အကြောင်းရင်းကို သိပြီဆိုရင် ရာသီမှန်အောင် လုပ်ဖို့ မခက်ခဲတော့ပါဘူး။

ဒီကာလမှာ ရာသီမမှန်တဲ့ ပြဿနာတွေကို မိန်းကလေးတော်တော်များများ ခံစားနေကြရပါတယ်။ ဘာ့ကြောင့်ရာသီမလာရတာလဲလို့ ကိုယ့်ဘာသာကိုယ် မေးခွန်းတွေထုတ်ပြီး စိုးရိမ်နေရတဲ့ မဒီလေးတွေအတွက် ရာသီမလာရခြင်းရဲ့ အကြောင်းအရင်းတချို့ကို ပြောပြပေးချင်ပါတယ်။ 



၁။ စိတ်ဖိစီးမှုတွေ

ဒီကာလမှာ အိမ်မှာအနေများနေတာအပြင် စီးပွားရေးအဆင်မပြေလို့ စိတ်ဓာတ်ကျနေတာ ၊ လူမှုရေးပြဿနာတွေကြောင့် စိတ်ဆင်းရဲနေရတာ ၊ ကျန်းမာရေး ပြဿနာတွေကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေတတ်ကြပါတယ်။ စိတ်ဖိစီးမှုများတာ၊ စိတ်အတက်အကျများတာ ၊ စိတ်ဓာတ်ကျနေတာတွေက ရာသီစက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင် ၊ စိတ်ချမ်းသာအောင် ထားဖို့ လိုအပ်ပါတယ်။ 

၂။ ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတွေ

စိတ်ဖိစီးမှုတွေတင်မကပါဘူး၊ ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတွေကလည်း ရာသီစက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာဖိစီးမှုဆိုတာတွေက‌တော့ အလုပ်ပြင်းပြင်းထန်ထန်လုပ်ရတာ ၊ နေပူထဲ သွားလာလှုပ်ရှားနေရတာတွေ၊ လူမမာကို ပြုစုစောင့်ရှောက်နေရတာတွေအပြင် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်နေတာတွေပါပဲ။ ဒီရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့်လည်း ရာသီမလာတာ၊ ရာသီထိန်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ 

mydr.com

၃။အာဟာရပြည့်ဝစွာမစားသုံးတာ 

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ပြည့်ဝအောင် မစားသုံးဘူးဆိုရင်လည်း ရာသီမလာတာ ၊ ရာသီထိန်တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေကို ပြန်လည် ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ကိုယ်စားသုံးနေတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တာ ၊ လုံလောက်တဲ့ အာဟာရဓာတ်မပေးနိုင်တာမျိုးဆိုရင်လည်း လုံလောက်တဲ့ ဟော်မုန်းဓာတ်ကို မထုတ်လုပ်နိုင်တဲ့အတွက် ရာသီထိန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ 

အာဟာရဓာတ်ဟာ ရာသီစက်ဝန်းကို ဘယ်လို အ‌ထောက်အပံ့ပေးသလဲဆိုတာကို ဒေါက်တာစိမ့်စမ်းဖြူက ခုလို ပြောပြထားပါတယ်။ 

“ရာသီမမှန်တာကတော့ အကြောင်းအရာတွေ အများကြီးကြောင့်လည်း ဖြစ်နိုင်တယ်၊ ဟော်မုန်းကြောင့်လည်း ဖြစ်နိုင်တယ်။

Hormone Balance မဖြစ်လို့ပေါ့။ ကိုယ်စားတဲ့ အစားအသောက်တွေက balance diet မဖြစ်ဘူးဆိုရင်လည်း ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ဟော်မုန်းတွေ မထုတ်နိုင်တဲ့အခါမှာလည်း ရာသီကလည်း မလာဘူး။ လိုအပ်ရင် ဟော်မုန်းဆေးတွေ သောက်ဖို့ လိုတယ်။ ဒါတွေကတော့ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သောက်တာကတော့ ပိုကောင်းတာပေါ့။ ကိုယ်စားတဲ့ အစားအသောက် အသား ၊ ငါး ၊ အသီးအရွက်တို့ကိုလည်း Balance ဖြစ်အောင် စားသောက်ဖို့ အရေးကြီးတယ်။ အာဟာရပြည့်ဝစွာ စားသံုးမှသာလျှင် လုံလောက်တဲ့ ဟော်မုန်းကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး ရာသီသွေးဆင်းနိုင်မှာဖြစ်ပါတယ်။ဝိတ်လျှော့ချင်လို့ အစာလျှော့လိုက်တဲ့အခါ ခန္ဓာကိုယ်က လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ဖို့ အာဟာရဓာတ်ကောင်းကောင်း မရနိုင်တော့ဘူး။ ဟော်မုန်းတွေ မျှမျှတတထုတ်နိုင်ဖို့ဆိုတာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ ရှိဖို့ လိုအပ်တယ်။ ဟော်မုန်းတွေ မျှမျှတတထုတ်နိုင်မှ ရာသီစက်ဝန်းမှန်နိုင်မှာ။”  

၄။အိပ်စက်ချိန်မလုံလောက်တာ 

အိပ်စက်ချိန်မှန်ဖို့ ဒါတွေကလည်း အရေးကြီးပါတယ်။ အိပ်ရေးမဝခြင်း ၊ အိပ်ချိန်မမှန်ခြင်း ၊ အိပ်ရေးပျက်ခြင်းတွေဟာလည်း ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေနဲ့ ဟော်မုန်းတွေကို ထိခိုက်နိုင်တာကြောင့် ရာသီထိန်တာ၊ရာသီမလာတာ စတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ 

medicalnewstoday.com

၅။ ဆေးဝါးများသောက်သုံးနေရခြင်း

တချို့အမျိုးသမီးတွေ ရာသီမလာတဲ့ အကြောင်းရင်းတွေကတော့ လက်ရှိသောက်နေတဲ့ ဆေးဝါးတွေကြောင့်ဖြစ်ပါတယ်။ ‌ဟော်မုန်းတားဆေးတွေ ၊ ၊ စိတ်ကျဆေးတွေ ၊ သွေးကျဆေးတွေ ၊ အစာအိမ်ဆေးတွေကြောင့်လည်း ရာသီထိန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ သောက်သုံးနေတဲ့ ဆေးဝါးတွေရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကို ခဏရပ်ထားရမလား၊ ဒါမှမဟုတ် ဆေးပြောင်းသောက်ရမလားဆိုတာတွေကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

၆။သားဖွားမီးယပ်ဆိုင်ရာ‌ ပြဿနာများ

အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအနေနဲ့ ရာသီမလာတာဟာ ကိုယ်ဝန်ကြောင့်လားဆိုတာကိုလည်း ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုကတော့ သွေးဆုံးချိန်ပါ။ တချို့အသက်ကြီးတဲ့ အမျိုးသမီးတွေအနေနဲ့ သွေးဆုံးခါနီးတဲ့အခါမျိုးတွေမှာလည်း ဓမ္မတာ သုံးလေးလလောက် မလာဘဲ နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့‌ကြောင့် ကိုယ်က သွေးဆုံးဖို့ အချိန်နီးနေတာလားဆိုတာကိုလည်း ဆန်းစစ်ဖို့ လိုအပ်တယ်။ ကိုယ်က ရာသီထိန်တဲ့ မျိုးရိုးက ဆင်းသက်လာသူဆိုရင်လည်း ရာသီထိန်တာမျိုး ခံစားရတတ်ပါတယ်။ သားအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ၊ သွိုင်းရိုက်ဟော်မုန်းပြဿနာတွေ ခံစားနေရသူတွေမှာလည်း ရာသီထိန်တာမျိုးတွေ ဖြစ်တတ်တဲ့အတွက် ဒီလို သားဖွားမီးယပ်ပြဿနာတွေကြောင့် ရာသီမလာတာမျိုးဆိုရင်တော့ ချက်ချင်း သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုအမြန်ဆုံးခံယူသင့်ပါတယ်။ 

ရာသီစက်ဝန်းမမှန်တာနဲ့ ပတ်သက်ပြီး ဒေါက်တာ စိမ့်စမ်းဖြူက ခုလိုပြောပြပါတယ်။ 

“များသောအားဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ သုံးလေးငါးလလောက် ကြာပြီးမှ ဓမ္မတာ ပြန်လာတာမျိုးတွေလည်း ရှိတတ်တော့ တစ်ချက်တော့ စောင့်ကြည့်ဖို့ လိုတယ်။ ဓမ္မတာမလာတဲ့အချိန်မှာ ဘယ်လိုလက္ခဏာတွေ ပြနေလဲ။ ကိုက်တာ၊ ခဲတာ ၊ အောင့်တာတွေ ရှိသလား စတာမျိုးတွေ ဂရုစိုက်ဖို့ လိုတယ်။ ဟော်မုန်း အာဟာရပြည့်တဲ့ဆေးတွေ သောက်သင့်တယ်။ အရွယ်ရောက်တဲ့ မိန်းကလေးတစ်ယောက် ရာသီမလာဘူးဆိုရင်လည်း ကိုယ်ဝန်ရှိနေတာလားဆိုတာကို ဆန်းစစ်သင့်တယ်။ တချို့ကျတော့လည်း ကိုယ်သောက်တဲ့ဆေးတွေရဲ့ side effect ကြောင့်လည်း ရာသီထိန်တာ ၊ ရာသီမလာတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ပြီး သားအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဘာတွေဖြစ်နေလဲ ဆန်းစစ်ဖို့လိုတယ်။ ဆေးတွေရဲ့ side effect ကြောင့်ဆိုရင်လည်း တချို့သောသောက်နေတဲ့ ဆေးတွေကို ဆန်းစစ်ပါ။ နောက်တစ်ခုက သွိုင်းရိုက်ဟော်မုန်းပြဿနာကြောင့်လည်း ရာသီထိန်တဲ့ ပြဿနာတွေ ဖြစ်တတ်တော့ သွိုင်းရိုက်ဟော်မုန်း များနေလား၊ နည်းနေလား ဆိုတာကိုလည်း စစ်ဖို့ လိုတယ်။”  

၇။အမြှေးပါးပိတ်နေတာ 

သွေးဆင်းရာလမ်းကြောင်းမှာ အမြှေးပါးပိတ်နေတာ ၊ အမြှေးပါးထူနေတာတွေကြောင့်လည်း ရာသီမလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရာသီသွေးက ဆင်းနေပေမယ့်လည်း ရာသီသွေးဆင်းရာလမ်းကြောင်းက ပိတ်နေတာဖြစ်တဲ့အတွက် ရာသီသွေးမဆင်းနိုင်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီလိုဆိုရင်တော့ အမြှေးပါးလမ်းကြောင်းကို ဖွင့်တာ ၊ ဖောက်တာမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။ 

ရာသီမလာတာ ၊ ရာသီထိန်ရတဲ့ အကြောင်းရင်းတွေထဲက ကိုယ်က ဘယ်အပိုင်းနဲ့ ကိုက်ညီနေသလဲဆိုတာကို ဆန်းစစ်ပြီး ကိုယ်ဘာ့ကြောင့် ရာသီမလာရတာလဲဆိုတာကို အဖြေရှာပါ။ အဖြေသိပြီဆိုရင်တော့ အချိန်မဆိုင်းဘဲ ကုသသင့်ပါတယ်။ 

ဒီကာလမှာ အဖြစ်များတာကတော့ စိတ်ဖိစီးမှုနဲ့ ဆိုင်တဲ့ ရာသီထိန်မှုတွေဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုကို လေျာ့ချဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားမှုအရမ်းနည်းတာမျိုးဆိုရင်လည်း ဖြစ်တတ်တဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုမှန်အောင် သွားသွားလာလာလှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းတွေ လုပ်ဖို့လည်း အကြံပေးချင်တယ် လို့ ဒေါက်တာစိမ့်စမ်းဖြူက အကြံပေးထားပါတယ်။ 

wexnermedical.osu.edu/

ရာသီစက်ဝန်းမှန်စေဖို့အတွက် လုပ်ဆောင်သင့်တဲ့အရာများ

  • အာဟာရပြည့်အောင် စားသောက်ပါ။
  • မစားနိုင်ရင် multivitamin သောက်ပါ။ 
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
  • စိတ်ဖိစီးမှုလျှော့ချပါ။
  • လုံလောက်စွာ အိပ်စက်အနားယူပါ။ 

ရာသီစက်ဝန်းမမှန်လို့ စိတ်ပူနေကြတဲ့ အမျိုးသမီးတွေအတွက် “အမျိုးသမီးတွေကို အကြံပေးချင်တာကတော့ ရောဂါတွေကြောင့်ဖြစ်တာဆိုရင်လည်း နှောင့်နှေးမနေဘဲ အမြန်ဆုံးဆေးကုသမှု ခံယူပါ။ အရေးကြီးတာက ဆေးမြှီးတိုတွေ၊ စပ်ဆေးတွေ သောက်တာမျိုး မလုပ်ဖို့ သတိပေးချင်ပါတယ်။ လိုအပ်တဲ့ အားဆေးတွေ သောက်ပါ။ ရာသီစက်ဝန်းမှန်ပြီး စိတ်ရော လူရော ကျန်းမာတဲ့ ဘဝကို ရမှာဖြစ်ပါတယ်။” လို့ ဒေါက်တာစိမ့်စမ်းဖြူက ဆက်လက်အကြံပေးထားပါတယ်။ 

ရာသီမမှန်ရတဲ့ အကြောင်းရင်းကို သိပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး ဆေးကုသမှုခံယူဖို့ လိုပါတယ်။ ရာသီစက်ဝန်းမှန်စေဖို့ အချက်တွေကို သေချာလိုက်နာပြီး ဆောင်ရွက်မယ်ဆိုရင် ကျန်းမာလှပတဲ့ မဒီလေးတွေဖြစ်နိုင်ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က