မြန်မာအမျိုးသမီးအများစုဟာ မိဘတွေအတွက် အားထားစရာဖြစ်နေသလို ချစ်သူရှိပြန်တော့လည်း ချစ်သူကို ဂရုစိုက်ရ၊ အိမ်ထောင်ကျပြီဆိုရင်လည်း မိသားစုမှာ အခရာကျသူတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် ဝင်ငွေရှာရတဲ့အလုပ်တစ်ခု လုပ်ဆောင်သေးပြီး ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ၊ ကိုယ်လုပ်ချင်တဲ့ ဝါသနာတွေအတွက်လည်း အချိန်က လိုနေပြန်ပါသေးတယ်။ ဒီကြားထဲမှာ မိန်းကလေးမို့ လှလှပပလေး ရှိချင်သေးတယ် မဟုတ်လား။
ဟန်ချက်ညီတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ အမျိုးသမီးတို့ဘဝ
လေ့လာတွေ့ရှိချက်တွေအရ အခုနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်တွေမှာ ပိုမိုတွေ့လာရပြီး အမျိုးသမီးတွေရဲ့ လုပ်အားသုံးစွဲမှုဟာလည်း အရင်ကထက်ပိုမိုများပြားလာတယ်လို့ သုတေသနစင်တာတစ်ခုက ထုတ်ပြန်ထားပါတယ်။ တကယ်တော့ ဘယ်လိုပဲ အလုပ်များပြားနေပါစေ၊ အမျိုးသမီးတွေဟာ သူတို့ချစ်ရတဲ့မိသားစု (ဒါမှမဟုတ်) ချစ်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်သောသူကို ဂရုစိုက်ဖို့ကိုတော့ မမေ့လျော့တတ်ကြပါဘူး။ ဒီလို မမေ့မလျော့ မိသားစုဘဝနဲ့ အလုပ်ခွင်ကို ဟန်ချက်ညီအောင် စီမံနေရတဲ့နောက်မှာ စိတ်ဖိစီးမှုတွေ ၊ စိတ်အလိုမကျမှုတွေ၊ ဒေါသကြီးလာတာတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားလာရပါတယ်။ ဒီလို မဖြစ်ရလေအောင်လို့ အခုပြောပြမယ့်အချက်တွေကို လိုက်နာကျင့်သုံးကြည့်စေချင်ပါတယ်။
၁။သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့
ကြိုးစားလိုစိတ်ရှိပြီး အရာရာမှာ ထူးချွန်ချင်ကြတာ အမျိုးသမီးတွေရဲ့ စိတ်ဆန္ဒတစ်ခုပါပဲ။ အဲဒီစိတ်ဆန္ဒကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ နှိုင်းယှဉ်နေတတ်ကြပါတယ်။ ငါက မတော်သေးဘူး ၊ လိုအပ်နေသေးတယ်လို့ တွေးမိတဲ့အခါမျိုးမှာ ဘယ်သူကမှ ပြီးပြည့်စုံနေတာမဟုတ်ဘူးဆိုတဲ့စကားလေးကို သတိရပါ။ လူတိုင်းက သူ့အားနည်းချက်နဲ့သူ ရှိကြသူတွေချည်းပါပဲ။ စိတ်ဓာတ်ကျတာတွေကိုမေ့ဖျောက်ပြီး ကိုယ့်ဘဝကိုယ် ကျေနပ်ပါ။
၂။ကိုယ့်ရဲ့ အချိန်ဇယားတွေဟာ တရားမျှတပါစေ
အလုပ်ခွင်က အမျိုးသမီးတွေရဲ့ အချိန်ဇယားတွေကို ကြည့်လိုက်မယ်ဆိုရင် အလုပ်တွေနဲ့ချည်း ပြည့်နှက်နေတတ်ပါတယ်။ အဲဒီလို မလုပ်ပါနဲ့။ ကိုယ့်ရဲ့ အချိန်ဇယားမှာ ကိုယ့်ရဲ့ အလုပ်ကိစ္စတွေအပြင် မိသားစုနဲ့ လျှောက်လည်တဲ့ အချိန်တွေ၊ ချစ်သူနဲ့ date လုပ်ဖို့ အချိန်တွေ၊ ကိုယ့်ဝါသနာတွေကို လုပ်မယ့်အချိန်တွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံမယ့် အချိန်တွေကို ရေးမှတ်ထားခြင်းအားဖြင့် အချိန်ဇယားတွေဟာ စိတ်ရှုပ်စရာမဖြစ်တော့ဘဲ ကြည့်လိုက်တာနဲ့ ပြုံးပျော်စေမယ့် ခံစားချက်ကို ရရှိစေနိုင်မှာပါ။
Photo - freepik
၃။အားလပ်ချိန်အတွက် အချိန်ပေးပါ
အားလပ်ချိန်မှာတောင် အလုပ်အတွက် တွေးနေမိတာမျိုးတွေ ဖြစ်နေရင်တော့ မဟုတ်သေးပါဘူး။ အမြဲအချိန်ပြည့် အလုပ်လုပ်နေသူတွေဟာ ဖုန်းလိုပါပဲ။ အားသွင်းဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အလုပ်ချိန်ကျော်လွန်ချိန်ထိ အလုပ်ထဲစိတ်ရောက်နေရင် ဘယ်လောက် အလုပ်နဲ့ ဘဝမျှတအောင်နေထိုင်ပါတယ်ပြောပြော အကျုံးမဝင်ပါဘူး။ အားလပ်ချိန်တွေမှာလည်း အပြည့်အဝအနားယူကာ မိမိကိုယ်ကိုယ် အားသွင်းဖို့ လိုအပ်ပါတယ်။
၄။ ‘ဟင့်အင်း’ဆိုတဲ့ စကားကို ပြောဖို့ အားမနာပါနဲ့
ကျွန်မတို့ အမျိုးသမီးတွေဟာ အများအားဖြင့် အားနာတတ်ကြပါတယ်။ ခေါင်းခါယမ်းငြင်းဆန်လိုက်ရမှာကို တွန့်တတ်ကြတဲ့ သဘာဝရှိတဲ့သူတွေဖြစ်တာကြောင့် တချို့အရာတွေမှာ ကိုယ့်ဘဝအတွက်ရော ၊ အလုပ်အတွက်ပါ ဘာမှအရေးမပါတဲ့ အရာတွေကြောင့် အချိန်ကုန်သွားတတ်ကြပါတယ်။ ဒါ့ကြောင့် အောင်မြင်တဲ့ မိသားစုဘဝ နဲ့ အလုပ်ကို ဟန်ချက်ညီချင်တယ်ဆိုရင် ကိုယ်မလိုအပ်တဲ့ ၊ ကိုယ်မလိုချင်တဲ့ အရာတွေကို ငြင်းဆန်ဖို့ အားမနာတတ်အောင် လေ့ကျင့်ယူပါ။
၅။ လေ့ကျင့်ခန်းနေ့စဉ်လုပ်ပါ
ဘဝနဲ့ အလုပ် ဟန်ချက်ညီဖို့ ကျန်းမာရေးကလည်း အရေးပါပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ နေ့စဉ်လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းလိုပါတယ်။ မဖြစ်မနေ လုပ်ပါ။ နေ့စဉ်လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဖိစီးမှုတွေကို လျော့ပါးစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အရမ်းကို အထောက်အကူပြုပါတယ်။ အချိန်လုံးဝမရှိဘူးဆိုရင်တောင် ၁၀ မိနစ်လောက် နေ့စဉ်လမ်းလျှောက်ပေးကြပါ။
Photo - Freepik
၆။ ကိုယ့်ကိုယ်ကိုယ် ညှာတာပါ
တစ်နေ့တာလုံးလည်း အလုပ်လုပ်တယ်၊ အိမ်ရောက်တော့လည်း မိသားစုညစာအတွက် လုံးပမ်းနေရလို့ ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းနေပြီလို့ ယူဆရင် တစ်ပတ်မှာ တစ်ရက်လောက် အိမ်မှာ ဟင်းမချက်ဘဲ အပြင်ထွက်စားတာမျိုး ၊ တစ်စုံတစ်ယောက် (ဉပမာ - ခင်ပွန်း) ကို ဟင်းချက်တာဝန်လွှဲပြောင်းပေးတာမျိုး ပြုလုပ်ကြည့်ပါ။ ဒါဆိုရင် ကိုယ့်အတွက် ပင်ပန်းမှု လျော့ကျပြီး စိတ်သက်သာရာရသလို မိသားစု(ကိုယ်ပိုင်ဘဝ) နဲ့ အလုပ်ကို ညီမျှအောင် လိုက်ချိန်ညှိနေရတာတွေကိုလည်း သက်သာစေပါတယ်။
၇။ မိသားစု(ကိုယ်ပိုင်ဘဝ) နဲ့ အလုပ်ကို ညီမျှအောင် အတင်းလုပ်မယူပါနဲ့
တချို့တွေက မိသားစု (ကိုယ်ပိုင်ဘဝ) နဲ့ အလုပ်ကို ညီမျှအောင် အတင်းလုပ်ယူတတ်ကြပါတယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့ ပိုမို စိတ်ပင်ပန်းလာတာပါပဲ။ အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို မျှတအောင် ဘယ်လိုလုပ်နေထိုင်ရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေ အရမ်းမများမှသာလျှင် work-life balanceက အရမ်းကို လွယ်ကူသွားမှာဖြစ်ပါတယ်။
ဒါ့ကြောင့် အလုပ်နဲ့ ဘဝမျှတပြီး အောင်မြင်ပျော်ရွှင်ချင်တယ်ဆိုရင်
- အလုပ်ချိန် နဲ့ ကိုယ်ပိုင်ချိန် ခွဲခြားထားပါ
- အပေါင်းသင်း၊ သူငယ်ချင်းတွေနဲ့
- ကိုယ်ဝါသနာပါတဲ့ အရာတွေကို လျစ်လျူရှုမထားပါနဲ့
- ကိုယ်မတတ်နိုင်တဲ့အရာတွေအတွက် အတင်းလုပ်မယူပါနဲ့
- အားလပ်ချိန်တွေမှာ စိတ်ကို လွတ်လွတ်လပ်လပ် အနားယူပစ်ပါ
- ကိုယ့်ကိုယ်ကိုယ် ချစ်ပါ
ဒီအချက်တွေကို ကျင့်သုံးမယ်ဆိုရင်တော့ ဘဝဟာ အောင်မြင်ပျော်ရွှင်ပြီး work-life balance ဖြစ်တဲ့ အမျိုးသမီးဟာ သင်ဖြစ်နိုင်ပါပြီ။
အောင်မြင်တဲ့ အမျိုးသမီးတွေရဲ့ ခံယူချက်များ
“အရာအားလုံးကို တပြိုင်နက်တည်း မရနိုင်သလို၊ တပြိုင်နက်တည်းလည်း လုပ်လို့မရနိုင်ဘူးဆိုတာ သိရှိလိုက်ရပါတယ်” လို့ နာမည်ကြီး အမေရိကန် အစီအစဥ်တင်ဆက်သူ အော်ပရာဝင်းဖေး (Oprah Winfrey) က ပြောဖူးပါတယ်။ လူဆိုတာ စက်ရုပ်မှ မဟုတ်တာ၊ အရာရာမှာ အောင်မြင်နိုင်မှာမဟုတ်လို့ ကိုယ့်ဘဝအတွက် အရေးကြီးဆုံးအရာ၊ ကိုယ်အလိုချင်ဆုံးအရာတွေကို သိဖို့ ရွေးချယ်တတ်ဖို့ပဲ လိုတာပါ။
“အလုပ်ရှိတာကို ဘဝရှိတယ်ဆိုပြီး ရောထွေးမပစ်လိုက်ပါနဲ့” လို့ အမေရိကန်ရဲ့ သမ္မတကတော်လည်း ဖြစ်ခဲ့ဖူးသလို နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ ဟီလာရီကလင်တန် (Hillary Clinton) ကလည်း ဆိုထားပါတယ်။
“ငွေရှာဖို့အတွက် အလုပ်တွေ ရှုပ်လွန်းလို့ (ပျော်ရွှင်စရာ) ဘဝတစ်ခု ဖန်တီးဖို့ မေ့သွားတာမျိုး မဖြစ်ပါစေနဲ့” လို့ အမေရိကန်မင်းသမီးကြီး ဒေါ်လီပါတန် (Dolly Parton) ကလည်း အမျိုးသမီးတွေကို သတိပေးထားပါတယ်။
ပျော်ရွှင်မှုဆိုတာ တခြားသူတွေဆီကလည်း မရသလို၊ ငွေတစ်ခုတည်းနဲ့လည်း မပြည့်စုံနိုင်ဘူးဆိုတာ စိတ်ထဲမှာ စွဲမြဲစွာ သိထားရင်း လိုချင်တဲ့ဘဝကို ထုဆစ်နိုင်တဲ့ မဒီလေးတွေ ဖြစ်စေဖို့ တောင်းဆုပြုလိုက်ပါတယ်နော်။