ခိုတောင်မုန့်တီဟာ တကယ်တော့ မန္တလေးမြို့ တစ်ဖက်ကမ်း စစ်ကိုင်း-မင်းကွန်းကားလမ်းနံဘေးမှာရှိတဲ့ ခိုတောင်ရွာက အစပြုလာတာဖြစ်တယ်လို့ သိရပါတယ်။

ခိုတောင်မုန့်တီဆိုတာ အထက်မြန်မာပြည်မှာ အရမ်းနာမည်ကြီး ခေတ်စားတဲ့အစားအစာတစ်ခုလို့ ဆိုရမှာပါ။

Photo: myfoodmyanmar

မန္တလေးရဲ့စားသောက်ဆိုင်တိုင်းလိုလိုမှာ ခိုတောင်မုန့်တီရောင်းချကြပြီး မန္တလေးကို အလည်လာတဲ့သူတိုင်း ခိုတောင်မုန့်တီလေးကို စားလိုက်ရမှ ပြည့်စုံတယ်လို့ ဆိုရမှာပေါ့။ မန္တလေးမြို့ပေါ်မှာ အများဆုံးတွေ့ရတဲ့ ခိုတောင်မုန့်တီဟာ တကယ်တော့ မန္တလေးမြို့ တစ်ဖက်ကမ်း စစ်ကိုင်း-မင်းကွန်းကားလမ်းနံဘေးမှာရှိတဲ့ ခိုတောင်ရွာက အစပြုလာတာဖြစ်တယ်လို့ သိရပါတယ်။

Photo: myfoodmyanmar

နန်းတွင်းရာဇဝင်ရှိခဲ့တဲ့ ခိုတောင်မုန့်တီ

ဒေသခံတွေရဲ့ ပါးစပ်ရာဇဝင်တွေအရ ခိုတောင်မုန့်တီ ဖြစ်ပေါ်လာပုံက စကြာဒေဝီမိဖုရားခေါင်ကြီးနဲ့ ဆက်စပ်နေတယ်လို့ ဆိုကြပါတယ်။ ဒေသခံတွေကတော့ ခိုတောင်မုန့်တီအစ စကြာဒေဝီမိဖုရားကြီးက ဆိုပြီး မှတ်ယူကြပါတယ်။ စကြာဒေဝီမိဖုရားကြီး နာမကျန်းဖြစ်တဲ့အချိန် အစားအသောက်ပျက်တဲ့ကာလမှာ သမားတော်တွေက ဓာတ်စာအဖြစ် “ တီနဲ့တူသောမုန့်ကို စားပါမှ အသက်ရှည်မည်” လို့ဆိုတဲ့အတွက် ခိုတောင်ရွာက မင်းမှုထမ်းတွေရဲ့ အကူအညီနဲ့ တီနဲ့ တူတဲ့ မုန့်ကို ပြုလုပ်စေခဲ့ပြီး မုန့်တီကို စတင်တီထွင်ခဲ့ကြပါတယ်။ အဲဒီနောက် တောရွာတွေမှာ အရွက်သုပ်တဲ့ နည်းကို အခြေခံပြီး ခိုတောင်မုန့်တီသုပ်ကို ပြုလုပ်ခဲ့ပြီး မိဖုရားကြီးကို ဆက်သလိုက်ကြတယ်လို့ ဆိုပါတယ်။ မိဖုရားကြီးလည်း ခိုတောင်မုန့်တီကို ခံတွင်းတွေ့ပြီး နာမကျန်းဖြစ်ရာက ပြန်လည်ကျန်းမာလာခဲ့တယ်လို့ ဒေသခံတွေရဲ့ အဆိုအရသိရပါတယ်။ အဲဒီအချိန်ကစလို့ ခိုတောင်ရွာက အစပြုကာ ခိုတောင်မုန့်တီဆိုတာ ဖြစ်ပေါ်လာခဲ့ပြီး နှစ်ပေါင်း ရာကျော်လာထိတိုင်အောင် လူတိုင်းကြိုက်နှစ်သက်တဲ့ အစားအစာတစ်ခုဖြစ်လာခဲ့ပါတယ်။

Photo:myfoodmyanmar

ဟိုးယခင်က ခိုတောင်မုန့်တီသည်တွေရဲ့ ဘဝ

ယနေ့ခေတ်မှာ ခိုတောင်မုန့်တီကို မန္တလေးက စားသောက်ဆိုင်တိုင်းလိုလိုမှာ ဒေသအစားအစာအဖြစ် ရောင်းချလာပေမယ့် ဟိုးယခင်တုန်းကတော့ ခိုတောင်ရွာက အမျိုးသမီးလေးတွေကပဲ မန္တလေးဘက်ကို လာပြီးရောင်းရတာပါ။ မန္တလေး- မင်းကွန်းကားလမ်းနံဘေးမှာ တည်ရှိတဲ့ ခိုတောင်ရွာက အမျိုးသမီးတွေဟာ ရွာကနေ မုန့်တီနဲ့ အဆာပလာမျိုးစုံပါဝင်တဲ့ ဈေးဗန်းကိုသယ် ဧရာဝတီမြစ်ကြီးကို ကူးဖြတ်ကာ လှေတတန် ကုန်းတကြောင်းနဲ့ မန္တလေးမြို့ပေါ်ကို လာရတာပါ။

ခိုတောင်ရွာက ဈေးသည်လေးတွေဟာ နံနက်စာအဖြစ် ခိုတောင်မုန့်တီကို ခေါင်းရွက်ဗန်းတွေနဲ့ မန္တလေးမြို့ပေါ်မှာ လှည့်လည်ရောင်းချခဲ့ကြပါတယ်။ အရင်ကတော့ ခိုတောင်မုန့်တီစားရဖို့ တမျှော်တခေါ် စောင့်ရပေမယ့် အခုခေတ်မှာတော့ မန္တလေးမြို့ပေါ်မှာ နာမည်ကြီးတဲ့အစားအသောက်တစ်ခုဖြစ်လာပါပြီ။

ဒါပေမယ့် မူလဇစ်မြစ်ရှိရာ ခိုတောင်ရွာက ဈေးသည်တွေရောင်းချတဲ့ ခိုတောင်မုန့်တီကတော့ ပိုပြီး အရသာထူးကဲလေ့ရှိတယ်လို့ စားဖူးသူတွေရဲ့ အဆိုတွေက သိရပါတယ်။ ဒါကြောင့် အထက်မြန်မာပြည်ကို ဘုရားဖူးလာတဲ့ ဧည့်သည်တိုင်းက စစ်ကိုင်း- မင်းကွန်းဘက်ကို သွားပြီး ခိုတောင်ရွာထိပ်မှာ ရောင်းချတဲ့ ခိုတောင်မုန့်တီစစ်စစ်ရဲ့ အရသာကို တကူးတကမြည်းစမ်းစားသောက်လေ့ရှိကြပါတယ်။

Photo:myfoodmyanmar

ခိုတောင်မုန့်တီအိမ်မှာချက်စားကြမယ်

ခိုတောင်မုန့်တီဆိုတာ အလွယ်ပြောရရင် အောက်မြန်မာပြည်က လူတွေရဲ့ အမြင်အရ နန်းကြီးသုပ်နဲ့ဆင်တူတယ်လို့ ဆိုရမှာပါ။ ခိုတောင်မုန့်တီပြုလုပ်တဲ့ အဓိကသော့ချက်ကတော့ ဆီချက်ချက်နည်း၊ အစာပလာထည့်နည်းနဲ့ ဟင်းချိုချက်နည်းကို ကောင်းကောင်းသိဖို့ လိုပါတယ်။ ခိုတောင်မုန့်တီသုပ်ဖို့ ကြက်သွန်ဖြူနီဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ ဂေါ်ဖီထုပ်တို့ လိုပါတယ်။

ခိုတောင်မုန့်တီနဲ့ တွဲစားဖို့ဟင်းချိုကိုတော့ ပိတ်စွယ်၊တရုတ်နံနံ၊ ငါးခေါင်း၊ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ချက်ရပါတယ်။ ခိုတောင်မုန့်တီဆိုတာ မနက်အဆာပြေစားသုံးရင် အလွန်စားကောင်းတဲ့ အစားအစာတစ်ခုပါ။ ဒါကြောင့် ကိုယ့်အိမ်မှာ မနက်ခင်းစာအတွက် မိသားစုတွေအတူတကွ လုပ်စားကြည့်ရအောင်။

Photo: myfoodmyanmar

ခိုတောင်မုန့်တီပြုလုပ်ဖို့ ပါဝင်ပစ္စည်းများ

ခိုတောင်မုန့်ဖတ်၊ ငါးဖယ်ခြစ်၊ ငါးကြင်းဖြူ ဗိုက်သား၊ ပဲပင်ပေါက်နဲ့ ဘိုစားပဲ၊ ဂျင်း၊ စပါးလင်၊ ငံပြာရည်၊ ရှောက်သီး၊ နံနံပင်၊ ကြက်သွန်နီဥသေး၊ ဆီနီ၊ ဆီဝါ၊ ပဲမှုန့်အကျက်၊ ပိတ်ဆွယ်၊ ပုဇွန်ခြောက်အသေး၊ ဆား၊ တို့ အဓိက လိုပါတယ်။ 

ပြုလုပ်နည်း

ပဲပင်ပေါက်နဲ့ ဘိုစားပဲကို အစောင်းလေးဖြစ်အောင် ပါးပါးလှီးပြီး ရေနွေးဖျောထားပါ။ ဆီနီ၊ဆီဝါချက်ထားပါ။ ဆီနစ်အတွက် ငရုပ်ပွခြောက်ကို အစေ့ဖယ်ကာ အမှုန့်ကြိတ်ပြီး ဆူပူလာအောင်တည်ပါ။ ဆီကျက်လာရင် ငရုပ်သီးမှုန့်ထည့်ထားတဲ့ ပန်းကန်ထည်ကို ဆီလောင်းထည့်လိုက်ပါ။ ဆီဝါကတော့ ကြက်သွန်နီ၊ကြက်သွန်ဖြူကို ဆီချက်သဖွယ်ချက်ထားပါ။

ဟင်းရည်ချက်ဖို့ ပိတ်ဆွယ် နှစ်စည်းလောက်ကို အကြမ်းတွေဖယ်ပြီး အနုလေးတွေကို လှီးထားပါ။ ရေဆူအောင်တည်ပါ။ ငါးကြင်းဖြူဗိုက်သားကို ဆား၊ ရှာလကာရည်တို့နဲ့ ဖွဖွနယ်ပြီး ဆေးပါ။ ရေစင်သွားပြီး ဆိုပါက ငါးကို ဆားသင့်ရုံနယ်ပြီး စပါးလင်တစ်ပင်ထုကာ ရေနွေးနဲ့ ထည့်ပြုတ်ထားပါ။ အဲဒီနောက် ငါးကို ဆယ်ယူပြီး သန့်စင်ကာ ဆားနယ်ပြီး ထပ်မံပြုတ်ကာ ဆယ်ယူပါ။ ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အိုးထဲကို စပါးလင်၊ ပုဇွန်ခြောက်၊ မညက်တညက်ထောင်းထားတဲ့ဂျင်း၊ ဆား၊ ပိတ်စွယ်၊ ငါးဖယ်လုံး၊ တရုတ်နံနံ စသဖြင့်ကို အပေါ့အငံအရသာထည့်ပြီး တည်လိုက်လျှင် ပိတ်စွယ်ဟင်းရည်ပူပူလေးရလာပါတယ်။

ခိုတောင်မုန့်တီသုပ်ဖို့ မုန့်ဖတ်၊ ပဲငံပြာရည်၊ ပဲမှုန့်၊ ဆီနီ၊ ဆီဝါ၊ ဘယာကြော်၊ ပဲပင်ပေါက်၊ ပဲသီး၊ ပိတ်စွယ်ဟင်းရည်လေးကို အနည်းငယ်ဆမ်းကာ သေချာနယ်ပြီး အရသာ အပေါ့အငန်ကို မိမိစိတ်ကြိုက်ပြင်ဆင်လိုက်ရင်တော့ အရသာရှိလှတဲ့ ခိုတောင်မုန့်တီသုပ်လေးရရှိလာပါပြီ။ အဲဒီနောက် ပိတ်စွယ်ဟင်းရည်ပူပူလေးနဲ့ တွဲဖက်စားသောက်လိုက်ရင် မိသားစုတွေ အကြိုက်တွေ့စေမယ့် မနက်ခင်းစာလေး ဖြစ်လာမှာ အသေအချာပါပဲ။

Share

Loading Next Article...
က္က