ရခိုင်မုန့်တီဆိုတာ လူတိုင်းနဲ့ မစိမ်းလှတဲ့ အစားအစာတစ်ခုပါ။
Photo: Marry Myanmar
ရခိုင်တိုင်းရင်းသားလူမျိုးတွေအတွက် ရှေးကျတဲ့ ရိုးရာအစားအစာဖြစ်တဲ့ရခိုင်မုန့်တီဟာ အခြားတိုင်းရင်းသားလူမျိုးတွေလည်း နှစ်ခြိုက်တဲ့စားစရာ တစ်ခုလို့လည်းဆိုနိုင်ပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ ရန်ကုန်လို မြို့ပြကြီးမှာ ရခိုင်ရိုးရာအစားအစာဆိုင်တွေ များစွာဖွင့်လှစ်ရောင်းချနေတာကို ကြည့်မယ်ဆိုရင် ရခိုင်အစားအစာကို လူတိုင်းလိုလိုကြိုက်နှစ်သက်ကြတယ်ဆိုတာကို သိနိုင်ပါတယ်။ ရခိုင်မုန့်တီလိုဆိုရာမှာ အာပူလျှာပူနဲ့ ရခိုင်မုန့်တီသုပ်ဆိုပြီး (၂)မျိုးပြုလုပ်စားသုံးကြတာဖြစ်ပါတယ်။ အဆာပြေမုန့်အဖြစ်၊ သရေစာမုန့်အဖြစ် စားသုံးကြတဲ့အစားအစာဖြစ်သလို ရခိုင်လူမျိုးတွေကတော့ အလှူတွေမှာလည်း ထည့်သွင်းကျွေးမွေးကြတာဖြစ်တယ်လို့သိရပါတယ်။
အာပူလျှာပူကတော့ ဟင်းရည်နဲ့ မုန့်ဖတ်ရောပြီး စားသုံးရတာဖြစ်ပြီး ရခိုင်မုန့်တီကတော့ မုန့်ဖတ်ကို ရခိုင်စတိုင်လ်ဆိုပြီး သုပ်စားကြတာဖြစ်ပါတယ်။ ရခိုင်မုန့်တီမှာ အဓိကပါဝင်ပစ္စည်းတွေကတော့ မုန့်ဖတ်၊ ငါး၊ ငါးပိစိမ်းစား၊ ငရုတ်ကောင်း၊ ငရုတ်သီးစိမ်းတောင့်၊ နံနံပင်၊ ကြက်သွန်တို့ပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် Duwun Lifestyle Food အစီအစဉ်ကတော့ ရခိုင်မုန့်တီ အာပူလျှာပူချက်နည်းနဲ့ ရခိုင်မုန့်တီသုပ်နည်းအကြောင်းကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
Photo: My Food Myanmar
အလွယ်ကူဆုံးနည်းနဲ့ အာပူလျှာပူဟင်းရည်ချက်ကြမယ်
အာပူလျှာပူဟင်းရည်ချက်ဖို့ အတွက် အဓိက ငါးကို အရင်ဆုံးသန့်စင်ဆေးကြောပါ။ အဲဒီနောက် ဆား၊ နနွင်းမှုန့်အနည်းငယ်၊ ရေနည်းနည်းထည့်ပြီးတော့ သန့်စင်ဆေးကြောထားတဲ့ ငါးကို ပြုတ်ပါ။ ပြုတ်ပြီးတဲ့ငါးကို အရိုးနွှင်ထားပါ။ ငါးပြုတ်ထားရေထဲကို ငပိစိမ်းစားအနည်းငယ်ထည့်ပြီး ဆူအောင်ထပ်တည်ထားပါ။ အဲဒီနောက် ငရုတ်ကောင်းမှုန့်၊ မညက်တစ်ညက်ထောင်းထားတဲ့ကြက်သွန်ဖြူတို့ အတူထည့်ပါ။ အရသာကိုတော့ မိမိလိုအပ်သလို ဆား၊အချိုမှုန့် (သို့) ပုဇွန်ခြောက်မှုန့်ကို ထည့်နိုင်ပါတယ်။ အဲဒီနောက် (၁၅)မိနစ်ခန့် အိုးကိုဖုံးအုပ်ထားပေးပါ။ နွှင်ထားတဲ့ ငါးဖတ်လေးတွေကို ထည့်ပြီး ဟင်းရည် ပွက်ပွက်ဆူလာပြီဆိုလျှင် မုန့်တီဟင်းရည်အဖြစ် ရရှိလာမှာဖြစ်ပါတယ်။ မုန့်တီဟင်းရည်ရလာပြီဆိုရင် မုန့်ဖတ်ထဲကို ဟင်းရည်ထည့်၊ ကြက်သွန်နီဆီချက်၊ ငါးဖယ်ကြော်(သို့)ပဲကြော်၊ နံနံပင်ကြိုက်ပါက ထည့်ပြီး မန်ကျည်းသီးအချဉ်ရည်လေးထည့်ကာစားသုံးနိုင်ပါပြီဖြစ်ပါတယ်။
Photo: jeeptoolay
ရခိုင်မုန့်တီအသုပ် သုပ်နည်း
ရခိုင်မုန့်တီအသုပ်အတွက် အဓိကကတော့ ငရုပ်သီးထောင်း အရင်ဆုံးလုပ်ဖို့ လိုအပ်ပါတယ်။ ငရုပ်သီးထောင်းပြုလုပ်ဖို့အတွက် ငရုပ်သီးစိမ်းအနည်းငယ်နဲ့ စိမ်းစားငါးပိအနည်းငယ်ကို မီးဖုတ်ပါ။ အဲဒီနောက် မီးဖုတ်ထားတဲ့ ငရုပ်သီးစိမ်း၊ စိမ်းစားငါးပိ၊ ငရုပ်ကောင်းမှုန့်အနည်းငယ်၊ ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်းလိုက်ပါကရခိုင်မုန့်တီသုပ်အတွက် ငရုပ်သီးထောင်းရရှိလာမှာဖြစ်ပါတယ်။ မုန့်တီသုပ်ဖို့အတွက် မုန့်ဖတ်ပေါ်မှာ ငရုပ်သီးထောင်း၊ ဆား၊ အချို့မုန့်၊ မန်ကျည်းမှည့်ရည်တို့ကို အနေတော်ထည့်ပြီး မွှေပါ။ အဲဒီနောက် ပါးပါးလှီးထားတဲ့ကြက်သွန်နီ၊ ကြက်သွန်ကြော်၊ ငါးဖယ်၊ ပဲကြော်၊ နံနံပင်တို့နဲ့ ရောနှောပြီး သုပ်လိုက်ပါက အရသာရှိတဲ့ ရခိုင်မုန့်တီသုပ်တစ်ပွဲ ရရှိလာမှာဖြစ်ပါတယ်။
Photo: My Food Myanmar
မိုးရာသီနဲ့လိုက်ဖက်တဲ့ရခိုင်မုန့်တီ
မိုးအေးအေးလေးမှာ လူတိုင်းစားချင်တဲ့ အစားအသောက်ကိုပြောပါဆိုရင် ရခိုင်မုန့်တီကို လက်ညိုးထိုးရမှာပါပဲ။ နေ့လယ်နေ့ခင်း အဆာပြေစားချိန်မှာ ဆီသိပ်မများတဲ့ ပူပူစပ်စပ်ရခိုင်မုန့်တီလေးသောက်လိုက်ရရင် တကယ်အာသာပြေသွားစေတာကို စားဖူးသူတိုင်း ခံစားမိကြမှာပါ။ ဒါ့အပြင် ရခိုင်ရိုးရာ အစားအစာအများစုဟာ ဆီသိပ်မပါဘဲ ကျန်းမာရေးနဲ့ညီညွတ်တာကြောင့် ဝိတ်ချသူတိုင်းအတွက်လည်း အဆင်ပြေစေပါတယ်။ရခိုင်မုန့်တီနဲ့ ရခိုင်မုန့်တီသုပ်ကတော့ ကိုယ့်ရဲ့ အိမ်မှာလည်း အလွယ်တကူချက်ပြုတ်နိုင်တဲ့ အစားအစာတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် အခုလိုကိုဗစ်ကာလ အပြင်မထွက်ရမယ့်တူတူ အိမ်က မိသားစုတွေနဲ့ အတူတူ မိုးအေးအေးလေးမှာ ရခိုင်မုန့်တီလေးချက်သောက်ကြည့်ဖို့အတွက် မျှဝေလိုက်ပါတယ်နော်။