ အနံ့ပျောက်တိုင်းကိုဗစ်မဟုတ်ပါ။ လူတွေရဲ့ အနံ့ခံဆဲလ်တွေဟာ နှာခေါင်းမှာအများကြီးရှိပြီး အအေးမိတာ၊ ဓာတ်မတည့်တာတွေနဲ့ နှာခေါင်းအတွင်းအလုံးအကြိတ်ဖြစ်တဲ့အခါမျိုးမှာလည်း အနံ့ပျောက်တတ်ပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ရဲ့ လက္ခဏာထဲမှာ အနံ့ပျောက်တာလည်းတစ်ခုအပါအဝင်ဖြစ်နေတာကြောင့် အနံ့ပျောက်တာနဲ့ ကိုဗစ်ကူးစက်ခံရပြီထင်ပြီး ဆေးဝါးတွေကို မိမိသဘောနဲ့သောက်သုံးကုသနေကြတာတာတွေလည်းရှိပါတယ်။ ကိုဗစ်ကူးစက်ခံရလို့အနံ့ပျောက်တာမဟုတ်ဘဲ ရိုးရိုးသာမန်ဖျားရုံနဲ့ ဆေးပြင်းတွေသောက်သုံးတဲ့အခါမှာ မလိုလားအပ်တဲ့ ကျန်းမာရေးတွေပါထိခိုက်လာနိုင်ပါတယ်။ အနံ့ပျောက်တိုင်း ကိုဗစ်လို့ မသတ်မှတ်နိုင်ပါဘူး။ အတည်ပြုဖို့အတွက် အခြား လက္ခဏတွေနဲ့ စမ်းသပ်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။ အနံ့ပျောက်တိုင်း ကိုဗစ်ဆိုပြီး ဆေးတွေသောက်မိနေရင်တော့အနာတစ်ခြားဆေးတစ်ခြားဖြစ်တတ်တာကိုသတိပြုရပါမယ်။

Photo: CTV News

အနံ့ပျောက် ကိုဗစ်လူနာ

ကိုဗစ်မှာ အနံ့ပျောက်တာက အစောဆုံး လက္ခဏာလို့ဆိုရမှာပါ။ ကိုဗစ်ကြောင့် အနံ့ပျောက်တဲ့သူတွေနှာစေးတာ နှာပိတ်တာမျိုးမရှိဘဲ နှာခေါင်းထဲမှာ ရှင်းလင်းပြီး အနံ့မရတာပါ။ စတင်ကူးစက်ခံရတဲ့ ရက်ကနေ (၅)ရက်အတွင်းမှာ အနံ့ပျောက်သွားနိုင်ပြီး အနည်းဆုံး (၁)ပတ် (၁၀)ရက်အထိကြာနိုင်ပါတယ်။ အနံ့ပျောက်ပြီဆိုတာနဲ့ အရသာပါတဖြေးဖြေး လိုက်ပျောက်လာတတ်ပါတယ်။ သာမန်တုပ်ကွေးနှာစေး ချောင်းဆိုးဖျားတဲ့လူနာတွေအနေနဲ့ကတော့ အနံ့ပျောက်သွားခဲ့ရင်တောင် အနံ့ပြန်ရဖို့ အချိန်ခဏပဲစောင့်ရတာပါ။ လက်ရှိအချိန်ဟာ ရာသီတုပ်ကွေးနဲ့ ကပ်ရောဂါကျရောက်နေတဲ့ကာလဖြစ်တာကြောင့် မိမိခံစားရတဲ့ဝေဒနာကို သေချာဂရုပြုပြီးမှဆေးဝါးတွေကို သောက်သုံးသင့်ပါတယ်။ အနံ့ပျောက်တိုင်း ကိုဗစ်လို့ မသတ်မှတ်သင့်ဘဲ လိုအပ်ရင်တော့ စစ်ဆေးမှုခံယူပြီး ကုသမှုခံယူတာက အကောင်းဆုံးပါ။

Photo: Healthline

အနံ့ပျောက်လူနာကတစ်ဆင့် ကိုဗစ်ကူးစက်နှုန်း

ဒီရက်ပိုင်းမှာ ရုတ်တရက်အနံ့ပျောက်လူနာတွေတဖြည်းဖြည်းများလာပါတယ်။ ဒါက မမြင်ရတဲ့ ကိုဗစ်ကူးစက်မှုနှုန်းပါ။ အနံ့ပျောက်လူနာတွေကနေတစ်ဆင့် တခြားသူတွေဆီမကူးအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကလည်း အရေးကြီးပါတယ်။ ဖျားတာ၊ ချောင်းဆိုးတာမရှိရင် အနံ့ပျောက်လူနာအများစုဟာ ကိုဗစ်ရောဂါနောက်ဆက်တွဲ ဆိုးရွားတဲ့ပြဿနာတွေဖြစ်ပေါ်လေ့မရှိပါဘူး။ အနံ့ပျောက်လူနာတွေဟာ ကိုယ်တိုင်အတွက် စိုးရိမ်စရာမရှိဘဲ ဘေးလူတွေကူးစက်မှုကို အထူးဂရုပြုဖို့လိုပါတယ်။ အနံ့ပျောက်လူနာများဟာ အနံ့မပျောက်ခင် (၂)ရက်ကစပြီး (၂)ပတ်အတွင်းတခြားလူကိုကူးနိုင်ပါတယ်။ အနံ့ပြန်ရတဲ့အခါမှာလည်း (၂)ပတ်အထိတခြားသူကိုကူးစက်နိုင်တဲ့ အတွက် သီးခြားခွဲနေဖို့ အရေးကြီးပါတယ်။ အနံ့ပျောက်လူနာတွေဟာ အနံ့ပြန်ရပြီဆိုတာနဲ့ တခြားသူတွေကို မကူးနိုင်ဘူးယူဆနေကြပါတယ်။ ဒါဟာ အယူအဆအမှားပါ (၂)ပတ်အထိ ကူးစက်နိုင်ပါတယ်။

Photo: Healthline

အနံ့ပျောက်လူနာတွေ ဘယ်လိုနေထိုင်မလဲ

အနံ့ပျောက်ပြီဆိုတာနဲ့ အိမ်ကလူတွေနဲ့ခွဲနေပါ။ နီးစပ်ရာ ဆေးရုံဆေးခန်းတွေနဲ့ ချိတ်ဆက်ပြီး စောလျင်စွာ ကုသမှုခံယူဖို့လိုအပ်ပါတယ်။ အနံ့ပျောက်လူနာတွေဟာ ကိုယ်ကိုတိုင်ကုသရေးသာမက အခြားသူကို မကူးအောင် နေထိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဒါ့ကြောင့်အနံ့ပျောက်လူနာတွေအနေနဲ့ သတိထားပြီး အိမ်ကမိသားစုနဲ့ ထိတွေ့ဆက်ဆံမှုမရှိအောင် သီးသန့် ခွဲနေထိုင်ဖို့က အရေးကြီးဆုံးပါ။

Photo: WVXU

အနံ့ပျောက်သွားရင်အရင်ဆုံး လုပ်ရမှာက ကိုဗစ် ရှိ၊ မရှိ စစ်ဆေးရမှာပါ။ ကိုဗစ်ရှိရင် အနံ့ပျောက်တာမှန်ပေမယ့်လည်း အနံ့ပြန်ရတိုင်းလည်း ကိုဗစ်ပျောက်သွားတာမျိုးတော့မဟုတ်ပါဘူး။ ဒါ့ကြောင့် အနံ့ပြန်ရပြီး (၂)ပတ်အထိ တခြားသူကိုကူးစက်နိုင်တာပါ။ ကိုဗစ်ကြောင့် ပျောက်သွားတဲ့ အနံ့ပြန်ရအောင် ကုသလို့ရတဲ့နည်းလမ်း မရှိပါဘူး။ နှာခေါင်းက ဆဲလ်တွေပြန်ကောင်းလာတဲ့အခါအနံ့ပြန်ရလာပါလိမ့်မယ်။ ကိုဗစ်ကြောင့်ရုတ်တရက်အနံ့ ပျောက်ခြင်းကိုကုသရန် သီးသန့်ဆေးဝါးမရှိဘဲ ကိုယ်ခံအားကောင်းအောင် အိပ်ရေးဝဝအိပ်စက်အနားယူခြင်း၊ အစာအာဟာရပြည့်ဝအောင်စားသုံးခြင်းနဲ့ ဗိုက်တာမင်အားဆေးတွေသောက်သုံးခြင်းဖြင့် အနံ့အရသာကိုပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။ ကုသမှုခံယူနေစဉ်အတွင်းမှာ အိပ်ရေးဝဝအိပ်မယ် ၊ အာဟာရပြည့်ဝအာင်စားမယ်၊ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးမယ်ဆိုရင် ကိုဗစ်ကိုအနိုင်တိုက်နိုင်မှာဖြစ်ကြောင်းနဲ့ ကိုယ့်ကြောင့်တခြားသူတွေကိုမကူးစက်ဖို့ လိုက်နာသတိပြုရမယ့်အချက်တွေကိုလည်း သေချာလိုက်နာစေချင်တယ်လို့ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုမျှဝေထားခြင်းဖြစ်သည်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က