တကယ်လို့များလည်ချောင်းနာနေချိန်မှာဆရာဝန်ဆီသွားဖို့အဆင်မပြေဘူးဆိုရင် အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ အမြန်ဆုံးသက်သာအောင်လုပ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။

လည်ချောင်းနာတဲ့ဝေဒနာကိုအများစုခံစားဖူးကြမှာပါ။

Photo: Family Doctor.org

အစားကောင်းကောင်းမစားရ၊ ရေသောက်လည်းအဆင်မပြေ၊ တံတွေးမြိုရင်တောင်နာတဲ့အတွက် အတော်လေးကိုခံစားရခက်တဲ့ဝေဒနာမျိုးပါ။ အအေးမိတုပ်ကွေးကြောင့်အဆက်မပြတ် ချောင်းဆိုးရာကနေလည်ချောင်းနာတတ်သလို ဗိုင်းရပ်စ်ပိုးမွှားကူးစက်ခံရရင်လည်း လည်ချောင်းနာတာမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့များလည်ချောင်းနာနေချိန်မှာဆရာဝန်ဆီသွားဖို့အဆင်မပြေဘူးဆိုရင် အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ အမြန်ဆုံးသက်သာအောင်လုပ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ 

Photo: Quick and Dirty Tips

ဘာကြောင့်လည်ချောင်းနာလဲ

ရာသီမရွေးလည်ချောင်းနာနိုင်ပါတယ်။ အပူ၊အအေးမမျှတတဲ့မိုးရာသီလိုရာသီဥတုမျိုးမှာ လည်ချောင်းနာဝေဒနာကို ပိုမိုခံစားရတတ်ပါတယ်။ ရာသီအကူးအပြောင်းမှာ ရာသီပေါ်တုပ်ကွေးနဲ့လည်ချောင်းနာဝေဒနာကတွဲပြီးလာတတ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်အဖြစ်များပြီး ရံဖန်ရံခါမှာ ဘက်တီးရီးယားကတဆင့်ကူးစက်တာမျိုးလည်းဖြစ်တတ်ပါတယ်။ 

တခြားလည်ချောင်းနာစေတတ်တဲ့အရာတွေကတော့ ဓာတ်မတည့်တာတွေနဲ့ထိတွေ့မိတာ၊ လေထုစိုထိုင်းစလျော့နည်းတာ၊ ဆေးလပ်ငွေ့၊ မီးခိုးငွေ့၊ကားမီးခိုးငွေ့တွေကို အလွန်အကျွံရှူမိတာ၊ အသံကျယ်ကျယ်အော်ဟစ်ပြောဆိုပြီး လည်ချောင်းကြွက်သားတွေနာကျင်ရာကနေတဆင့်လည်း လည်ချောင်းနာတတ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာကတော့ ပိုးသတ်ဆေးမလိုဘဲတစ်ပတ်ခန့်မှာပျောက်တတ်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့်လည်ချောင်းနာမယ်ဆိုရင်တော့ စနစ်တကျကုသမှုခံယူပြီးဆေးကိုရက်စေ့အောင်သောက်ဖို့လိုပါမယ်။ 

Photo: Insider

ဆားရည်နဲ့အာလုပ်ကျင်းပါ

လည်ချောင်းနာသက်သာစေဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကတော့ ဆားရည်နဲ့အာလုပ်ကျင်းတာပါ။ အိမ်တိုင်းမှာ မရှိမဖြစ်ဆောင်ထားတတ်တဲ့ဆားကရောဂါပိုးတွေကို သေစေတဲ့ အာနိသင်အပြင် နီရဲရောင်ရမ်းတာ၊ ယားယံတာကိုလည်း သက်သာစေပါတယ်။ 

ရေနည်းနည်းနဲ့ဆားဇွန်းတစ်ဝက်လောက်ကိုရောပြီး ပါးစပ်တစ်ခုလုံးနဲ့အာခေါင်အထိရောက်အောင် အာလုပ်ကျင်းဖို့လိုပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ကနေသုံးကြိမ်အထိလုပ်ပေးနိုင်ပြီး လည်ချောင်းနာကို သိသိသာသာသက်သာပျောက်ကင်းစေပါတယ်။ 

Photo: Egypt Independent

ရေဓာတ်ပြည့်ဝစေဖို့အမြဲဖြည့်ပါ

ရေဓာတ်ပြည့်ဝတဲ့အခါ တံတွေးထုတ်လုပ်နိုင်စွမ်းပိုများပြီး လည်ချောင်းထဲကချွဲတွေကိုအပြင်ရောက်အောင် ကူညီပေးနိုင်ပါတယ်။ ရောင်ရမ်းနေတာ၊ ယားယံနေတာကိုလည်း သက်သာစေနိုင်ပါတယ်။ တစ်နေ့ကို ရိုးရိုးရေသန့် သုံးလီတာ၊ ဒါမှမဟုတ် ရေနွေး၊စွပ်ပြုတ်စတဲ့အရည်တွေကို များများသောက်ပေးဖို့လိုပါတယ်။ 

Photo: Healthline

ပျားရည်နဲ့သံပုရာရည်ရောသောက်ပါ

လည်ချောင်းယားတာ၊ လည်ချောင်းနာတာကို သက်သာစေတယ်။ ရောဂါပိုးတွေကို သေစေပြီး လည်ချောင်းထဲမှာကပ်နေတဲ့ ချွဲတွေကို အပြင်ဘက်ရောက်လာအောင် လှုံ့ဆော်ပေးနိုင်တယ်။ နီရဲရောင်ရမ်းနေတဲ့ လည်ချောင်းကို အရောင်ကျစေပါတယ်။ 

လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းကို သံပုရာသီး၊ ပျားရည်အနည်းငယ်ရောစပ်သောက်နိုင်ပါတယ်။ ချောင်းဆိုးနေမယ်ဆိုရင်ချောင်းဆိုးပါပျောက်စေပါတယ်။ 

Photo: The Fiji Time

ရေနွေးငွေ့ရှူပါ

ရေနွေးငွေ့ရှူတာက ခန္ဓာကိုယ်ပြင်ပကနေ အပူငွေ့ကို ရှူရှိုက်ပြီး လည်ချောင်းထဲမှာ ရှိတဲ့ ချွဲတွေကို ပျော်ကျလာစေတဲ့ နည်းလမ်းကောင်းပါ။ အဓိကက ရောင်ရမ်းနေတဲ့ လည်ချောင်းကို အပူပေးပြီး အရောင်ကျစေတယ်။ ချွဲတွေကိုလည်း ပျော်ကျလာစေပြီး အပြင်ကို ခတ်ထုတ်ဖို့ လွယ်ကူစေပါတယ်။ 

လည်ချောင်းနာက အသက်ကြီးငယ်၊ကျား/မ မရွေးကြုံတွေ့ရနိုင်တဲ့ဝေဒနာပါ။ မစိုးရိမ်ရပေမယ့် ဝေဒနာခံစားရသူရဲ့ နေ့စဉ်နေထိုင်မှုပုံစံကိုတော့ အလွန်ဒုက္ခပေးပါတယ်။ ဒါကြောင့်လည်ချောင်းမနာအောင်ကြိုတင်ကာကွယ်ပါ။ ပတ်ဝန်းကျင်လေထုကိုသန့်ရှင်းအောင်ထားပါ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေကိုမဝေမျှပါနဲ့၊ ကိုယ့်အခန်းထဲက တီဗီရီမုဒ်၊ ဖုန်း၊ ကွန်ပျုတာ၊ ကီးဘုတ်၊မောက်စ်တွေကိုသန့်ရှင်းအောင်ထားပါ။ အဓိက,ကတော့ လက်ကိုစင်ကြယ်အောင်အမြဲဆေးဖို့လိုပါတယ်။ လည်ချောင်းနာဝေဒနာခံစားလာရပြီဆိုရင်တော့ အပေါ်မှာဖော်ပြထားတဲ့နည်းလမ်းတွေကိုသုံးပြီး အမြန်ဆုံးသက်သာအောင်လုပ်နိုင်တယ်ဆိုတာကို မမေ့ပါနဲ့။

သတင်းဆောင်းပါးပါအချက်အလက်များကို အမေရိကန်ကျန်းမာရေးဝက်ဘ်ဆိုက် Healthline မှကိုးကားပြီးမျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က