ရုပ်ရှင်တွေဟာ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ ယုံကြည်ပါသလား။ ဒီတစ်ခေါက်တော့ မဒီလေးတို့ စိတ်ဓာတ်ကျပြီး ဘဝကို ဖြတ်သန်းဖို့ အားလျော့နေတဲ့ အခါမျိုးတွေမှာ စိတ်ဓာတ်ပြန်လည် မြှင့်တင်ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။
Mulan (2020)
Disney က ထုတ်လုပ်လိုက်တဲ့ ဇာတ်ကားဖြစ်တဲ့ မူလန် ရုပ်ရှင်ကားကတော့ ရုပ်ရှင်ချစ် ပရိသတ်တွေကြား ဂယက်ရိုက်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ကာတွန်းဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာကြောင့် မူလန်ရဲ့ မူရင်း ကာတွန်းကို နှစ်ခြိုက်ခဲ့ကြတဲ့ ပရိသတ်တွေကြား ဂယက်ထခဲ့တာပဲဖြစ်ပါတယ်။ နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်လီအပါအဝင် နာမည်ကျော်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ ဒီရုပ်ရှင်ဇာတ်ကားထဲကတစ်ဆင့် မူလန်လေးက သူ့ရဲ့ သရုပ်ဆောင်မှုတွေကနေ အမျိုးသမီးတိုင်းကို
-ကိုယ့်ရဲ့ ပန်းတိုင်ကို ကိုယ်သိပါ
-မိတ်ဆွေကောင်းတွေ ရှာဖွေပါ
-စွန့်စားစရာရှိတာကို စွန့်စားပါ
-ကိုယ့်ရဲ့ စွမ်းအားကို ကိုယ်သိပါ လို့ ပြောသွားခဲ့ပါတယ်။
'Wonder Woman'(2017)
ပုရိသတွေရဲ့ အသည်းနှလုံးကို ခြွေယူနိုင်တဲ့ 'Wonder Woman' ဇာတ်ဆောင်မင်းသမီး Gal Gadot
ကြောင့်ကော စူပါဟီးရိုးဇာတ်ကားအမျိုးအစားဖြစ်တာကောကြောင့် ဒီဇာတ်ကားကို အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း ကြိုက်နှစ်သက်ကြပါတယ်။ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး အက်ရှင်စွန့်စားဟီးရိုးဇာတ်လမ်းအမျိုးအစားပါ။ လှပထက်မြက်တဲ့ အမျိုးသမီး 'Wonder Woman' ကတော့
-အမျိုးသမီးဖြစ်တာနဲ့ အားနည်းသူမဖြစ်စေဖို့
-ဘဝကို ရဲရင့်စွာလျှောက်လှမ်းဖို့အတွက် မတွန့်ဆုတ်စေဖို့
-ဘဝကို အကြိမ်ကြိမ်အခါခါ ကြိုးစားနေဖို့
-ကိုယ့်ရဲ့ အခွင့်အရေးကို ရအောင် ယူတတ်ဖို့
-အမှန်တရားအတွက် ပြောဆိုရဲဖို့ အမျိုးသမီးတွေကို 'Wonder Woman' ဇာတ်ကားကနေ တိုက်တွန်းထားပါတယ်။
'Moana" (2016)
အမျိုးသမီးတွေကို စိတ်ဓာတ်ခွန်အားေပးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ 'Moana" ရုပ်ရှင်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိတဲ့ ကာတွန်းရုပ်ရှင်ဇာတ်လမ်းဖြစ်ပြီး ကလေးတွေသာမက လူကြီးတွေကိုပါ ကြိုက်နှစ်သက်စေနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ Walt Disney က ထုတ်လုပ်တဲ့ ကာတွန်းဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းဇာတ်ကွက်တွေကတော့ အရမ်းကို စိတ်ဝင်စားစရာကောင်းပြီး ပရိသတ်ကို ဇာတ်ကားအဆုံးထိ ဆွဲဆောင်သွားနိုင်ပါတယ်။ အဓိကဇာတ်ကောင် မိုအားနားဆီကနေ ကြည့်ရှုသူပရိသတ်ရရှိသွားစေနိုင်တာတွေကတော့
-ဘဝမှာ ကျရှုံးသွားမှာကို စိုးရိမ်မနေပါနဲ့
-ကိုယ့်ရဲ့ စိတ်စေရာအတိုင်း ဆောင်ရွက်ပါ
-ကိုယ့်လမ်းကြောင်းကို ဖောက်ပါ
-အရာရာကို သတ္တိရှိရှိရင်ဆိုင်ပါ
-မိသားစုရဲ့ အရေးပါမှုကို တန်ဖိုးထားပါ
ဒီငါးချက်ကတော့ ဇာတ်ဆောင် မိုအားနားက ပရိသတ်တွေကို ပေးခဲ့တဲ့ လက်ဆောင်ရသလေးတွေပဲဖြစ်ပါတယ်။
The Hunger Games (2012-2015)
2012 ခုနှစ်ကနေ 2015 ခုနှစ်အထိ လေးနှစ်ဆက်တိုက် နှစ်စဉ် ရုပ်ရှင်တစ်ကားစီ ထွက်ရှိခဲ့တဲ့ ဂျနီဖာလောရင့်ရဲ့ ရုပ်ရှင်စီးရီးHunger Games ကလည်း အမျိုးသမီးတွေအတွက် စိတ်ဓာတ်ခွန်အားပေးစွမ်းနိုင်တဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။ အမျိုးသမီးတွေတင်မက အမျိုးသားတွေကော ရုပ်ရှင်ချစ်သူတွေကော စောင့်ကြည့်အားပေးရတဲ့ ဇာတ်ကားကောင်းပါ။ ဘယ်လို အခက်အခဲတွေပဲ ကြုံလာပါစေ၊ မိန်းကလေးလည်း ယောက်ကျာ်းလေးတွေနဲ့ တန်းတူ ကိုယ့်အန္တရာယ်ကို ခုခံနိုင်စွမ်းရှိတယ်ဆိုတာကုိ ပြသနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေပါ။ The Hunger Games ရုပ်ရှင်ဇာတ်ကားတွေကနေတစ်ဆင့် အမျိုးသမီးတိုင်းဆီကို
-ကိုယ်ယုံကြည်ရာအပေါ် ယုံမှားသံသယမဖြစ်ပါနဲ့
-မကြိုးစားရသေးဘဲ မဖြစ်နိုင်ဘူးလို့ မတွေးပါနဲ့
-ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအမြဲထားရှိပါ
-ငါ လုပ်နိုင်တယ်လို့ အမြဲတွေးပါ ဆိုတဲ့ စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်ပါတယ်။
Salt (2010)
နာမည်ကျော်မင်းသမီးကြီး အင်ဂျလီနာဂျိုလီရဲ့ ဇာတ်ကားတစ်ခုဖြစ်တဲ့ Salt ကားဟာလည်း အမျိုးသမီးတွေကို စိတ်ဓာတ်ခွန်အားေပးစွမ်းနိုင်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က ထွက်ရှိတဲ့ ဇာတ်ကားဖြစ်ပြီး အမေရိကန်အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီးကြီး အင်ဂျလီနာဂျိုလီက
-အမျိုးသမီးတွေ စိတ်ဓာတ်ကြံ့ခိုင်ဖို့
-နုနွဲ့တဲ့ အမျိုးသမီးဖြစ်ပေမယ့်လည်း အရာရာရင်ဆိုင်နိုင်ဖို့
-ခေါင်းအေးအေးနဲ့ စဉ်းစားဆုံးဖြတ်တတ်ဖို့
-အရာရာကို ကျော်ဖြတ်နိုင်ဖို့ လမ်းပြသွားမှာဖြစ်ပါတယ်။
ဒီဇာတ်ကားငါးကားကတော့ အမျိုးသမီးဖြစ်ပေမယ့်လည်း ဘဝမှာ အရာရာကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်ပြီး ကိုယ့်လမ်းကိုယ်ဖောက်နိုင်တယ်ဆိုတာတွေကို ပြသသွားတဲ့ ဇာတ်ကားကောင်းတွေဖြစ်လို့ မဒီတို့ စိတ်ဓာတ်ကျနေချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခွန်အားဖြည့်နိုင်ဖို့အတွက် ရုပ်ရှင်ကောင်းလေးတွေ ညွှန်းလိုက်ရပါတယ်။