ဆာဖြယ်ဆိုတာ အလွယ်ပြောရရင် မုန့်ဖတ်နဲ့အသားကို အချဉ်ရည်နဲ့ တွဲစားရတယ်လို့ ဆိုရမှာပါ။

ဆာဖြယ်ဆိုတာ ကချင်လူငယ်တွေကြားမှာ ရေပန်းစားတဲ့ ဒေသအစားအစာတစ်ခုပါ။

Photo: Myanmar Food

ဆာဖြယ်ဆိုတာ အလွယ်ပြောရရင် မုန့်ဖတ်နဲ့အသားကို အချဉ်ရည်နဲ့ တွဲစားရတယ်လို့ ဆိုရမှာပါ။ ဆာဖြယ်အစားအစာက ကချင်ပြည်နယ်အတွင်းမှာ နာမည်ကြီးတဲ့ ရိုးရာအစားအစာတစ်ခုလို့ ပိုပြီးသိကြပေမယ့် လေ့လာချက်တွေအရ ရှမ်းရိုးရာ အစားအစာလို့ ခေါ်ဆိုကြပါတယ်။ ဆာဖြယ်ကို ကချင်ရိုးရာ စားသောက်ဆိုင်တွေမှာ အများဆုံးတွေ့ရပြီး အခြားဒေသတွေက လူတွေအတွက်တော့ သိပ်ပြီး မရင်းနှီးတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဆာဖြယ်လို့ ပြောလိုက်ရင် အောက်ပြည်/အောက်ရွာကလူတွေ တော်တော်များများ မသိဖူး၊ မကြားဖူးကြပါဘူး။ ဒါကြောင့် ဒီတစ်ခေါက် Duwun Food အစီအစဉ်မှာ ကချင်လူမျိုးတွေအကြိုက် ဆာဖြယ်အစားအစာ ကဘယ်လိုမျိုးလဲ။ ဆာဖြယ်ကို ကိုယ့်အိမ်မှာ အလွယ်တကူပြုလုပ်စားသောက်လို့ရမယ့် နည်းလမ်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Photo: Myanmar Food

ဆာဖြယ်ဆိုတာဘာလဲ

ဆာဖြယ်ဆိုတာ ရှမ်းစကား ဆာ့ဖြဲ/ဆာ့ဟုန်ဆိုတဲ့ အခေါ်အဝေါ်က လာတယ်လို့ သိရပြီး တရုတ်ပြည် ယူနန်ဖက်က ရှမ်းတရုတ်တွေ ဆီကလာတဲ့ မူရင်းအစားအစာလို့လည်းပြောဆိုမှုတွေလည်းရှိပါတယ်။ ဆာဖြယ်ဆိုတာ မုန့်ဖတ်ကလေးရယ်၊ မိမိကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုးရယ်၊ ရောနှောဖျော်စပ်ထားတဲ့ အချဉ်ရည်ရယ်၊ သခွားသီး၊ မုန်လာဥနီ၊ ဆလပ်ရွက်ရယ်၊ တို့နဲ့တွဲဖက်စားသုံးရတဲ့ အစားအစာပါ။

Photo: Myanmar Food

ဆာဖြယ်ရဲ့ အရသာ

ဆာဖြယ်အစားအစာမှာ အချဉ်ရည်က အဓိကဖြစ်တဲ့အတွက် ဆီလုံးဝသုံးစရာမလိုပါဘူး။ ဒါ့အပြင် တိုင်းရင်းသားရိုးရာတွေရဲ့ ထုံးစံအတိုင်း အစပ်အရသာ အနည်းငယ်ပိုပြီး စားလိုက်တာနဲ့ ရှုးရှုးရှဲရှဲနဲ့ ချွေးတွေ ထွက်ပြီး ပွင့်ထွက်သွားသလို ခံစားရလာပါတယ်။ အစပ်ပြေစေဖို့အတွက် စောနက သခွားသီး၊ မုန်လာဥနီ၊ ဆလပ်ရွက်လေးနဲ့ တွဲဖက်စားသုံးလိုက်ရင်တော့ အစပ်အရသာလဲပြေ၊ ကောင်းမွန်ပြည့်စုံတဲ့ ထိထိမိမိအရသာကို ခံစားရမှာပါ။ ဒီလို စပ်စပ်လောင်လောင်အရသာလေးဖြစ်တဲ့အတွက် ဆာဖြယ်က လူငယ်တွေ ပိုပြီး အကြိုက်တွေ့စေတဲ့အစားအစာတစ်ခုလို့ ဆိုရမှာပါ။

Photo: Myanmar Food

ဆာဖြယ်ပြုလုပ်နည်း

ဆာဖြယ်လို့ ဆိုလိုက်ရင် အချဉ်အရသာ/အခါးအရသာ ဆိုပြီး (၂) မျိုးရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အများစုကတော့ အချဉ်အရသာကိုပဲ ပိုပြီးစားကြသလို လူကြိုက်လည်းများပါတယ်။ ဆာဖြယ်ဆိုတာ မုန့်ဖတ်၊ အသား၊ အချဉ်ရည်တို့ အဓိက တွဲဖက်စားသုံးရတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အသားနဲ့ အချဉ်ရည်ကောင်းကောင်းလုပ်တတ်ဖို့က အဓိကပါပဲ။ ဆာဖတ် ပြုလုပ်ရာမှာ အမဲသားအဓိကအသုံးပြုတာဖြစ်ပြီး အမဲသားမစားတဲ့သူတွေကတော့ ကြက်သား သို့မဟုတ် ဝက်သား အသုံးပြုလို့ရပါတယ်။ အရေးကြီးဆုံးကတော့ အဆာပလာ အစုံထည့်ပြီး အရသာရှိရှိဖျော်စပ်ထားတဲ့ အချဉ်ရည်ပဲဖြစ်ပါတယ်။ 

ဆာဖြယ်ပြုလုပ်ဖို့ အရင်ဆုံး မုန့်ဖတ်ကို ရေအေးနဲ့ (၁၀)မိနစ်လောက်စိမ်ပါ။ ပြီးရင် မုန့်ဖတ်ကို ပွက်ပွက်ဆူတဲ့ ရေနွေးနဲ့ (၅) မိနစ်ခန့်ပြုတ်ပါ။ ပြီးတာနဲ့ မုန့်ဖတ်ကို အမြန်ဆုံးဆယ်ပြီး မကပ်သွားအောင် ရေအေးအေးနဲ့ လောင်းချလိုက်ရင် လိုချင်တဲ့မုန့်ဖတ်အနေအထားကို ရလာပါလိမ့်မယ်။ ဒုတိယအဆင့်အနေနဲ့ အမဲသား (သို့မဟုတ်) အသားတစ်မျိုးမျိုးကို ရေစင်အောင်ဆေးပြီး အိုးထဲကို ဆားအနည်းငယ်ထည့်ကာ နူးတဲ့အထိ ပြုတ်ပါ။ အဲဒီနောက် အသားကို တစ်ဝက်က အသားပြားလေးတွေအဖြစ် လှီးထားပါ။ အချဉ်ရည်ထဲထည့်ဖို့ တစ်ဝက်ကိုတော့ တောက်တောက်စင်းထားပါ။

နောက်ဆုံးအဆင့်အနေနဲ့ အချဉ်ရည်ဖျော်စပ်ဖို့ ဖယ်ဖယ်ရွက် မရပါက ကုလားနံနံ (သို့မဟုတ်) ရှမ်းနံနံ၊ ကျူးဆိုင်အရွက် တို့ကို ရေဆေးပြီး နုတ်နုတ်စဉ်းထားပါ။ စောနကလှီးထားတဲ့ အသား၊ အရွက်စုံ၊ ငရုပ်သီးစိမ်းကို ပန်းကန်တစ်ခုထဲထည့်ပါ။ ပြီးနောက် ရေအေးတစ်ခွက်၊ ဆား၊ ဟင်းခတ်မှုန့်၊ Ready Made မန်ကျည်း အချဉ်ရည်၊ သံပုရာသီး ညှစ်ထည့်ပြီး ဖျော်စပ်လိုက်ပါ။ ဒါဆိုရင် ချဉ်ချဉ်စပ်စပ်လေးနဲ့ မုန့်ဖတ်၊ အသားတို့နဲ့တွဲစားဖို့ ဆာဖြယ်အချဉ်ရည်ကလေး ရရှိလာမှာဖြစ်ပါတယ်။ အချဉ်ရည်လေးရလာပြီဆိုရင်တော့ ပန်းကန်တစ်ချပ်ပေါ်မှာ မုန့်ဖတ်ထည့်ပါ။ မုန့်ဖတ်ပေါ်မှာ အပြားလေးတွေ ဖြစ်အောင် လှီးထားတဲ့ အသားလေးတွေတင်၊ သခွားသီး၊ ဆလပ်ရွက်၊ မုန်လာဥနီလေးတွေကိုတင်ပြီး ဘေးမှာ အချဉ်ရည်လေးတစ်ခွက်ပြင်ဆင်ထားပါ။ ဆာဖြယ်ကိုစစားတော့မယ်ဆိုရင် ပန်းကန်လုံးလေးထဲမှာ လိုသလောက်မုန့်ဖတ်လေးကို ယူ၊ အချဉ်ပန်းကန်ထဲက အချဉ်အနည်းငယ်နဲ့ နယ်ဖတ်စားရတာပါ။ အဲဒီနောက် မုန့်ဖတ်ပေါ်တင်ထားတဲ့ အသားလေးကို ယူစား၊ စပ်လာရင် သခွားသီး၊ ဆလပ်ရွက်၊ မုန်လာဥနီလေးတွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ ဒါဆိုရင်တော့ ကချင်လူငယ်တွေအကြိုက် အရသာရှိလှတဲ့ ဆာဖြယ်ကို ဘယ်လိုပြုလုပ်ပြီး စားသုံးရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ 

Share

က္က