အင်္ဂလန်တိုက်စစ်မှူးဟာ အသင်းနည်းပြသစ်အဖြစ် တူချယ်လ်ရောက်ရှိလာကတည်းက ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့သူဖြစ်ပြီး အသင်းကထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။
စီးရီးအေကလပ်ရိုးမားအသင်းဟာ ချယ်လ်ဆီးတိုက်စစ်မှူးအေဘရာဟမ်ကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ အသင်းနည်းပြသစ်အဖြစ် တူချယ်လ်ရောက်ရှိလာကတည်းက ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့သူဖြစ်ပြီး အသင်းကထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။
အေဘရာဟမ်ကိုခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့ အတ္တလန္တာတို့က စိတ်ဝင်စားခဲ့ပေမယ့်လည်း မော်ရင်ဟိုရဲ့ ရိုးမားအသင်းက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ကတော့ အင်တာမီလန်ကနေ ချယ်လ်ဆီးကို လူကာကူပြောင်းရွှေ့မှုနဲ့ ဆက်စပ်နေခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ယူရို ၁၁၅ သန်းနဲ့ အသင်းဟောင်းချယ်လ်ဆီးကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲသာ ကစားပေးထားခဲ့ရပေမယ့်လည်း အေဘရာဟမ်က သွင်းဂိုး ၁၂ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြတူချယ်လ်ဟာ ဂီရော့ဒ်ကိုလည်း အေစီမီလန်ဆီ ရောင်းချခဲ့ပြီး လူကာကူကို ပြန်ခေါ်ယူခဲ့ကာ အေဘရာဟမ်ကိုပါ ထပ်မံရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့ပြီး လာမယ့်ရာသီမှာ လူကာကူကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုသွားဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။