မန်ချက်စတာ နှစ်သင်းဟာ လူအပြိုင်အဆိုင် ဝယ်ပြီး အင်အား ဖြည့်နေကြပါတယ်။

၂၀၂၁-၂၂ ရာသီမှာ ချန်ပီယံ ဖြစ်ရေးအတွက် မန်ချက်စတာ နှစ်သင်းဟာ အဓိက ကစားသမားတွေကို ငွေကြေး အလုံးအရင်းသုံးပြီး အပြိုင်အဆိုင် ဝယ်နေကြ ပါတယ်။

ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကိုလည်း မန်ချက်စတာ စီးတီးအသင်းသာ ဆက်လက် ရရှိဖို့ ရေပန်းစား နေဆဲ ဖြစ်ပေမယ့်လည်း ပြိုင်ပွဲက အခုမှစတာ ဖြစ်တယ်လို့ ပရိသတ်တွေနဲ့ ပြိုင်ဖက်တွေအားလုံးကို ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက အသိပေးလိုက်ပါတယ်။



ယခုနှစ် ရာသီ မစတင်ခင်မှာ ယူနိုက်တက်အနေနဲ့ စုစုပေါင်း ပေါင် သန်း ၁၇၀အထိ သုံးစွဲပြီး အင်္ဂလန် လက်ရွေးစင် ဂျော်ဒန်ဆန်ချိုနဲ့ ပြင်သစ် လက်ရွေးစင် ဗာရနီတို့ နှစ်ဦးကို ခေါ်ယူထားနိုင်ပါတယ်။

တစ်ဖက်မှာလည်း မန်စီးတီးက အင်္ဂလန် ကြယ်ပွင်း ကွင်းလယ်လူ ဂရီလစ်ရှ်ကို အက်စတန်ဗီလာအသင်းမှ ဗြိတိန် စံချိန်တင် ပြောင်းရွှေးကြေး ပေါင် သန်း ၁၀၀နဲ့ ခေါ်ယူပြထားနိုင်ပါတယ်။

ဒါ့အပြင် စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း စီးတီးအသင်းက ဆက်လက်ရရှိနိုင်ရေး ကြိုးပမ်းနေပါသေး တယ်။

“ငွေကြေးများစွာ သုံးစွဲနိုင်ခြင်းက စိန်ခေါ်မှုတွေကို ထိန်းသိမ်းထားနိုင်မယ်လို့ သတ်မှတ်လို့ မရသေးပါဘူး၊မနှစ်က ချန်ပီယံထက် ပိုကောင်းတဲ့အသင်းက ဒီနှစ်မှာ ချန်ပီယံ ဖြစ်မှာပါ။”လို့ ဆိုးလ်ရှားက ပြောပါတယ်။

ယူနိုက်တက် ခေါ်ယူထားတဲ့ ကစားသမားတွေထဲက ဗာရနီဟာ ဆေးစစ်မှုတွေ ပြုလုပ်နေဆဲလို့ သိရပါတယ်။ဆန် ချိုကတော့ အသင်းနဲ့ စတင် ပူးပေါင်းနေနိုင်ပြီ ဖြစ်ပေမယ့်လည်း ဒီကစားသမား နှစ်ဦးစလုံးဟာ အဖွင့်ပွဲအဖြစ် ကစားမယ့် လိဒ်နဲ့ပွဲကိုတော့ ပါဝင်ဖို့ မဖြစ်နိုင်ဘူးလို့ သိထားရပါတယ်။

ယူနိုက်တက်အနေနဲ့ ဆိုးလ်ရှားလက်ထက်မှာ ဆုဖလားအောင်မြင်မှု မရသေးဘူးဆိုပေမယ့် လိဂ်မှာတော့ ဖာဂူဆန် လက်ထက်ကလိုမျိုး အဆင့် ၁ - ၄အတွင်း ပုံမှန်ဝင်နိုင်အောင်တော့ ကြိုးစားပေးထားနိုင်ပါတယ်။

Share

က္က