Covid-19 ကြောင့်ပဲဖြစ်ဖြစ်၊ အခြားသော တုပ်ကွေး၊အဖျားရောဂါတွေကဖြစ်ဖြစ်၊ ဝမ်းပျက်ဝမ်းလျှောပဲဖြစ်ဖြစ် ရောဂါပျောက်ကင်းပြီးချိန်မှာ အစားအသောက်ပျက်တာမျိုးကိုကြုံရတတ်ပါတယ်။
Photo: Sports Engine
အစားအသောက်ပျက်တဲ့အတွက် အာဟာရပြည့်ဖို့အချိန်အတန်ကြာစောင့်ရတတ်ပြီး နလန်ထိချိန်ကြာမြင့်တာမျိုးကို ကြုံရတတ်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကူးစက်ရောဂါတွေကနေ သက်သာကာစ လူနာတွေကို recovery မြန်မြန်ပြန်ဖြစ်အောင် တွန်းအားပေးတဲ့အစားအစာတွေဟာ နာလန်ထူကာစလူနာတွေအတွက်တော့ အလိုအပ်ဆုံးအရာတွေပါပဲ။ ဒါကြောင့် နလန်ထလူနာတွေအတွက် စားသင့်တဲ့အစားအသောက်အချို့ကို အမေရိကန်ကျန်းမာရေးဝက်ဘ်ဆိုက် Healthline.com က လမ်းညွှန်ထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo: My Food Myanmar
ကြက်သားစွပ်ပြုတ်
တုပ်ကွေးဝေဒနာရှင်တွေ၊ Covid-19 ဝေဒနာရှင်တွေအတွက် ရောဂါသက်သားပျောက်ကင်းစေတဲ့ အကောင်းဆုံးအာဟာရကတော့ ကြက်သားစွပ်ပြုတ်ပါ။ အများစုကတော့ ကြက်သားစွပ်ပြုတ်ကိုနေမကောင်းတဲ့အချိန်မှာ အမြဲလိုသောက်နေရတော့ နာလန်ထစမှာ မမြင်ချင်လောက်အောင်ဖြစ်ရတာမျိုးတွေလည်းရှိနိုင်ပါတယ်။
စားချင်စဖွယ်ကြက်စွပ်ပြုတ်ဖြစ်အောင်တော့ ကိုယ်တိုင်ဖန်တီးတာပဲဖြစ်ဖြစ် ဆန်းသစ်တဲ့အရသာနဲ့ဖန်တီးရောင်းချနေတဲ့ဆိုင်တွေကပဲဖြစ်ဖြစ်မှာယူစားသုံးတာမျိုးလုပ်သင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကြက်စွပ်ပြုတ်ရဲ့အာဟာရတန်ဖိုးက နာလန်ထစလူနာတွေအတွက်အသင့်လျော်ဆုံးဖြစ်ပြီး ကိုယ်ခံအားကိုအမြင့်ဆုံးမြှင့်တင်ပေးနိုင်တဲ့စားစရာမို့ပါ။ ကြက်စွပ်ပြုတ်ထဲက ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဂျင်းတို့ကြက်သွန်ဖြူတို့ကလည်း ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပါတယ်။
Photo:India Mart
သစ်သီးဖျော်ရည်
လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေကိုစားသုံးဖို့လိုအပ်သလို လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေကို သောက်သုံးပေးတာကလည်း တုပ်ကွေးနာလန်ထလူနာတွေအတွက် အကောင်းဆုံးသောအာဟာရပါ။ အသင့်ဖျော်သစ်သီးဖျော်ရည်တွေထက် ကိုယ်နှစ်သက်တဲ့ သစ်သီးတစ်မျိုးကိုရွေးချယ်ပြီး ဖျော်ရည်အဖြစ်သောက်သုံးသင့်ပါတယ်။
သစ်သီးဖျော်ရည်တွေက ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးသလို အမြန်ဆုံးနာလန်ထစေဖို့အတွက် ထောက်ကူပေးတဲ့ ဓာတ်တွေအများအပြားပါဝင်ပါတယ်။
Photo: Healthline
ရေနွေးကြမ်း
မြန်မာလူမျိုးတွေအတွက်ကတော့ ရေနွေးကြမ်းသောက်သုံးခြင်းအလေ့အထရှိပြီးသားပါ။ တုပ်ကွေးကြောင့် ပြန်ပြီး နာလန်ထချိန်မှာ ရေနွေးကြမ်း(သို့) လက်ဖက်ရည်ကြမ်းကို နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။
လည်ချောင်းနာသက်သာစေဖို့အတွက် ရေနွေးကြမ်းကို ပျားရည်နဲ့သံပုရာသီးထည့်ပြီးသောက်သုံးတာမျိုးလည်းလုပ်နိုင်ပါတယ်။
ရေနွေးကြမ်းကို သံပုရာသီးညှစ်ပြီး ရှူတာ၊ ရေနွေးငွေ့ရှူတာတွေကလည်း အသက်ရှူလမ်းကြောင်းကို ကောင်းမွန်စေပြီးလည်ချောင်းတာ၊ ချောင်းဆိုးတာတွေကို သက်သာစေနိုင်ပါတယ်။
Photo: Healthline
ဂျုံပါတဲ့ နံနက်စာ
နာလန်ထလူနာတွေအနေနဲ့ ဂျုံပါတဲ့အစားအသောက်တွေကို နံနက်စာအနေနဲ့စားသုံးသင့်ပါတယ်။ နံနက်ခင်းမှာ အသားညှပ်ပေါင်မုန့်၊ ပေါင်မုန့်မီးကင်အစရှိတဲ့အစားအသောက်တွေကိုစားသင့်တယ်လို့ အာဟာရပညာရှင်တွေက လမ်းညွှန်ထားပါတယ်။
ကြက်စွပ်ပြုတ်၊ ငှက်ပျောသီးအစရှိတာတွေနဲ့ တွဲဖက်စားသုံးသင့်ပါတယ်။ ကော်ဖီ၊လက်ဖက်ရည်သောက်သုံးနိုင်ပေမယ့် အိုဗာတင်းလို မိုင်လိုတို့လို ချောကလက်ပူပူလေးသောက်သုံးပေးတာက ကိုယ်ခံအားစနစ်ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ပါတယ်။
Share