သွားကျန်းမာရေးကောင်းမွန်မှုဟာ မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ ၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေဖို့နဲ့ ခန္ဒာကိုယ်ကျန်းမာရေးကောင်းမွန်စေဖို့ကိုပါ အထောက်အကူပြုပါတယ်။ ဖြူစင်သန့်ရှင်းလှပတဲ့ သွားတွေဟာ အပြုံးတွေ ပိုမိုလှပဖို့ ထောက်ပံ့ပေးသလို ခံတွင်းအနံ့ကောင်းမွန်စေတဲ့အတွက် မိမိကိုယ်ကိုလည်း ယုံကြည်မှုရှိစေပါတယ်။ဒါ့အပြင် ကိုယ်နဲ့စကားပြောဆို ဆက်ဆံသူတွေကိုပါ စိတ်အနှောင့်အယှက်မဖြစ်စေတဲ့အတွက် ပေါင်းသင်းဆက်ဆံရေးမှာလည်း ကောင်းမွန်စေပါတယ်။
လွယ်လွယ်ကူကူနဲ့ သွားဖြူစေမယ့် နည်းလမ်း(၅)မျိုး
၁။ မုန့်ဖုတ်ဆော်ဒါ (Baking Soda )
Photo- yours.co.uk.com
Baking Soda ကို သွားတိုက်ဆေးတွေမှာလည်း သွားဖြူစေဖို့ ထည့်သွင်းဖော်စပ်လေ့ရှိပါတယ်။ Baking Soda က အညစ်အကြေးတွေကို ဖယ်ရှားပြီး ဘက်တီးရီးယားတွေပေါက်ဖွားတာကို ရပ်တန့်စေပါတယ်။ ဒါကြောင့် သွားတွေဖြူစင်ဖို့ဆိုရင် Baking Soda ပါတဲ့ သွားတိုက်ဆေးကို ရွေးချယ်နိုင်ပါတယ်။တကယ်လို့ သွားတိုက်ဆေးမှာ မပါလည်း Baking Soda ကို အလွယ်တကူဝယ်ယူပြီး သွားတိုက်လို့ရပါတယ်။ Baking Soda အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေနှစ်ဆနဲ့ရောနယ်ပြီး သွားတိုက်နိုင်ပါတယ်။
၂။ ပန်းသီးရှာလကာရည်
Photo-timesofindia.indiatimes.com
ပန်းသီးရှာလကာရည် (apple cider vinegar) ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ သဘာ၀ ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ခံတွင်းကိုသန့်ရှင်းစေပြီး သွားတွေကိုလည်း ဖြူစင်စေပါတယ်။ ပန်းသီးရှာလကာရည်ကို မကြာခဏအသုံးပြုမယ်ဆိုရင်တော့ သွားကြွေလွှာတွေကို ထိခိုက်စေနိုင်လို့ တစ်လကို နှစ်ခါလောက်ပဲ အသုံးပြုသင့်ပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနဲ့ရောပြီး ပါးစပ်ထဲ မိနစ်အနည်းငယ်ငုံထားပါ ။ ပြီးမှ ထွေးထုတ်ပြီး ရေနဲ့ပြန် ပလုတ်ကျင်းပါ။ ခံတွင်းအနံ့ကောင်းပြီး သွားတွေဖြူစင်လာတာကို မြင်တွေ့ရမှာပါ။
၃။ မီးသွေး (Activated Charcoal)
Photo-livescience.com
အခုချိန်မှာ မီးသွေးကို အိမ်တိုင်းအသုံးမပြုကြတော့ပေမယ့် သွားဖြူစေတဲ့ ထုတ်ကုန်တွေထဲမှာ မီးသွေး (Activated Charcoal) ကို ပိုပြီးအသုံးများလာကြပါတယ်။ Activated Charcoal အခဲသီးသန့်လေးတွေတောင် နောက်ပိုင်း ထုတ်လာကြပြီး online shop တွေမှာ တံဆိပ်အမျိုးမျိုးနဲ့ ရောင်းချနေတာရှိပါတယ်။သူ့ကို သွားတိုက်တံပေါ်ကိုတင်ပြီး ရေစွတ်ပြီး သွားတွေကို တစ်မိနစ်ဝန်းကျင်လောက် သေချာလေးတိုက်မယ်ဆိုရင် ချက်ချင်းပဲ အညစ်အကြေးတွေပြောင်စင်သွားပြီး ဖြူဝင်းသွားတာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ပါးစပ်ထဲမှာ အဖုအပိန့် ၊ အနာရှိနေတဲ့အချိန် မသုံးသင့်ပါဘူး။ပြီးတော့ သွားတိုက်ဆေးနဲ့ တိုက်သလို လျှာကို တိုက်တာမျိုး မလုပ်သင့်ပါဘူး။
အုန်းဆီ
Photo-themorning.lk
အုန်းဆီဟာ ပိုးသတ်နိုင်တဲ့ အစွမ်းရှိတဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ အုန်းဆီဟာ ခံတွင်းအနံကောင်းဖို့ ၊ သွားတွေတောက်ပြောင်စေဖို့အပြင် သွားဖုံးရောဂါတွေကိုပါ ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အုန်းဆီတစ်ဇွန်းကို ပါးစပ်ထဲငုံပြီး အထဲမှာ သွားတွေ သွားဖုံတွေကို ထိအောင် ပျံ့ဖို့အတွက် ပလုတ်ကျင်းသလိုလုပ်ပါ။ ငါးမိနစ်ကနေ ၁၀မိနစ်အထိ လုပ်နိုင်ပါတယ်။ပြီးရင် ထွေးထုတ်လိုက်ပါ ။ အဲဒီနောက်မှာ သွားတိုက်တံထဲကို မုန့်ဖုတ်ဆိုဒါ (Baking Soda) အမှုန့်အနည်းငယ်ထည့်ပြီး သွားတိုက် ၊ ရေဆေးပါ ။ ခံတွင်းကျန်းမာရေးကောင်းစေတဲ့အပြင် သွားတွေ ချက်ချင်းဖြူဝင်းလာတာကို တွေ့ရပါလိမ့်မယ်။
ငှက်ပျောခွံ
Photo- www.youtube.com
ငှက်ပျောသီးစားပြီး ငှက်ပျောခွံကို ဒီတိုင်းလွှင့်ပစ်စရာ မလိုပါဘူး။ ငှက်ပျောခွံမှာ မန်းဂနိစ်၊ ပိုတက်စီယမ်နှင့်မဂ္ဂနီဆီယမ်ဓာတ်တွေ အများကြီး ပါဝင်နေပါတယ်။ ငှက်ပျောခွံနဲ့ သွားတွေကို ပွတ်တိုက်မယ်ဆိုရင် သွားတွေက ဒီဓာတ်တွေကို စုပ်ယူလိုက်ပြီး သွားတွေကို ဖြူစင်စေပါတယ်။ ငှက်ပျောခွံနဲ့ သွားတွေကို ခပ်ဖြည်းဖြည်းပဲ နှစ်မိနစ်လောက် ပွတ်တိုက်ပါ ။ ပြီးရင် သွားက ငှက်ပျောခွံတွေကို ပြန်ဖယ်ရှားဖို့ ပုံမှန်အတိုင်း သွားတိုက်ဆေးနဲ့ သွားပြန်တိုက်ပါ။ သွားတွေ ဖြူဝင်းလာပါလိမ့်မယ်။
သွားတွေ မဝါအောင် ဂရုစိုက်ပါ
သွားကို စွန်းထင်းစေတဲ့အစားအစာတွေက သွားကို ဝါစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပြီး အဲဒါတွေကို ရှောင်ရှားဖို့လိုသလို၊ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာတွေကလည်း သွားတွေကို ညစ်နွမ်းစေတဲ့အကြောင်းရင်းများဖြစ်တယ်လို့ သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာရည်မွန်က ဆိုပါတယ်။ သွားတွေကို စွန်းထင်းစေတဲ့ အစားအစာတွေက ဘယ်ရီသီးတွေ၊ အနီရောင်ဆော့စ်တွေ၊ ကော်ဖီ၊ ကိုလာ၊ ဝိုင်နီ၊ လက်ဖက်ရည် တို့ဖြစ်ပြီး ဒါတွေကို အမြဲတမ်း စားသောက်နေရင် သွားတွေကို ဝါစေမှာ ဖြစ်ပါတယ်။
တစ်နေ့ သွားနှစ်ကြိမ်တိုက်ပြီး အစာစားပြီးတိုင်း ပလုတ်ကျင်းခြင်းကလည်း သွားတွေမဝါအောင် ကာကွယ်ပေးနိုင်တဲ့အပြင် ခံတွင်းအနံ့ဆိုးခြင်းမှ ကင်းဝေးစေမှာ ဖြစ်ပါတယ်။
Ref: Tauntondental