Alibaba CEO ကတော့ ဒီဖြစ်ရပ်ကို ရှက်ဖွယ်ဖြစ်ရပ်အဖြစ် ခေါ်ဆိုခဲ့

အရက်မူးအောင် တိုက်ပြီး လိင်စော်ကားခံလိုက်ရတဲ့ ဝန်ထမ်းရဲ့ တိုင်ကြားချက် ပေါ်ပေါက်လာပြီးနောက် ပြစ်မှုကျူးလွန်တဲ့မန်နေဂျာကို Alibaba ဟာ ရာထူးမှ ထုတ်ပယ်ခဲ့တယ်လို့ဆိုပါတယ်။

           



           တရုတ် e-Commerce လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Alibaba ဟာ ဒီရှက်စရာကောင်းတဲ့ဖြစ်ရပ်ကြောင့် ကုမ္ပဏီဂုဏ်သိက္ခာမကျဆင်းစေဖို့အတွက် အခုလို အရေးယူလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အကုန်မှာ အမျိုးသမီးဝန်ထမ်းတစ်ဦးဟာ Alibaba ရဲ့ Intranet ပေါ်မှာ သူမရဲ့ အထက်အရာရှိ Wang Chengwen ဆိုသူနဲ့ ကုမ္ပဏီရဲ့ Client တစ်ဦးတို့ဟာ သူမကို လိင်စော်ကားမှုလုပ်ခဲ့တယ်ဆိုပြီး ပို့စ်တင်ခဲ့တာပါ။


Photo: CNBC


           ဒီပို့စ်ဟာ တရုတ်လူမှုကွန်ရက် Weibo ပေါ် ရောက်သွားရာကနေ ဒီအကြောင်းအရာကို ဝေဖန်သံတွေ ဆူညံလာခဲ့တာ ဖြစ်ပါတယ်။ ကာယကံရှင်အမျိုးသမီးရဲ့ အဆိုအရ Wang ဟာ ဇူလိုင်နှောင်းပိုင်းက Jinan မှာ လုပ်တဲ့ လုပ်ငန်းညစာစားပွဲတစ်ခုမှာ အရက်တွေ အလွန်အကျွံသောက်အောင် အတင်းဖိအားပေးခဲ့တယ်လို့ဆိုပါတယ်။ နောက်တစ်နေ့မှာ သူမဟာ ဟိုတယ်ခန်းထဲမှာ အဝတ်ဗလာနဲ့ နိုးထလာခဲ့တယ်လို့လည်း ပြောပါတယ်။

           သူမစိတ်ထဲ ရှင်းရှင်းလင်းလင်း မှတ်မိနေတဲ့အချက်တစ်ခုက Wang ဟာ သူမကို အခန်းထဲ မပို့ခင်မှာ သူကို ဖက်ယမ်းနမ်းရှုံ့တာ ပွတ်သပ်ကိုင်တွယ်တာမျိုးတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကျူးလွန်ခဲ့တဲ့ Alibaba မန်နေဂျာ Wang ဟာ အရက်မူးလွန်နေတဲ့ အမျိုးသမီးကို ကာမရယူခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ကုမ္ပဏီ CEO ဒန်နီယယ်ဇောင်ရဲ့ ဝန်ထမ်းတွေကို ပေးတဲ့စာမှာ ဖော်ပြထားပါတယ်။

Photo: KR Asia



           ကုမ္ပဏီအနေနဲ့ အလုပ်ထုတ်ခံလိုက်ရတဲ့ ဒီမန်နေဂျာကို ဘယ်တော့မှ ပြန်ခန့်အပ်မှာ မဟုတ်ဘူးလို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။ Jinan က ရဲတွေလည်း ဒီအမှုကို စုံစမ်းစစ်ဆေးမှုလုပ်နေပြီး ကုမ္ပဏီဘက်ကလည်း ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကိုင်တွယ်ရာမှာ တခြားအရေးကြီးတဲ့အချက်အလက်တွေ ရပြီးရင် မန်နေဂျာနဲ့ တခြားဝန်ထမ်းတွေကိုလည်း အရေးယူဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ အဓမ္မကျူးလွန်ခံရသူဝန်ထမ်းဟာ ကုမ္ပဏီကို ဒီကိစ္စနဲ့ပတ်သက်ပြီး အစီရင်ခံစာတင်ခဲ့ပြီး Wang ကို အလုပ်က ထုတ်ပစ်ဖို့ တောင်းဆိုခဲ့ပေမယ့် ချက်ချင်းအရေးယူပေးတာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။

           ယခုကိစ္စနဲ့ ပတ်သက်ပြီး Alibaba ရဲ့ စားသောက်ကုန်ပို့ဆောင်ရေးဌာန စီးပွားရေးအကြီးအကဲ Li Yonghe နဲ့ ဝန်ထမ်းရေးရာဌာနအကြီးအကဲ Xu Kun တို့လည်း အလုပ်က နှုတ်ထွက်သွားခဲ့ပါတယ်။ Alibaba CEO ကတော့ ဒီဖြစ်ရပ်ကို ရှက်ဖွယ်ဖြစ်ရပ်အဖြစ် ခေါ်ဆိုခဲ့ပြီး ကုမ္ပဏီအတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်လို့လည်း ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က