အခုခေတ် ဘန်းစကားအရ ရန်ကုန်ကို ဂျေဒိုးနတ်လို့ တင်စားခေါ်ဝေါ်ကြပြီး မန္တလေးဆိုရင် ထိုးမုန့်လို့ ခေါ်ကြရတဲ့အထိအောင် ထိုးမုန့်ဆိုတာ မန္တလေးမြို့ရဲ့ ထင်ရှားတဲ့ဝိသေသတစ်ခုပါပဲ။

မန္တလေးမြို့နဲ့ ထိုးမုန့်ဆိုတာ ဘယ်တော့မှခွဲလို့ရမယ့်အရာမဟုတ်ပါဘူး။

Photo: Pintrest

အခုခေတ် ဘန်းစကားအရ ရန်ကုန်ကို ဂျေဒိုးနတ်လို့ တင်စားခေါ်ဝေါ်ကြပြီး မန္တလေးဆိုရင် ထိုးမုန့်လို့ ခေါ်ကြရတဲ့အထိအောင် ထိုးမုန့်ဆိုတာ မန္တလေးမြို့ရဲ့ ထင်ရှားတဲ့ဝိသေသတစ်ခုပါပဲ။ မန္တလေးမြို့အလည်သွားမယ့်သူတွေကို “ ထိုးမုန့်ဝယ်ခဲ့နော်” လို့ အိမ်ပြန်လက်ဆောင်မှာကြသလို မန္တလေးကို ရောက်တဲ့သူတိုင်းကလည်း ထိုးမုန့်ကို လက်ဆောင်အဖြစ် ဝယ်ယူကြတာက မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းလှတဲ့ ဓလေ့တွေထဲက တစ်ခုလို့တောင် ဆိုရမှာပါ။ ဒါတင်မကသေးပါဘူး။ ထိုးမုန့်ရောင်းချတဲ့လုပ်ငန်းကလည်း မန္တလေးဒေသခံတွေအတွက် အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ မန္တလေးမြို့ကိုရောက်ရင် ထိုးမုန့်ရောင်းချတဲ့ ဆိုင်တော်တော်များများကို တွေ့မြင်နိုင်ပြီးတော့ ပြည်ပခရီးသွားတွေလည်း စိတ်ဝင်တစားနဲ့ လေ့လာစရာနေရာတစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။ 

ဒီတစ်ခေါက် Duwun Lifestyle Food အစီအစဉ်မှာ မန္တလေးမြို့ရဲ့ ထိုးမုန့်ရဲ့ မြစ်ဖျားခံရာ စတင်ဖြစ်ပေါ်လာပုံနဲ့ မန္တလေးထိုးမုန့် လုပ်နည်းလေးအကြောင်းကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

Photo:Jeeptoolay

မန္တလေးထိုးမုန့် ဘယ်ကစသလဲ

သမိုင်းကြောင်းတွေအရ ကုန်းဘောင်ခေတ်မှာ ယခင်က ယိုးဒယားလို့ ခေါ်တဲ့ ထိုင်းနိုင်ငံကို ဝင်သိမ်းခဲ့ပြီးနောက် ထိုင်းလူမျိုးတွေကို မြန်မာပြည်ထဲ ခေါ်ဆောင်လာပြီး မြို့တွေ ရွာတွေမှာ အခြေချ ပေးနေထိုင်စေခဲ့တယ်လို့သိရပါတယ်။ မြေဒူးမင်းလို့ ခေါ်တဲ့ဆင်ဖြူရှင်မင်းဟာ အယုဒ္ဓယမြို့ကို သိမ်းပိုက်အောင်မြင်ခဲ့ပြီး ယိုးဒယားလူမျိုးတွေကို မန္တလေးမှာ နေထိုင်စေခဲ့ပါတယ်။ အယုဒ္ဓယသားတွေဟာ မန္တလေးမြို့ မြက်ဖျားရပ်ကွက်မှာ အခြေချနေထိုင်ခဲ့ကြပြီး ယိုးဒယားနိုင်ငံရဲ့ လက်မှုပညာဖြစ်တဲ့ ရွှေပန်းထိုးတာ၊ မုန့်ပဲသရေစာ လုပ်နည်း အတတ်ပညာတွေကိုလုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုလက်ရှိ မန္တလေးမြို့ရဲ့ နာမည်ကြီးမုန့်တွေဖြစ်တဲ့ ထိုးမုန့်၊ ဆနွင်းမကင်း၊မာဆကပ် အယုဒ္ဓယမြို့က လူတွေရဲ့ လက်ရာလို့ ခေါ်ဆိုနိုင်ပါတယ်။ ထိုးမုန့်ရဲ့ မြစ်ဖျားခံရာကို ကြည့်မယ်ဆိုရင် အယုဒ္ဓယသားတွေဆီကလာတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ မူလဇစ်မြစ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် မန္တလေးမြိ့ မြက်ဖျားရပ်ကွက်က စတင်လာခဲ့တာကြောင့်လည်း အခုဆိုရင် ထိုးမုန့်ဆိုတာ မန္တလေးမြို့ရဲ့ နာမည်ကြီး အစားအစာ၊ မြန်မာလူမျိုးတို့ရဲ့ မုန့်ပဲသရေစာအဖြစ် ပိုမိုထင်ရှားကျော်ကြားလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo:OneKyat

မြန်မာလူမျိုးတို့ရဲ့ သရေစာထိုးမုန့်

ထိုးမုန့်ဟာ မန္တလေးသာမက မြန်မာပြည်တစ်ပြည်လုံးရဲ့ အလှူပွဲတွေမှာ မပါမဖြစ် အချိုပွဲတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အချိုပွဲမုန့်တစ်ခုဖြစ်တဲ့ ထိုးမုန့်ကို ကောက်ညှင်းဆန်နဲ့ အဓိကပြုလုပ်တာဖြစ်ပြီး မြန်မာ့ရိုးရာ အခြားမုန့်တွေဖြစ်တဲ့ ပုသိမ်ဟာလဝါ၊ မုန့်ကုလားမဲ တို့နဲ့လည်း ဆင်တူပါတယ်။ ထိုးမုန့်ကို ကောက်ညှင်းဆန်၊ ထောပတ်၊ မြေပဲ၊ သကြား၊ အုန်းသီး စတာတွေနဲ့ အခြေခံပြုလုပ်တာဖြစ်ပြီး ထိုးမုန့်ကိုမှ သီးစုံထိုးမုန့်၊ မလိုင်ထိုးမုန့်၊ အုန်းကြော်ထိုးမုန့်၊ ထောပတ်ထိုးမုန့် စသဖြင့် အရသာမျိုးစုံကို ပြုလုပ်စားသုံးကြတာလည်းဖြစ်ပါတယ်။

Photo: Myanmar Food

မီးဖိုချောင်ထဲအလွယ်တကူရတဲ့ ပစ္စည်းတွေနဲ့ ထိုးမုန့်လုပ်စားကြမယ်

အခုလို ကိုဗစ်ကာလ ခရီးတွေ မသွားရတဲ့ အချိန်မှာ အိမ်ပြန်လက်ဆောင်အဖြစ် ထိုးမုန့်ဝယ်ဖို့လည်း မလွယ်တော့ပါဘူး။ ဒါကြောင့် ဒီလိုအချိန်မှာထိုးမုန့်စားချင်တဲ့သူတွေအတွက် ကိုယ့် အိမ်မီးဖိုချောင်မှာ အလွယ်တကူရှိတဲ့ အစာပလာတွေနဲ့ ထိုးမုန့်ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူနဲ့ စားလို့လည်း ကောင်းမယ့် ထိုးမုန့်လုပ်နည်းကို ကြည့်ရအောင်။ 

ထိုးမုန့်လုပ်ဖို့ ပါဝင်တဲ့ ပစ္စည်းတွေကတော့ ကောက်ညှင်းမှုန့်၊ သကြား၊ ရေ၊ အရည်ပျော်နေတဲ့ ထောပတ်၊ ဆီ၊ မြေပဲထောင်း၊ ဖရုံယို၊ သီဟိုဉ်စေ့၊ အုန်းသီးဖတ် (ကြော်ထား၊လှီးထား) ၊ ဆား တို့လိုအပ်ပါတယ်။ ထိုးမုန့်လုပ်တော့မယ်ဆိုရင် အရင်ဆုံး ထိုးမုန့်မွှေရင် မကပ်အောင် ယောင်းမ (၂) ချောင်းကို ဆီစိမ်ထားပါ။ကောက်ညှင်းမှုန့်ကို ရေနဲ့ဖျော်ပါ။ အဖတ်လေးတွေ မဖြစ်တော့တဲ့အထိမွှေပါ။ ပြီးရင် သကြား၊ ဆား၊ ဆီ၊ ထောပတ်၊ မြေပဲ၊ လှီးထားတဲ့ အုန်းသီးဖတ်တို့ကို ထည့်ကာ သကြားအရည်ပျော်တဲ့အထိ ခလောက်မွှေပါ။ စောနက ရေနဲ့ဖျော်ထားတဲ့ ကောက်ညှင်းမှုန့်ကို ထမင်းပေါင်းအိုးထဲထည့်ကာ ထမင်းချက်သလို ချက်ပါ။ ပထမတစ်ခါ ကျက်ပါက ပေါင်းအိုးရဲ့ အောက်ခြေမှာ ကပ်နေတာတွေကို ခွာပြီး နောက်တစ်ခါ ထပ်ချက်ပါ။ ကျက်ပြီဆိုပါက (၁) နာရီလောက်နှပ်ထားမယ်ဆိုရင် ကောက်ညှင်းက ထွေးထွေးလုံးလုံးဖြစ်သွားမှာပါ။

ထိုးမုန့်လုပ်ဖို့ ဒယ်အိုးကိုမီးဖိုပေါ်တင်၊ ကောက်ညှင်းထွေးထွေးလုံးလုံးကိုထည့်ပါ။ အဲဒီနောက် ဖရုံယို၊ ထောပတ်အနည်းငယ် တို့ကို ထည့်ကာ မွှေပါ။ အရမ်းကပ်လာပြီဆိုပါက ထောပတ်ထပ်ထည့်ပြီးမွှေပါ။ မွှေရင်းနဲ့ ကပ်လာပြီဆိုပါက ကျန်နေတဲ့ထောပတ်တွေကို အကုန်ထည့်ပြီးမွှေရပါမယ်။ မိနစ် (၂၀)လောက်မွှေပေးပြီး ကောက်ညှင်းလုံးက ကြည်လာတဲ့ အရောင်ပြောင်းလာပြီဆိုရင် မီးဖိုပေါ်က ဆီသုတ်ထားတဲ့ ဗန်းထဲကိုထည့်ကာ အအေးခံပါ။  

အေးလာရင်တော့ အနေတော် အတုံးလေးတွေတုံးပြီး အပေါ်က အုန်းသီးကြော်ဖတ်လေးဖြူးပြီး စားသုံးနိုင်ပြီဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကတော့ ထိုးမုန့်ကို အလွယ်ကူဆုံးရရှိနိုင်တာဖြစ်လို့ အခုလိုအချိန်မှာ ထိုးမုန့်အရသာတောင့်တနေတဲ့သူတွေ ကိုယ့်အိမ်မှာပဲလုပ်စားကြည့်ကြရအောင်နော်။

Share

Loading Next Article...
က္က