ပုသိမ်ဟာလဝါကို မြန်မာတစ်နိုင်ငံလုံး ကြိုက်နှစ်သက်ကြပြီး မြန်မာ့ရိုးရာအလှူပွဲတွေ၊ မြန်မာလူမျိုးတွေရဲ့ ဧည့်ခန်းမှာ နေရာယူ လွှမ်းမိုးထားတဲ့ မုန့်ပဲသရေစာတစ်ခုလည်းဖြစ်ပါတယ်။

ထိုးမုန့်ဆို မန္တလေး၊ ပုသိမ်မှာ ဟာလဝါလို့ ပြောစမှတ်ပြုရလောက်အောင် မြန်မာနိုင်ငံတွင်းမှာ မြို့အလိုက် နာမည်ကြီးထင်ရှားကျော်ကြားတဲ့ မြန်မာရိုးရာမုန့်တွေ ရှိကြပါတယ်။

Photo: LOTAYANET

မန္တလေးရောက်ရင် ထိုးမုန့်ကို အိမ်ပြန်လက်ဆောင်ဝယ်ယူကြသလိုပဲ ချောင်းသာ၊ ငွေဆောင်တို့ကို အလည်သွားကြပြီဆိုရင်လည်း အပြန်လမ်းမှာ ပုသိမ်ဟာလဝါကိုတော့ မဖြစ်မနေ ဝယ်ယူကြစမြဲဖြစ်ပါတယ်။ ပုသိမ်ဟာလဝါဆိုတာ နှစ်ပေါင်း (၉၀) နီးပါးတိုင်အောင် ရပ်တည်နေဆဲဖြစ်ပြီး ပုသိမ်က ဒေသခံတွေအတွက်လည်း ဟာလဝါပြုလုပ်ရောင်းချတာက အဓိက စီးပွားရေးတစ်ခုလို့တောင် ဆိုရမှာပါပဲ။ 

ပုသိမ်မြို့ကို ဝင်ပြီဆိုရင် နာမည်ကြီး ဟာလဝါဆိုင်တွေကို ဟီးခနဲ မြင်ရတာကြောင့် ပုသိမ်မြို့ကို အလည်လာတဲ့ ခရီးသွားဧည့်သည်တွေကို ဝယ်ချင်လာအောင် ဆွဲဆောင်နေတယ်လို့တောင် ထင်ရစေပါတယ်။ ပုသိမ်ဟာလဝါကို မြန်မာတစ်နိုင်ငံလုံး ကြိုက်နှစ်သက်ကြပြီး မြန်မာ့ရိုးရာအလှူပွဲတွေ၊ မြန်မာလူမျိုးတွေရဲ့ ဧည့်ခန်းမှာ နေရာယူ လွှမ်းမိုးထားတဲ့ မုန့်ပဲသရေစာတစ်ခုလည်းဖြစ်ပါတယ်။ ပုသိမ်ဟာလဝါကို လူတိုင်းကြိုက်ပေမယ့်လည်း ပုသိမ်ဟာလဝါ ကောင်းကောင်းစားရဖို့ဆိုရင် ချောင်းသာတို့၊ ငွေဆောင်တို့ သွားမှသာ စားရတာပါ။ ဒါကြောင့် အခုလို ကိုဗစ်ကာလ ခရီးတွေမသွားရတဲ့အချိန်မှာ ပုသိမ်ဟာလဝါနဲ့ ဝေးနေကြမယ့်သူတွေအတွက် ပုသိမ်ဟာလဝါလုပ်နည်းလေးကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

Photo: Myanmar Food

ပုသိမ်ဟာလဝါပြုလုပ်ဖို့ ပါဝင်ပစ္စည်းများ 

ကောက်ညှင်းမှုန့်၊ ရေ၊ အုန်းနို့၊ နွားနို့၊ ဆား၊ သကြား၊ ကျိုထားတဲ့ ကြံသကာရည်၊ ဆီ၊ အရည်ပျော်နေတဲ့ ထောပတ်၊ ဘိန်းစေ့ တို့ အဓိကလိုအပ်ပါတယ်။ ထမင်းပေါင်းအိုးထဲကို ကောက်ညှင်းမှုန့်၊ ရေ၊ ဆားတို့ကို ထည့်ကာ အရည်ဖျော်ပါ။ အဲဒီနောက် ထမင်းချက်သလို ချက်လိုက်ပါ။ ခပ်ပျစ်ပျစ်လေးဖြစ်အောင် ချက်လိုက်ပါ။ ကျက်ပြီဆိုရင် ကောက်ညှင်းချက်ထားတဲ့ ထမင်းပေါင်းအိုးထဲကို နွားနို့၊ အုန်းနို့၊ ကြံသကာရည်၊ ဆီ၊ ထောပတ်၊ သကြားတို့ကို ထည်ကာ သမအောင်မွှေပြီး နောက်တစ်ခါထပ်ချက်ပါ။

ကျက်ပြီးဆိုပါက မကပ်အောင် ထောပတ်၊ဆီ သုတ်ထားတဲ့ ဒယ်အိုးထဲကို ပြောင်းထည့်ကာ မီးဖိုပေါ်တင်ပါ။ အဲဒီနောက် ဘိန်းစေ့ထည့်ပြီး ဆီပြန်လာတဲ့အထိ (၁၅)မိနစ်ခန့် မွှေပေးရမှာဖြစ်ပါတယ်။ ဆီပြန်လာပြီဆိုရင်တော့ အအေးခံကာ သုံးဆောင်နိုင်ပါတယ်။ ဆန်နဲ့ကောက်ညှင်း အထွက်ကောင်းတဲ့ မြန်မာနိုင်ငံမှာ မုန့်ပဲသရေစာအများစုကို ကောက်ညှင်းကို အဓိကအသုံးပြုကြတာဖြစ်ပေမယ့် ဒေသခံတွေရဲ့ လက်ရာပေါ်မူတည်ပြီး မုန့်ပဲသရေစာတွေရဲ့ အရသာတွေကတော့ကွဲပြားပါတယ်။ 

မြန်မာလူမျိုးတွေဟာ ဒီလို စုံလင်များပြားလှတဲ့ မြန်မာမုန့်ပဲသရေစာမျိုးစုံကို ပြုလုပ်စားကြသလို အရက်ကြီး၊အခါကြီး ပွဲတော်ကာလတွေမှာဆိုရင်လည်း ရဟန်း၊သံဃာတော်တွေကို လှူဒါန်းတာ၊ သက်ကြီးဝါကြီး ဘိုးဘွားတွေ၊ ဆွေမျိုး မိတ်သင်္ဂဟတို့ကို ဝေငှပေးကမ်းတာတွေ ပြုလုပ်ကြပါတယ်။ ဟာလဝါဆိုတာကလည်း ကောက်ညှင်းကို အခြေခံပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာမုန့်ပဲသရေစာတစ်ခုဖြစ်ပြီး ပွဲတော်ကာလ အလှူပွဲတွေ၊ သက်ကြီးဝါကြီးတွေကို ကန်တော့ပွဲတွေမှာ မပါမဖြစ် ထည့်သွင်းရတဲ့ မုန့်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ခေတ်ကာလတွေ ဘယ်လောက်ပဲ ပြောင်းလဲလာပါစေ မြန်မာ့ရိုးရာ မုန့်ပဲသရေစာ ဟာလဝါကတော့ ပုသိမ်မြို့ကြီးနဲ့ အတူတူ ရှင်သန်ရပ်တည်နေမှာ ဖြစ်သလို ဒေသခံတွေကလည်း ပုသိမ်မြို့ရဲ့ ဂုဏ်ဆောင် ဟာလဝါမုန့်ကို လက်ဆင့်ကမ်းထိန်းသိမ်းကြဖို့ လိုအပ်တယ်ဆိုတာကို Duwun Lifestyle Food အစီအစဉ်မှာ အကြံပြုတင်ဆက်လိုက်ပါတယ်။

Share

Loading Next Article...
က္က