၂၀၂၁ ခုနှစ် ၆ လ အတွင်း အိန္ဒိယ startup အသိုင်းအဝိုင်းကနေ ဒေါ်လာ ၁ ဘီလျံတန် Unicorn ကုမ္ပဏီသစ် ၁၅ ခု ပေါ်ထွက်ခဲ့ပါတယ်။ ဒီထဲမှာ Startup သက်တမ်း ၅ နှစ်တည်းနဲ့ Unicorn ဖြစ်လာတဲ့ Zeta လည်း ပါဝင်ခဲ့ပါတယ်။
Zeta: ၂၀၂၁ အတွက် အိန္ဒိယမှ ၁၄ ခုမြောက် Unicorn
Photo: The Economic Times
Zeta ဆိုတာ ဂရိအက္ခရာ ၆ ကို ဆိုလိုတာပါ။ နက္ခတ်သဘောအရ ခြောက်ခုမြောက်ကြယ်လည်း ဖြစ်ပါတယ်။ အခုပြောမယ့် ဘဏ္ဍာရေးနည်းပညာ Fintech ကုမ္ပဏီ Zeta ကတော့ ၂၀၂၁ အတွက် အိန္ဒိယရဲ့ ၁၄ ခုမြောက် ဒေါ်လာ ၁ ဘီလျံတန် Unicorn တစ်ခု ဖြစ်ပါတယ်။ နာမည်ကြီး SoftBank Vision Fund ဆီကနေ ဒေါ်လာ သန်း ၂၅၀ ရံပုံငွေ ရခဲ့ပြီးတဲ့နောက်မှာ Zeta ဟာ ဒေါ်လာ ၁.၄၅ ဘီလျံတန် လုပ်ငန်း ဖြစ်လာပါတယ်။
၂၀၂၁ ခြောက်လအတွင်း အိန္ဒိယနိုင်ငံမှာ Unicorns လို့ ခေါ်ရမယ့် ဒေါ်လာ ၁ ဘီလျံတန် startup ၁၅ ခု ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့ Digit Insurance (insurtech), InnovAccer (healthtech), Five Star Business Finance (NBFC), Meesho (social commerce), Infra.Market (B2B ecommerce), CRED (fintech), Pharmeasy (healthtech), Groww (fintech), Gupshup (conversational messaging), Mohalla Tech (parent company of social platforms ShareChat and Moj), Chargebee (SaaS), Urban Company (home services marketplace), Moglix (B2B commerce), Zeta (fintech)နဲ့ BrowserStack (SaaS) တို့ပဲ ဖြစ်ပါတယ်။
Zeta က ဘာတွေ လုပ်တာလဲ
Photo: indiatechdesk
အိန္ဒိယနိုင်ငံက Startup မြို့တော် ဘန်ဂလိုးနဲ့ UAE က ဒူဘိုင်းတွေမှာ ရုံးတွေ ဖွင့်လှစ်ထားတဲ့ Zeta ဟာ ဘဏ်တွေနဲ့ Fintech Firms တွေကို ထုတ်ကုန်တွေ ဖြန့်ချိဖို့ ကူညီပေးနေတဲ့ startup တစ်ခုလည်း ဖြစ်ပါတယ်။ဘဏ်တွေနဲ့ Fintech startups တွေကို ချိတ်ဆက်ပေးဖို့အပြင် တခြား အွန်လိုင်း Consumer ပလက်ဖောင်းတွေပေါ်ပါ ရောက်ဖို့အတွက် Zeta ဟာ နည်းပညာဖရိမ်တစ်ခုအနေနဲ့ ဝန်ဆောင်မှု ပေးပါတယ်။ Tech Stack တစ်ခုဆိုတဲ့အတိုင်း Zeta ရဲ့ Cloud-Native API နဲ့ SDKs တွေ သုံးပြီး ဘဏ္ဍာရေးဝန်ဆောင်မှုပုံစံသစ် ပေးတာပါ။
လွယ်လွယ်ပြောရရင် ခေတ်မမှီတော့တဲ့ သမရိုးကျဘဏ်ဝန်ဆောင်မှုကို ခေတ်မီ cloud-native ပလက်ဖောင်းနဲ့ နည်းပညာအဆင့်မြှင့်ပေးလိုက်တာပါ။ Zeta တည်ထောင်သူနဲ့ CEO ဘဟာဗင် တူရာခီယာက Zeta အကြောင်းကို အခုလို ရှင်းပြပါတယ်။
"ဘဏ်တွေက ၈၀ ပြည့်လွန်နှစ်တွေကနေ တက်မလာတော့ဘူး။ ဘဏ်တွေထဲက အတော်များများက COBOL Programming Language ကို သုံးနေတုန်းပဲ။ User Experience ညံ့ကြတယ်။" ။ ဘဏ်တွေဟာ ဒါဇင်နဲ့ ချီတဲ့ vendor တွေ နည်းပညာမိတ်ဖက် ပါတနာတွေနဲ့ အလုပ်တွေ လုပ်နေရပြီး အောက်ခြေအစကနေ Bank stack တစ်ခုလုံးကို ဆောက်ဖို့ မတွေးခဲ့ကြဘူးလို့ သူက ပြောပါတယ်။
ဖောက်သည်တွေအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုပေးဖို့ လိုင်စင်ရထားတဲ့ ဘဏ်တွေအနေနဲ့ Zeta ရဲ့ cloud-native API နဲ့ SDKs တွေ သုံးပြီး credit card , debit card ထုတ်တာ ၊ ငွေချေးတာ ၊ ဖောက်သည်နဲ့ ဆက်ဆံရေးပိုအဆင်ပြေအောင် လုပ်တာအပြင် တခြား Fintech တွေနဲ့ပါ အလုပ်လုပ်နိုင်မယ်လို့ ပြောပါတယ်။ "ခင်ဗျား စဉ်းစားမိသမျှ ဘဏ္ဍာရေးဝန်ဆောင်မှုတိုင်းကို Zeta မှာ ရတယ်"လို့ တူရာခီယာက ဆိုပါတယ်။
လောလောဆယ် Zeta က ဝန်ဆောင်မှုပေးနေတဲ့ ဘဏ် ၁၀ ခုနဲ့ Fintech လုပ်ငန်း ၂၅ ခု ရှိပြီး ဒီထဲမှာ HDFC Bank ၊ Axis Bank ၊ Yes Bank ၊ Sodexo RBL Bank ၊ Kotak Mahindra Bank ၊ IndusInd Bank နဲ့ SBM Bank India တို့လည်း ပါဝင်ပါတယ်။ Zeta ဟာ မြောက်အမေရိက ၊ လက်တင်အမေရိက ၊ ယူကေ ၊ ဥရောပနဲ့ အာရှတွေမှာ လုပ်ငန်းလည်ပတ်နေပါတယ်။
ဘဟာဗင်အတွက်တော့ Zeta နဲ့ ပတ်သက်လို့ ရည်မှန်းချက်အကြီးကြီး ရှိနေပုံပါပဲ။ "Zeta နဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အခုထက်ထိ သဘောတရား (အိုင်ဒီယာ) အဆင့်မှာပဲ ရှိသေးတဲ့ အရာတွေထက် အများကြီး ပိုကြီးမားပါတယ်။ လှမ်းရမယ့်ခရီးက အဝေးကြီးဆိုပေမယ့် အခုက ပထမရက် Day One လို့ပဲ ယုံကြည်ပါတယ်။ "
အသက် ၁၈ ကတည်းက စီးပွားရေးလုပ်ခဲ့သူနဲ့ အာရှအတော်ဆုံးစွန့်ဦးတီထွင်သမား
Zeta founders (Photo: Current Affairs)
Zeta ကို ၂၀၁၅ ဧပြီမှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး Founders တွေကတော့ ဘဟာဗင် တူရာခီယာနဲ့ ရမ်ကီ ဂက်ဒီပက်ဒီတို့ပါ။ ဂက်ဒီပက်ဒီက Zeta ရဲ့ နည်းပညာအမှုဆောင်အရာရှိချုပ် CTO လုပ်ပါတယ်။ CEO ဖြစ်တဲ့ ဘဟာဗင် တူရာခီယာက သူ့အကိုဖြစ်တဲ့ ဒေ့ဗ်ယန့် တူရာခီယာနဲ့ ပေါင်းပြီး သူ့အသက် ၁၈ နှစ်အရွယ် ၁၉၉၈ မှာ ပထမဆုံး နည်းပညာစွန့်ဦးတီထွင်လုပ်ငန်းဖြစ်တဲ့ Directi ကို တည်ထောင်ပါတယ်။ သူတို့ညီအကိုနှစ်ဦးစလုံးဟာ မွန်ဘိုင်းမြို့ခံ ဂျိန်းဘာသာဝင် အလယ်အလတ်တန်းစား မိသားစုက မွေးဖွားလာတာ ဖြစ်ပေမယ့် အတော်ကြီးကို ချွန်တဲ့သူတွေလို့ ဆိုနိုင်ပါတယ်။
အသက် ၈ နှစ်ကတည်းက Code ရေးနေပြီဖြစ်တဲ့ သူ့အကို ဒေ့ဗ်ယန့်နဲ့ ပေါင်းပြီး သူတို့ညီအကိုဟာ ဝက်ဘ်ကုမ္ပဏီ ၄ ခု ဖြစ်တဲ့ BigRock ၊ LogicBoxes ၊ ResellerClub နဲ့ Webhosting.Infoတွေကို အမေရိကန် web-hosting firm ဖြစ်တဲ့ Endurance International Group ကို ဒေါ်လာသန်း ၁၆၀ နဲ့ ရောင်းချခဲ့ပါတယ်။ သူ့အကို ဒေ့ဗစ်ယန့်ဆို Media.net ကို တည်ထောင်ခဲ့ပြီး ဒီလုပ်ငန်းကို တရုတ်လုပ်ငန်းစုတစ်ခုဆီ ၂၀၁၆ မှာ ဒေါ်လာသန်း ၉၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ ဒေ့ဗ်ယန့်လည်း ဒေါ်လာ ၂ ဘီလျံနီးပါး ပိုင်ဆိုင်တဲ့ ဘီလျံနာ ဖြစ်ပါတယ်။
ဘဟာဗင်အတွက် Zeta ဟာ တတိယမြောက် ထောင်ထားတဲ့ startup ဖြစ်ပြီး လက်ရှိမှာ စီးပွားရေးသုံး messaging platform ဖြစ်တဲ့ Flock နဲ့ Radix တို့ကိုလည်း ထောင်ထားပါတယ်။ အသက် ၄၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘဟာဗင်ဟာ D.G Ruparel ကောလိပ်မှာ သိပ္ပံတန်း တက်ရင်းနဲ့ ကျောင်းထွက်ခဲ့ပြီး Sydenham စီးပွားကူးသန်းကျောင်းမှာ ဘွဲ့တက်ယူခဲ့သူ ဖြစ်ပါတယ်။ သူလည်း ဒေါ်လာ ၁.၃ ဘီလျံခန့် ချမ်းသာသူ ဖြစ်ပြီး ၂၀၁၆ နှစ် စစ်တမ်းတွေအရ အိန္ဒိယရဲ့ ၉၅ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခံထားရပါတယ်။
ရမ်ကီ ဂတ်ဒီပက်ဒီဟာ ဘဟာဗင်ထောင်ခဲ့တဲ့ Directi Group မှာ ၇ နှစ်လောက် အလုပ်လုပ်ခဲ့သူ ဖြစ်ပြီး အဲ့ကတည်းက နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဦးစီးလာခဲ့သူ ဖြစ်ပါတယ်။ အရင်ကလည်း ရမ်ကီဟာ Bridle Information and Technology Solutions ကို ပူးတွဲတည်ထောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ BusinessWeek ရဲ့ အသက် ၂၅ နှစ်အောက် အာရှအတော်ဆုံး စွန့်ဦးတီထွင်သူများ စာရင်းမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ပညာရေးအနေနဲ့ ပီလာနီမှာ ရှိတဲ့ Birla Institute of Technology and Science (BITS) ကနေ Software Systems ပိုင်း မဟာဘွဲ့နဲ့ စီမံခန့်ခွဲရေးဆိုင်ရာ မဟာဘွဲ့တွေ ရထားပါတယ်။
စွန့်ဦးတီထွင်သမားတွေအတွက် အကြံတစ်ချက်
Bavin Turakhia - CEO and co-founder Zeta (Photo: Money9)
Zeta တည်ထောင်သူတွေကို ကြည့်မယ်ဆိုရင် ငယ်ငယ်ကတည်းက Coding ကျွမ်းအောင် လေ့လာတယ်။ လုပ်ငန်းတွေ ရင်းနှီးမြှပ်နှံမှု ၊ စွန့်ဦးတီထွင်မှုတွေနဲ့ အမြဲထိတွေ့နေတယ်။ Startups တွေ အများကြီး ဦးဆောင်တည်ထောင်လာခဲ့တယ်။ ဒါတွေက မြင်သာတဲ့ အတွေ့အကြုံတွေပါ။ သူ့လိုပဲ Entrepreneurs တွေကို ဘဟာဗင်က ပေးတဲ့ အကြံတစ်ခု ဖောက်သည်ချချင်ပါတယ်။ အဲ့ဒါကတော့-
"ကျွန်တော်ကတော့ လုပ်ငန်းသဘောမှာ global သွားနိုင်တဲ့ ကုမ္ပဏီတွေကိုပဲ အမြဲစတင်တယ်။ ဒါက ဝင်ငွေရနိုင်မယ့် အမြင်ကနေ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှု Focus ထားတာပဲ ဖြစ်ပါတယ်။ "
Share