အဲဗာတန်နဲ့ပွဲမှာ လှပတဲ့ Free Kick ဂိုး သွင်းယူခဲ့သူပါ။

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ ဖာနန်ဒက်စ်ဟာ အိမ်ကွင်းပရိသတ် ၅၅၀၀၀ ရှေ့မှောက်မှာ လှပတဲ့သွင်းဂိုးတစ်ဂိုးကို ရယူပြခဲ့ပါတယ်။


အဲဗာတန်နဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အလွတ်တည်ကန်ဘောကတဆင့် သွင်းဂိုးတစ်ဂိုးကို လှလှပပသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူဖာနန်ဒက်စ်က လိဒ်ယူနိုက်တက်နဲ့ ရာသီအဖွင့်ပွဲမှာ အသင်းပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေမှုပေးသွားဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ 

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ ဖာနန်ဒက်စ်ဟာ အိမ်ကွင်းပရိသတ် ၅၅၀၀၀ ရှေ့မှောက်မှာ လှပတဲ့သွင်းဂိုးတစ်ဂိုးကို ရယူပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ကလပ်အသင်းက သူ့ခြေစွမ်းကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ဆဲဖြစ်ကာ ရာသီသစ်မတိုင်ခင်မှာပဲ ပုံမှန်ခြေစွမ်းကို ပြသခဲ့တာဖြစ်ပါတယ်။ 


"ပရိသတ်တွေ ကွင်းထဲပြန်ရောက်လာတာက တကယ်ကို ကွဲပြားခြားနားပါတယ်၊ ဂိုးသွင်းပြီးချိန်မှာဆိုရင် ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေက အရာအားလုံးကို ကိုယ်စားပြုပါတယ်၊ သူတို့တွေ ကွင်းထဲပြန်လာနိုင်တာ အရမ်းကိုကောင်းမွန်ပြီး ကျွန်တော်တို့ ခြေစွမ်းပိုကောင်းလာအောင် ယုံကြည်မှုပေးနိုင်တဲ့သူတွေဆိုတာကို ကျွန်တော်တို့ သိပါတယ်၊ ရိုးရိုးသားသားပြောရရင် ကျွန်တော်အသင့်ဖြစ်နေပြီလို့ ခံစားရပါတယ်"


"လေ့ကျင့်ခန်းနှစ်ပတ်ဆင်းပြီးတော့ ကျွန်တော်တက်ကြွလန်းဆန်းနေပြီး ရာသီသစ်ကိုစတင်ဖို့ အသင့်ပါပဲ၊ လိဒ်ယူနိုက်တက်က သတိထားရမယ့်အသင်းတစ်သင်းပါ၊ ဒီနေ့ပွဲမှာ ကျွန်တော်တို့ မှန်ကန်တဲ့အရာတွေကို လုပ်နိုင်ခဲ့ပြီး စကော့တလန်မှာ တစ်ပတ်လုံးလေ့ကျင့်ခဲ့တဲ့အတိုင်း ကစားနိုင်ခဲ့ပါတယ်၊ အခုဆိုရင် ရာသီအဖွင့်ပွဲအတွက် ပြင်ဆင်ဖို့ တစ်ပတ်ပဲကျန်ပါတော့တယ်၊ ခြေစမ်းပွဲနဲ့ အရာရာကွဲပြားပါတယ်၊ ဒီနေ့ပွဲကရလဒ်အတိုင်း ဖြစ်လာဖို့ ကျွန်တော်မျှော်လင့်ပါတယ်" လို့ ဖာနန်ဒက်စ်က MUTV ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။ 

Share

က္က