ဒီအသီးတွေကို နေ့စဉ် တစ်မျိုးစီ စားဖြစ်အောင်စားပါ။

သစ်သီးဝလံတွေဟာ အမျိုးသမီးတွေရဲ့ အလှအပနဲ့ ကျန်းမာရေးကို အများကြီးအထောက်အကူပေးတဲ့ ဈေးသက်သာပြီး အကျိုးကျေးဇူးများတဲ့ သဘာဝရဲ့ လက်ဆောင်တွေပါပဲ။ ဒီတော့ ကိုယ့်ရဲ့ အလှအပတွေကို ထပ်ဆောင်းပံ့ပိုးပေးတဲ့ အသီးအနှံတွေက ဘာတွေလဲ၊ ဘယ်လိုသစ်သီးတွေကို မဒီလေးတို့ စားသုံးပေးရမလဲဆိုတာကို လမ်းညွှန်ပေးပါရစေ။



၁။သင်္ဘောသီး 

သင်္ဘောသီးဟာ ကျန်းမာရေးအတွက်အကျိုးပြုဂုဏ်သတ္တိတွေ အများကြီးပါဝင်ပါတယ်။ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ဗီတာမင် A ၊ ဗီတာမင် C၊ folate နဲ့ phytochemicalsတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါ တွေအပြင် သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ကျစေနိုင်ပြီး ကိုလက်စထရောနဲ့ သွေးဖိအားပမာဏကိုလည်း ထိန်းသိမ်းပေးထားနိုင်ပါတယ်။ 

၂။မာလကာသီး 

မဒီတို့ကြိုက်ကြတဲ့ မာလကာသီးကလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်တယ်ဆိုတာ သိပါသလား။ မာလကာသီးဟာ သွေးတွင်းသကြားဓာတ်ကိုတိုးတက်ကောင်းမွန်စေပြီး အင်ဆူလင်ခုခံမှုကိုလျော့နည်းစေပါတယ်။ အမျှင်ဓာတ်မြင့်မားတာကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန်စေတဲ့အပြင် ရာသီလာစဉ်နာကျင်ကိုက်ခဲမှုဝေဒနာတွေကို လျှော့ချပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေး၊ မျက်စိအမြင်အာရုံ နဲ့ အသားအရေကိုလည်း ကောင်းမွန်စေတာကြောင့် မာလကာသီးကိုလည်း မဒီတို့ စားသုံးပေးဖို့ လိုပါတယ်။ 

firstchoicevapor.ca

၃။ပန်းသီး

 အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ပန်းသီးဟာ ခန္ဓာကိုယ်ကပိုလျှံတဲ့အဆီပိုတွေကိုစုပ်ယူမှုကိုလျော့ကျစေတာကြောင့် ဝိတ်ချနေကြတဲ့ မဒီတို့အတွက် အထူးသင့်လျော်ပါတယ်။ အားအင်ပြည့်ဝအောင်ထိန်းသိမ်းပေးပြီး အခြားအဆီနှင့်သကြားဓာတ်ပါ ၀င်သောအစားအစာတွေကို အလွန်အကျွံစားသုံးခြင်းကလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ပန်းသီးကို နေ့စဉ်စားသုံးမယ်ဆိုရင် နှလုံးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ American Journal of Clinical Nutrition ရဲ့ လေ့လာမှုတစ်ခုအရပန် းသီးကိုပုံမှန်စားသောအမျိုးသမီးတွေဟာ ပန်းသီး မစားသောသူတွေထက် နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေ ၁၃ ကနေ ၂၂ ရာခိုင်နှုန်းပိုနည်းတာကို တွေ့ရတယ်လို့ သိရပါတယ်။ 

အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ဘယ်လိုအစားအသောက်တွေကနေ ရရှိနိုင်သလဲဆိုတာကို ဒေါက်တာစိမ့်စမ်းဖြူက ခုလိုပြောပြထားပါတယ်။ 

“အမျိုးသမီးတစ်ယောက် လိုအပ်တဲ့ ဗီတာမင်တွေကတော့ အများကြီးပေါ့။ အမျိုးသမီးတွေအတွက် ဗိုက်တာမင် အေ ၊ စီ ၊ အီး တွေလည်း လိုအပ်တယ်။ အရေပြားအိုမင်းရင့်ရော်တာတွေ၊ ခန္ဓာကိုယ်ကိုယ်အစိတ်အပိုင်းချို့ယွင်းမှုတွေကို ကာကွယ်ဖို့အတွက် အန်တီအောက်စီးဒန့် လို့ခေါ်တဲ့ ဗီတာမင်အေစီအီးတွေ ပြည့်ဝအောင် စားပေးဖို့ လိုအပ်တယ်။ လူတွေ သိတဲ့ ဗီတာမင်သက်စောင့်ဓာတ်တွေက ဟင်းသီးဟင်းရွက်တွေမှာရှိတယ်။ အဓိကကတော့ ဗီတာမင်တွေက အရေးကြီးတယ်။ အဲဒီတော့ အသီးအနှံ၊ အသီးအရွက်တွေကို များများစားပေးဖို့ လိုအပ်တယ်။” 

၄။ ထောပတ်သီး

အရသာရှိပြီး ကျန်းမာရေးအတွက်က‌ကော အလှအပအတွက်ပါ အသုံးဝင်တာကတော့ ထောပတ်သီးပဲဖြစ်ပါတယ်။ ထောပတ်သီးဟာ သွေးလွှတ်ကြောတွေ ကိုပိတ်ဆို့ထားတဲ့ မကောင်းတဲ့ အဆီကိုလျော့ကျစေပြီး အစာစားချင်စိတ်ကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ်လှပစေတယ်လို့လည်း သိရပါတယ်။ လေ့လာမှုတစ်ခုအရ နေ့လည်စာစားပြီး လတ်ဆတ်တဲ့ ထောပတ်သီးကို အချိုတည်းတဲ့ အမျိုးသမီးတွေဟာ နာရီပေါင်းများစွာကြာတဲ့အထိ အစာစားလိုစိတ် ၄၀ ရာခိုင်နှုန်းလျော့နည်းသွားတယ်လို့ သိရပါတယ်။ ထောပတ်သီးမှာ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ဗီတာမင် အမျိုး ၂၀ ကျော် ( Vitamin K၊ Folate ၊ Vitamin C၊ Potassium၊ Vitamin B5၊ Vitamin B6၊ Vitamin E) ပါဝင်တဲ့အတွက် အသီးစားတာ ၊ ဖျော်ရည်သောက်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ 

media.istockphoto.com

၅။ ရှောက်ချိုသီး

Grapefruit လို့ ခေါ်တဲ့ ရှောက်ချိုသီးဟာလည်း အမျိုးသမီးတွေ စားသုံးသင့်တဲ့ သစ်သီးစာရင်းထဲမှာ ပါဝင်ပါတယ်။ grapefruit တွေမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အသားအရေကို ကြည်လင်စေပြီး ရောဂါများစွာကို ကာကွယ်ပေးနိုင်တဲ့ အပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ grapefruit ပမာဏများများ စားသုံးတဲ့ သူတွေဟာ မစားသုံးသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၁၉ ရာခိုင်နှုန်းအထိ နည်းပါးတယ်လို့ သိရပါတယ်။ 

၆။ဖရဲသီး 

အရည်ရွှမ်းရွှမ်းနဲ့ ဖရဲသီးတွေကလည်း အမျိုးသမီးတွေအတွက် အရမ်းကောင်းတဲ့ သစ်သီးပါပဲ။ ဖရဲသီးမှာ ဗီတာမင်စီနဲ့ ဗီတာမင်အေဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီပမာဏ ၄၆ သာ ပါဝင်တဲ့ အတွက်ကြောင့် ကျန်းမာရေးအတွက် အလွန်သင့်တော်တဲ့ သစ်သီး ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီဖိုက်၊ ဗီတာမင် ဘီစစ် တို့ ကြွယ်ဝစွာပါဝင်တာကြောင့် အမျိုးသမီးတိုင်း စားသုံးသင့်ပါတယ်။ ဖရဲသီးစားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ရရှိစေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း၊ အစာစားလိုစိတ်ကို လျှော့ချပေးခြင်း ၊ ဝိတ်ကျစေခြင်း ၊ နှလုံးကို ကျန်းမာစေခြင်းတို့အပြင် အသားအရေအလှအပ နဲ့ ဆံကေသာအလှအပတို့ကို အထူးကောင်းမွန်စေခြင်း စတ့ဲ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ 

depositphotos.com

အခုပြောပြခဲ့တဲ့ သစ်သီးတွေကတော့ ခက်ခက်ခဲခဲ ရှာဖွေနေစရာမလိုဘဲ ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာပဲ အလွယ်တကူ စျေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်တဲ့ သစ်သီးတွေ ဖြစ်ပါတယ်။ ဒီအသီးတွေကို နေ့စဉ် တစ်မျိုးစီ အစာစားပြီးတိုင်းမှာ အချိုတည်းစရာအဖြစ် စားသုံးပေးမယ်ဆိုရင် မဒီတို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေး နဲ့ အလှအပတွေအတွက် လိုအပ်တဲ့ သက်စောင့်ဓာတ်တွေ ရရှိနိုင်မှာဖြစ်လို့ နေ့စဉ် အသီးတစ်မျိုးကို မှီဝဲစားသုံးကြဖို့ တိုက်တွန်းပါရစေ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က