စမတ်ဖုန်းကုမ္ပဏီတစ်ခုအဖြစ် လူသိများတဲ့ Xiaomi ဟာ ပတ်ဝန်းကျင်တစ်ဝိုက်နဲ့ အပြန်အလှန်ဆက်သွယ်နိုင်မယ့် CyberDog ဆိုတဲ့ ခွေးစက်ရုပ်တစ်မျိုးကို ဒီနေ့ပဲ မိတ်ဆက်လိုက်ပါတယ်။
CyberDog ဟာ ခြေလေးချောင်းပါတဲ့ စက်ရုပ်တစ်ခုဖြစ်ပြီး Developers တွေအတွက် စနစ်မွမ်းမံတည်ဆောက်ဖို့နဲ့ Applications တွေ ဖန်တီးဖို့ ရည်ရွယ်ထားတဲ့ Open-Source Robot တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစက်ရုပ်ရဲ့ ကိုယ်ထည်မှာ အာရုံခံစနစ် ၁၁ ခု ပါရှိပြီး ဒီအာရုံခံ Sensor တွေထဲမှာ အထိအတွေ့နဲ့ အသံလှိုင်းထောက်လှမ်းစနစ် ၊ ပတ်ဝန်းကျင်နဲ့ ဆက်သွယ်နိုင်မယ့် ကင်မရာနဲ့ GPS နည်းပညာတို့လည်း ပါဝင်ပါတယ်။
Photo: BGR
Xiaomi ရဲ့ အဆိုအရ CyberDog ဟာ သူ့ပိုင်ရှင်နောက်ကို သက်ရှိခွေးတစ်ကောင်လို တစ်ကောက်ကောက်လိုက်နိုင်ပြီး လမ်းမှာ တွေ့ရတဲ့ အတားအဆီးတွေကိုလည်း သိနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာအချက်က CyberDog ဟာ လူတွေရဲ့ မျက်နှာနဲ့ အမူအရာလုပ်ဆောင်ချက်တွေကို ခွဲခြားသိရှိနိုင်ပြီး လူအုပ်ထဲကနေ တစ်ယောက်ချင်းကို ခွဲထုတ်သိရှိနိုင်စွမ်းလည်း ရှိတယ်လို့ ဆိုပါတယ်။
CyberDog ဟာ တစ်စက္ကန့်ကို ၃.၂ မီတာ (၁၀ ပေခွဲနှုန်းအထိ) ပြေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် တစ်နာရီ ၇.၁၆ မိုင်နှုန်း ပြေးနိုင်မယ့်သဘော ဖြစ်ပါတယ်။ စက်ရုပ်အတွက် ကိုယ်ပိုင်အရွေ့တွန်းမော်တာစနစ်ကို ဖန်တီးထားပြီး လည်အောင်တွန်းအားနဲ့ မြန်နှုန်း 32N·m/220Rpm ရှိတယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ဒီ CyberDog ဟာ နောက်ကျွမ်းပစ်နိုင်စွမ်း Backflip ရတဲ့ စက်ရုပ်ဖြစ်တယ်ဆိုတာပါပဲ။ ဝန်တင်မှုအနေနဲ့ ၆ ပေါင်အထိ လေးတဲ့ အလေးချိန်ကို သယ်ပေးနိုင်မှာပါ။
ဒီထုတ်ကုန်ကို ပုံမှန် ရောင်းတမ်းဝင် ထုတ်ကုန်တစ်ခုဆိုတာထက် Xiaomi ပရိသတ်တွေ ၊ အင်ဂျင်နီယာနဲ့ Robotics ပိုင်း စိတ်ဝင်စားသူတွေအတွက် ရည်ရွယ်ပြီး အရေအတွက်အနေနဲ့ ၁၀၀၀ ပဲ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ ၉၉၉၉ ယွမ် (မြန်မာငွေ ၂၅ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။