သူ့ကို ခေါ်ယူနိုင်တဲ့ အင်အားမျိုးရှိတဲ့ အသင်းက အနည်းငယ်သာရှိပါတယ်။

ဘာစီလိုနာနဲ့ မက်ဆီတို့ လမ်းခွဲတဲ့သတင်းပြီးနောက်မှာ ဆက််တိုက်ဆိုသလို ထွက်ပေါ်လာတဲ့ မေးခွန်းတွေကတော့ မက်ဆီတစ်ယောက် ဘယ်ကိုရောက်မလဲဆိုတာပါ။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် ပီအက်စ်ဂျီဘက်က မက်ဆီကို စတင်ဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့သိရပြီး မက်ဆီကတော့ လက်ခံစကားပြောခြင်းမရှိသေးဘူးလို့ RAC 1 က ဆိုပါတယ်။ ဒီသတင်းတွေက လာမယ့်ရာသီသစ်မစမချင်း၊ မက်ဆီ အသင်းသစ်မရမချင်းတွေ့နေ၊ မြင်နေ၊ ကြားနေရမယ့် သတင်းစကားတွေဖြစ်ပါတယ်။ 

လက်ရှိမှာ ကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေ၊ မက်ဆီရဲ့ အဆင့်အတန်းနဲ့လျော်ညီတဲ့ကလပ်အသင်းတွေကို တွေးမယ်ဆိုရင် သူ ပြောင်းရွှေ့နိုင်တဲ့အသင်းက များများစားစားတော့မရှိပါဘူး။ လက်တဖက်စာပဲရှိနေပါတယ်။ ရေပန်းအစားဆုံးဖြစ်လာတာက ပီအက်စ်ဂျီဖြစ်ပြီး မက်ဆီလိုချင်တဲ့ လစာငွေကို ပေးချေနိုင်တဲ့အင်အားက သူတို့မှာအပြည့်ရှိပါတယ်။ မက်ဆီကို ခေါ်ယူပြီး နေမာနဲ့ ပြန်တွဲပေးဖို့၊ ကမ္ဘာ့အကောင်းဆုံကစားသမားရဲ့ အရှိန်အဝါကို ရယူဖို့ ပီအက်စ်ဂျီက ဘာမဆိုလုပ်သွားဖို့ရှိနေမှာပါ။ သူတိုု့ဘက်က ခေါ်ယူချင်နေတာက အထင်အရှားဖြစ်နေပြီး မက်ဆီရဲ့ ဆန္ဒအပေါ်မှာသာ မူတည်နေပါတယ်။ 

ဂွာဒီယိုလာရဲ့ မန်စီးတီးကတော့ လက်မတင်ကလေးလို့ ဆိုရပါမယ်။ မက်ဆီနဲ့ ဘာကာတို့ ကွဲပြဲမှုမတိုင်ခင်လေးမှာမှ သူတို့ဟာ ဂရီလစ်ရှ်ကို ပေါင်သန်း ၁၀၀ ပေးပြီး ကျောနံပါတ် ၁၀ ပါ ပေးခဲ့မိသားဖြစ်သွားပါတယ်။ ဒီလိုတွေဖြစ်လာမှာကို မန်စီးတီးလည်း လုံးဝမျှော်လင့်ထားမှာမဟုတ်ပါဘူး။ ဒါပေမယ့် မက်ဆီကို သူတို့သာ အမှန်တကယ်ခေါ်ယူချင်တယ်ဆိုရင်တော့ ငွေကြေးသုံးစွဲနိုင်စွမ်းကတော့ အပြည့်ရှိပါတယ်။ အရင်ကတည်းက စိတ်ဝင်စားခဲ့သလို ဂွာဒီယိုလာလည်း ရှိနေတာကြောင့် မန်စီးတီးကိုလည်း မက်ဆီစိတ်ဝင်စားနိုင်ပါတယ်။ လက်ရှိအနေအထားအရတော့ မက်ဆီကို ခေါ်၊ ကျောနံပါတ် ၁၀ ပြန်ပေးဆိုတာမျိုးတော့ သူတို့လုပ်ရမှာမဟုတ်ပါဘူး။ တဖက်ကလည်း ဂရီလစ်ရှ်ရဲ့ အနေအထားကရှိနေပါသေးတယ်။ ဂရီလစ်ရှ်ရဲ့အပြောင်းအရွှေ့နဲ့ ကျောနံပါတ်က မန်စီးတီးအတွက် အဟန့်အတားကောင်းကောင်းဖြစ်သွားပါပြီ။

ဒါဆိုရင် ဂျူဗင်တပ်စ်ကိုလည်း မေ့မထားနဲ့လို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်။ ရော်နယ်ဒိုလိုကစားသမားကို ခေါ်ထားတယ်၊ လိုချင်တဲ့လစာပေးချေထားတဲ့ ဂျူဗီဟာ မက်ဆီကို ထပ်ခေါ်ဖို့ မရနိုင်တဲ့ အသင်းမျိုးမဟုတ်ပါဘူး။ အခုချိန်ထိ စျေးကွက်ထဲမှာ ကြီးကြီးမားမားမလှုပ်ရှားသေးတဲ့ ဂျူဗီဟာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ပထမဆုံးတွဲဖက်ကစားခဲ့တဲ့ အသင်းဆိုတဲ့ မှတ်တမ်းမျိုးကို မလိုချင်စရာအကြောင်းမရှိပါဘူး။ မက်ဆီအတွက်လည်း ဂျူဗီက ရွေးချယ်ချင်စရာကောင်းတဲ့ အသင်းတစ်ခုအဖြစ်ရှိနေပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရမယ့် ကစားသမားတွေကို ခေါ်ယူတဲ့နေရာမှာ ဆရာကျတဲ့ ဂျူဗီလိုအသင်းအတွက် အခွင့်အရေးကလည်း ရှိနေတာ အမှန်ပါပဲ


လူကာကူကို ယူရိုသန်း ၁၀၀ ကျော်ပေးဖို့ စဉ်းစားနေတဲ့ ချယ်လ်ဆီးရဲ့ မြှားဦးဟာ မက်ဆီဘက်ကို လှည့်မသွားဘူးလို့ ဘယ်သူမှအာမ,မခံရဲပါဘူး။ လူကာကူအတွက် သုံးမယ့်ငွေကြေးကို မက်ဆီအတွက် ပြောင်းသုံးလိုက်ရုံပါပဲ။ ဒီအတွက်လည်း အခြားအသင်းတွေနဲ့အပြိုင် ချယ်လ်ဆီးက ကြိုးစားနိုင်တဲ့ အရည်အသွေးအပြည့်ရှိပါတယ်။ ငွေကြေးကို ထည့်ပြီးမစဉ်းစားနဲ့လို့ ပြောနိုင်တဲ့ အသင်းပိုင်ရှင်မျိုးလည်း ရှိနေတာက သူတို့ရဲဲ့အားသာချက်ပါ။ မက်ဆီ ဘောလုံးပေါ်ခြေထောက်တင်ကန်ရုံအနေအထားမျိုးထိ လုပ်ပေးနိုင်စွမ်းရှိတဲ့အသင်းလည်းဖြစ်ပါတယ်။ လူကာကူကနေ မက်ဆီကို သူတို့ရဲ့ Target ပြောင်းပြီး ကြိုးစားမလားဆိုတာစောင့်ကြည့်ရပါမယ်။ 


မက်ဆီ ဘယ်အသင်းကိုရွေးချယ်မလဲ၊ ဘယ်အသင်းတွေက သူ့ကို ဆွဲဆောင်နိုင်မလဲ၊ လာမယ့်နေ့ရက်တွေက ဘောလုံးပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာကောင်းနေမှာ အသေအချာပါပဲ။ 

Share

Loading Next Article...
က္က