ကိုဗစ်ရောဂါခံစားရပြီးနောက်ပိုင်း နလန်ထစလူနာတွေ အနေနဲ့ အစားအသောက်ပျက်ပြီး ဘာစားရမှန်းမသိဘဲ ဖြစ်နေရင် ထမင်းမြိန်စေတဲ့ဟင်းလျာလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
Photo: Taste Window Magazine
အဲဒါကတော့ ကချင်လူမျိုးတို့ရဲ့ ရိုးရာဟင်းလျာတစ်ခုဖြစ်တဲ့ ကြက်ကချင်ချက်ပါ။ ကြက်ကချင်ချက်ဟင်းလျာရဲ့ အရသာက ချဉ်ချဉ်စပ်စပ်လေးဖြစ်ပြီးတော့ ထမင်းပူပူလေးနဲ့ တွဲဖက်စားလိုက်မယ်ဆိုရင် တကယ်ကို ခံတွင်းတွေ့စေတဲ့ဟင်းလျာတစ်ခုပါ။ ဒါကြောင့် Duwun Lifestyle Food အစီအစဉ်မှာ ထမင်းမြိန်စေတဲ့ ကြက်ကချင်ချက်ကို အလွယ်ကူဆုံး ပြောပြပေးသွားမှာဖြစ်လို့ အမြန်ဆုံးလိုက်ချက်ကြည့်ရအောင်။
Photo: Chef Cook
တေဇောဓာတ်ကို အဓိကထုတ်လုပ်တဲ့ ကြက်ကချင်ချက်
ကြက်ကချင်ချက်ဆိုတာ ကချင်တိုင်းရင်းသားတို့ရဲ့ ရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။ ကချင်ပြည်နယ်ဟာ အေးတဲ့ဒေသဖြစ်တာကြောင့် ကချင်ရိုးရာအစားအသောက် အများစုက ပူပူစပ်စပ်လေးနဲ့ ကိုယ်တွင်းအပူဓာတ် (တေဇောဓာတ်) ကို အဓိကထုတ်လုပ်နိုင်ဖို့ရည်ရွယ်ပြီးတော့ ချက်ပြုတ်စားသောက်ကြတာတွေ့ရပါတယ်။ ကြက်ကချင်ချက်ရဲ့ အရသာကလည်း ပူပူစပ်စပ်ကလေးဖြစ်တာကြောင့် စားလိုက်တာနဲ့ ခန္ဓာကိုယ် အနွေးဓာတ်ရစေတဲ့ဟင်းလျာလေးမို့ မစားဖူးသေးတဲ့သူတွေ မြည်းစမ်းကြည့်သင့်တဲ့ ဟင်းလျာလေးတစ်ခုပါ။
Photo: Myanmar Food Industy
ကြက်ကချင်ချက်ကို အိမ်မှာပဲ အလွယ်တကူချက်ကြမယ်
ကချင်ရိုးရာအစားအသောက်အများစုက လူတိုင်းနဲ့တော့ မရင်းနှီးသလို အိမ်မှာလည်း အလွယ်တကူလုပ်မစားကြပါဘူး။ ကချင်ရိုးရာအစားအစာတွေကို အများအားဖြင့် ကချင်ရိုးရာအစားအသောက်သီးသန့်ရောင်းချတဲ့ဆိုင်တွေမှာသာ အများဆုံးတွေ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ကြက်ကချင်ချက်ကတော့ လူတိုင်းအိမ်မှာ အလွယ်တကူချက်ပြုတ်လို့ရတဲ့ဟင်းလျာတစ်ခုလို့ ဆိုရမှာပါ။ ကြက်ကချင်ချက်ဟင်းအတွက် ပါဝင်ပစ္စည်းတွေလည်း ရှာဖွေဝယ်ယူရတာ မခက်သလို ချက်ပြုတ်နည်းကလည်း လွယ်ကူတာကြောင့် ကိုယ့်အိမ်မှာပဲ အမြန်ဆုံးချက်ပြုတ်လို့ရတဲ့ ဟင်းလျာတစ်ခုဖြစ်ပါတယ်။
ကြက်ကချင်ချက် အတွက် အဓိကပါဝင်ပစ္စည်းများ
ကြက်သား၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်းစေ့၊ ရှမ်းနံနံ၊ ပင်စိမ်း၊ ဖယ်ဖယ်ရွယ် (မရှိပါက မထည့်လဲရ)၊ ပင်စိမ်း၊ နံနံပင်၊ ငရုပ်သီးစိမ်း၊ ဆီ၊ ဆား၊ သကြားအနည်းငယ်တို့ပဲဖြစ်ပါတယ်။
Photo: Myanmar Food Industy
ကြက်ကချင်ချက် ချက်နည်း
အရင်ဆုံးကြက်သားကို ရေစင်အောင်ဆေးပြီး အတုံးလေးတွေလှီးကာ ပန်းကန်တစ်ခုထဲထည့်ထားပါ။ ရှမ်းနံနံ၊ပင်စိမ်း၊ ဖယ်ဖယ်ရွက်တို့ကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ၊ချင်း၊ ငရုတ်ကောင်းစေ့တို့ကို ကြေညက်အောင်ထားပါ။ အဲဒီနောက် အတုံးတုံးလေးတွေလှီးထားတဲ့ကြက်သား၊ ပါးပါးလှီးထားတဲ့ အရွက်တွေ၊ထောင်းထားတဲ့ ကြက်သွန်နှစ်တွေ၊ ဆား၊ သကြား၊ ဆီ အနည်းငယ်တို့နဲ့ သမအောင် ရောမွှေထားလိုက်ပါ။ ငရုပ်သီးစိမ်းများကို ထပ်ခြမ်းခွဲထည့်လိုက်ပါ။ အဲဒီနောက် မီးဖိုပေါ်ကို အိုးတင်ပြီးဆီထည့်ပါ။ ဆီပူလာရင် စောနက အနှစ်တွေနဲ့ ကြက်သားတွေနဲ့ ရောနယ်ထားတာကို ထည့်ပါ။ ပြီးလျှင် ရေအနည်းငယ်ကို ကြက်သားမြုပ်ရုံလောက်ထည့်ပါ။ (၁၅) မိနစ်အကြာ ကြက်သားနူးသွားပြီဆိုပါက နံနံပင်အုပ်လိုက်မယ်ဆိုရင် ပူပူနွေးနွေးစပ်စပ်ကလေးနဲ့ ကြက်ကချင်ချက်လေးရရှိလာမှာဖြစ်ပါတယ်။
အခုလို ကိုဗစ်ရောဂါအဖြစ်များနေတဲ့ကာလမှာ နလန်ထစလူနာတွေအတွက် ကြက်သားရဲ့ အာဟာရလည်း ရရှိနိုင်သလို အရသာလည်းရှိပြီး ထမင်းစားဝင်စေတဲ့ ကြက်ကချင်ချက်ဟင်းလျာလေးကို တစ်ခါလောက် ချက်ပြုတ်မြည်းစမ်းကြည့်လိုက်ပါနော်။