ဆန်ချိုကစားပုံကို မြင်တွေ့ရဖို့က နီးစပ်လာပါပြီ။

ဆန်ချိုကို ပျော်ပျော်ရွှင်ရွှင်နဲ့ မြင်တွေ့ခဲ့ရပြီး သူ့ခြေစွမ်းကို မြင်ရတော့ဖို့တော့ ပရိသတ်တွေအနေနဲ့ အနည်းငယ်စောင့်ဆိုင်းရဖွယ် ရှိနေပါသေးတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါင် ၇၃ သန်းတန် တောင်ပံကစားသမားဂျေဒန်ဆန်ချိုဟာ မနေ့က အသင်းနဲ့အတူ ပထမဆုံးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဆန်ချိုက အသင်းသစ်နဲ့အတူ လေ့ကျင့်မှုတွေစတင်ခဲ့တာဖြစ်ပြီး ရာသီအဖွင့်ပွဲဖြစ်တဲ့ လိဒ်နဲ့ပွဲကို ပါဝင်ကစားနိုင်တဲ့ အနေအထားမျိုးမှာရှိတယ်လို့ ယူနိုက်တက်တရားဝင်ဝက်ဘ်ဆိုက်ကလည်း ဖော်ပြခဲ့ပါတယ်။

ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဆန်ချိုဟာ အားလပ်ရက်အနားယူနေခဲ့တာလည်းဖြစ်ပါတယ်။ အသင်းသစ်နဲ့အတူ ပထမဆုံးပူးပေါင်းမှုမှာ ဆန်ချိုကို ပျော်ပျော်ရွှင်ရွှင်နဲ့ မြင်တွေ့ခဲ့ရပြီး သူ့ခြေစွမ်းကို မြင်ရတော့ဖို့တော့ ပရိသတ်တွေအနေနဲ့ အနည်းငယ်စောင့်ဆိုင်းရဖွယ် ရှိနေပါသေးတယ်။ သူဟာ ရာသီကြိုခြေစမ်းပွဲတွေကိုလည်း ဝင်ရောက်ကစားခဲ့ခြင်းမရှိဘဲ ရာသီသစ်စမှသာ ပထမဆုံးပွဲကို ကစားပေးဖို့ရှိနေပါတယ်။ 

ဆန်ချိုနည်းတူ နောက်ခံလူသစ် ဗာရာနီကလည်း မန်ချက်စတာကိုရောက်ရှိနေပြီဖြစ်ပေမယ့် ကွာရန်တင်းဝင်နေရတယ်လို့ သိရပါတယ်။ ကစားသမားအတွက် ဗီဇာ၊ စာရွက်စာတမ်းကိစ္စတွေလည်း ပြုလုပ်ရဦးမယ်လို့ နည်းပြဆိုးလ်ရှားက ပြောဆိုခဲ့ပြီး နောက်ထပ်ရက်အနည်းငယ် ထပ်မံစောင့်ဆိုင်းရဦးမယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ 

ဒါကြောင့် ယူနိုက်တက်အနေနဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ မူလကစားသမားတွေနဲ့သာ ပွဲထွက်လာဖွယ်ရှိနေပါတယ်။ အဲဗာတန်နဲ့ခြေစမ်းပွဲမှာတော့ လူစုံတက်စုံထုတ်ပြီး ဆိုးလ်ရှားက ပွဲထွက်ခဲ့ကာ လိဒ်နဲ့ပွဲကိုလည်း အဆိုပါလူစာရင်းကိုသာ အခြေခံဖွယ်ရှိနေပါတယ်။ ဆန်ချိုအနေနဲ့တော့ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားရနိုင်ချေရှိနေပြီး ဗာရာနီကတော့ အနည်းငယ်ထပ်မံနောက်ကျနေဦးမှာဖြစ်ပါတယ်။

Share

က္က