မိန်းမကိုယ် သန့်ရှင်းရေးက အမျိုးသမီးတွေအတွက် အရမ်းအရေးကြီးတယ်။ တခါတလေမှာ ကိုယ်က သန့်ရှင်းအောင် ထားတယ် ၊ ဘာမှမဖြစ်လောက်ဘူးထင်ပေမယ့်လည်း အဲဒါဟာမိန်းမကိုယ်ကို ထိခိုက်သွားစေနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ဘယ်လိုအမှားတွေကို လုပ်မိနေသလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်ဖို့အတွက် မိန်းမကိုယ်ကို ဘယ်လိုသန့်ရှင်းအောင် ထားရမလဲဆိုတာတွေကို ပြောပြပေးချင်ပါတယ်။
၁။ စိုထိုင်းသော အတွင်းခံကို ဝတ်ဆင်ခြင်း
အတွင်းခံကို သေချာသန့်စင်အောင် လျှော်ဖွတ်ပြီးပြီဆိုရင် ခြောက်သွေ့အောင် ထားဖို့ လိုအပ်ပါတယ်။ သေချာခြောက်သွေ့နေမှသာ မီးပူတိုက်ပြီး ဝတ်ဆင်သင့်ပါတယ်။ စိုထိုင်းနေတဲ့ အတွင်းခံတွေဟာ ဘက်တီးရီးယားပိုးတွေကို ပေါက်ဖွားစေပြီး ဆီးလမ်းကြောင်းထဲ ပိုးဝင်တာ ၊ အဖြူဆင်းတာ ၊ မိန်းမကိုယ် ယားယံတာ ၊ ရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။ အိမ်သာသွားပြီး ၊ ဆီးသွားပြီးချိန်မှာလည်း မိန်းမကိုယ်ကို တစ်ရှုးနဲ့ ခြောက်သွေ့အောင် သုတ်တာမျိုးပြုလုပ်ပေးပါ။
စိုထိုင်းတဲ့ အတွင်းခံတွေကို ဝတ်ဆင်တဲ့အခါ ဘယ်လိုကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ရနိုင်သလဲဆိုတာကို ဒေါက်တာစိမ့်စမ်းဖြူက ခုလိုပြောပါတယ်။
“အတွင်းခံတွေကို သေချာလျှော်ဖွတ်သန့်စင်ပြီးမှ နေပူလှန်းတာဖြစ်စေ၊ မီးပူတိုက်တာဖြစ်စေ အဲလိုလုပ်ပြီးမှ ဝတ်သင့်တယ်။ စိုထိုင်းနေမယ်ဆိုရင် ပိုးမွှားတွေက ပေါက်လွယ်မယ်။ အဲဒါကို ကိုယ်က ဝတ်လိုက်မယ်ဆိုရင် မိန်းမကိုယ်ယားယံတာ ၊ မိန်းမကိုယ်ရောင်ရမ်းတာ (မှိုပိုးကြောင့် / ဘက်တီးရီးယားကြောင့် ) ၊ အဖြူဆင်းတာ ၊ မှိုပိုးတွေဝင်တာ ၊ ဆီးလမ်းကြောင်းထဲဝင်သွားပြီးတော့ ဆီးကျဉ်တာ ၊ အောင့်တာ ၊ ပူတာ ဒါမျိုးတွေ ဖြစ်နိုင်တယ်။ အဲဒီတော့ အတွင်းခံဘောင်းဘီတွေကို သန့်သန့်ပြန့်ပြန့် လျှော်ဖွတ်ပြီးတော့ ခြောက်သွေ့အောင် ပြုလုပ်ပြီးမှ ဝတ်သင့်တယ်"
media.greenmatters.com
၂။တင်းကြပ်သော အတွင်းခံများကို ဝတ်ဆင်ခြင်း
အရမ်းကြပ်တဲ့ အတွင်းခံတွေ မဝတ်ဖို့လည်း ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုပါတယ်။ တင်းကြပ်နေတဲ့ အတွင်းခံတွေဟာ ကျန်းမာရေးနဲ့လည်း မညီညွတ်သလို သက်သောင့်သက်သာလည်း မရှိစေပါဘူး။ တင်းကြပ်တဲ့ အတွင်းခံတွေဟာ ချွေးတွေ၊ အဖြူတွေနဲ့ ပိတ်လှောင်ပြီး ဘက်တီးရီးယားတွေကို ပေါက်ဖွားစေနိုင်ပါတယ်။ ချောင်ချောင်ချိချိ နဲ့ သက်သောင့်သက်သာဖြစ်စေမယ့် အတွင်းခံမျိုးကို သာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
၃။ လစဉ်သုံးပစ္စည်းတွေကို တစ်နေ့တာလုံးအသုံးပြုခြင်း
လစဉ်သုံးပစ္စည်းတွေဟာ တကယ်တော့ ၃နာရီ ကနေ ၆ နာရီထိသာ အသုံးပြုသင့်တာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်နေ့လုံးအသုံးပြုနေမယ်ဆိုရင်တော့ ဓမ္မတာသွေးတွေ၊ ဘက်တီးရီးယားတွေကြောင့် မိန်းမကိုယ်ယားယံတာ ၊ ယောင်ကိုင်းတာ ၊ ဆီးလမ်းကြောင်းထဲ ပိုးဝင်တာ ၊ အနံ့ဆိုးတွေ ထွက်တာ စတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် လစဉ်သုံးပစ္စည်းကို ၃ - ၄ နာရီခြားတစ်ခါလဲတာ ဒါမှမဟုတ် (အရည်အသွေးကောင်းတဲ့ လစဉ်သုံးပစ္စည်းဆို ၆ နာရီခြားတစ်ခါလဲတာ) မျိုး ပြုလုပ်သင့်ပါတယ်။
လစဉ်သုံးပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဒေါက်တာစိမ့်စမ်းဖြူက ခုလို ပြောပြပါတယ်။
“လစဉ်သုံးပစ္စည်းတွေ သုံးတဲ့အခါမှာ တချို့က ၂နာရီတစ်ခါ၊ တချို့က သုံးနာရီတစ်ခါ လဲပေးရတာမျိုးရှိတယ်။ အရမ်းကောင်းတဲ့ product တွေကတော့ ၆နာရီထိ အသုံးပြုလို့ရတာတွေ ရှိတယ်။ ဆိုပါစို့ ၃နာရီခြား တစ်ခါလဲရမယ့်အရာကို တစ်နေကုန် ဒီ pad ကြီးနဲ့ သုံးနေမယ်ဆိုရင် ဒီထဲမှာ အမျိုးသမီး ဓမ္မတာသွေးတွေရှိမယ်၊ လေဝင်လေထွက်မကောင်းဘူး စသဖြင့် အဲဒီကနေမှ ဘက်တီးရီယားအကောင်တွေ ပေါက်လာတာ။ ဘက်တီးရီးယားတွေပေါက်လာပြီးတော့ မိန်းမကိုယ်ထဲ ပိုးဝင်ပြီးတော့ မိန်းမကိုယ်ရောင်ရမ်းတာ ၊ ဆီးလမ်းကြောင်းပိုးဝင်တာ စတာတွေ ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် မိန်းမကိုယ် သန့်ရှင်းရေးလို့ ပြောတဲ့နေရာမှာ ကိုယ်သုံးတဲ့ လစဉ်သုံးးပစ္စည်းတွေကို သတ်မှတ်ထားတဲ့ နာရီအကြာမှာ လဲပေးဖို့ အရေးကြီးတယ်”
၄။ လိင်ဆက်ဆံပြီး မိန်းမကိုယ်ကို သန့်ရှင်းရေးမပြုလုပ်ခြင်း
လိင်ဆက်ဆံပြီးတိုင်း မိန်းမကိုယ်ကို သေချာစွာသန့်ရှင်းရေး ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဆီးလမ်းကြောင်းထဲ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ကွန်ဒုံးအသုံးပြုသူတွေအနေနဲ့လည်း ကွန်ဒုံးက အမှုန်တွေ၊ အရည်တွေဟာ မိန်းမကိုယ်ကို ယားယံစေတာတွေ ဖြစ်စေနိုင်တဲ့အတွက် လိင်ဆက်ဆံပြီးတိုင်း ရေဆေးတဲ့ အကျင့်ကို ပြုလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။
၅။ ဆပ်ပြာများနဲ့ ဆေးကြောခြင်း
မိန်းမကိုယ်ကို သန့်ရှင်းစေဖို့ ဆပ်ပြာနဲ့ နှိုက်ဆေးတာမျိုး မပြုမှုကြဖို့ အထူးသတိထားလိုပါတယ်။ မိန်းမကိုယ်အတွင်းမှာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ပိုးကောင်လေးတွေ ရှိနေတတ်ပြီး အဲဒီ ပိုးကောင်လေးတွေဟာ ဆပ်ပြာနဲ့ ထိတွေ့လိုက်တဲ့ အခါမှာတော့ သေဆုံးသွားတတ်ပါတယ်။ အဲဒီအခါ ပြင်ပက ပိုးမွှားတွေ ဝင်ရောက်လာပြီး မိန်းမကိုယ်ယားယံတာ ၊ ရောင်ရမ်းတာ ၊ ဆီးလမ်းကြောင်းထဲ ပိုးဝင်တာ ၊ အဖြူဆင်းတာ စတဲ့ ကျန်းမာရေးပြဿနာတွေ ဝင်ရောက်လာနိုင်ပါတယ်။ ဒါ့ကြောင့် မိန်းမကိုယ်ကို ဆေးကြောရာမှာ မိန်းမကိုယ်သန့်စင်ဆေးရည်တွေနဲ့သာ ဆေးကြောပါ။
မိန်းမကိုယ်သန့်ရှင်းရေး အလုပ်လွန်နေကြတာနဲ့ ပတ်သက်ပြီး ဒေါက်တာစိမ့်စမ်းဖြူက ခုလိုပြောပါတယ်။
“ပြီးတော့ အသန့်ရှင်းလွန်ပြီးတော့ မိန်းမကိုယ်ကို ဆပ်ပြာနဲ့ တိုက်ဆေးတဲ့ ပြဿနာပေါ့။ ပုံမှန်အားဖြင့် မိန်းမကိုယ်သည် သန့်စင်ပြီးသား အစိတ်အပိုင်းဖြစ်တယ်။ အဲဒါကို ဆပ်ပြာနဲ့ တိုက်ဆေးလိုက်တဲ့အခါမှာ မိန်းမကိုယ်ထဲမှာ လူ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ပိုးကောင်လေးတွေ ရှိတယ်။ ဆပ်ပြာနဲ့ နှိုက်ဆေးလိုက်တဲ့အခါမှာ အဲဒီပိုးကောင်လေးတွေ သေသွားတယ်။ အဲဒီအခါမှာ ပြင်ပက ပိုးမွှားတွေက မိန်းမကိုယ်ထဲကို ဝင်ရတာလွယ်သွားတယ်။ နောက်တစ်ခု ရေနွေးကန်ထဲမှာ အချိန်အကြာကြီး စိမ်တာ ။ ရေရှည် ခဏခဏ အမြဲချိုးတဲ့သူတွေကလည်း ဒီပြဿနာကို ကြုံရတတ်တယ်။ အဲဒီအခါမှာ အဖြူဆင်းတာ ၊ ယားတာ အောင့်တာ စတာတွေ ဖြစ်လာတတ်တယ်။ အဲဒီတော့ မိန်းမကိုယ်ကို ဆေးချင်သပဆိုရင် မိန်းမကိုယ် သန့်စင်ဆေးရည်တွေနဲ့ ဆေးပါ။ ဆပ်ပြာနဲ့ နှိုက်ဆေးတာမျိုး ဘယ်တော့မှ မလုပ်မိဖို့ လိုတယ်။ မသန့်ရှင်းရင်ကျတော့ ဆီးပိုးဝင်တဲ့ပြဿနာတွေ ၊ မိန်းမကိုယ် ရောင်ရမ်းတဲ့ပြဿနာတွေ ဖြစ်တတ်တယ်။”
၆။ရေနွေးနဲ့ မကြာခဏဆေးကြောခြင်း
ရေနွေးစိမ်ပြီး ရေချိုးရတာ ကြိုက်တဲ့ မဒီတွေအနေနဲ့ ဒီအချက်ကို သတိပြုသင့်ပါတယ်။ ရေနွေးနဲ့ အချိန်အကြာကြီး စိမ်ချိုးတာ ၊ ရေနွေးနဲ့ မကြာခဏ ရေချိုးတာ ၊ ရေနွေးနဲ့ မိန်းမကိုယ်ကို ဆေးကြောတာ စတာတွေ ပြုလုပ်တာဟာ မိန်းမကိုယ်အတွင်းက ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ပိုးကောင်လေးတွေကို သေစေနိင်ပြီး ပြင်ပက ပိုးမွှားတွေ ဝင်ရောက်လာစေနိုင်တဲ့အတွက် ရေနွေးနဲ့ မကြာခဏ စိမ်ရေချိုးတာမျိုးကိုလည်း ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
၇။အနောက်မှ အရှေ့သို ဆေးကြောခြင်း
အလေးသွားပြီး စအိုကို ဆေးကြောပြီးမှ မိန်းမကိုယ်ကို ဆေးကြောတာမျိုးတွေလည်း မပြုလုပ်သင့်ပါ။ မိန်းမကိုယ်ကို အရင်ဆုံး ဆေးကြောပြီးမှသာ စအိုကို ဆေးကြောသင့်ပါတယ်။ အနောက်မှ အရှေ့ကို ဆေးကြောတဲ့အခါမှာ စအိုက ပိုးမွှားတွေဟာ မိန်းမကိုယ်ကို ရောက်ရှိသွားနိုင်တာဖြစ်တဲ့အတွက် ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။
အခုပြောပြခဲ့တဲ့ အချက်တွေကတော့ မဒီအများစု မသိလိုက် မသိဘာသာ ပြုလုပ်တတ်တဲ့ အချက်ကလေးတွေဖြစ်တာကြောင့် ဆင်ခြင်ပြီး ကိုယ့်ရဲ့ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ကြဖို့ သတိပေးလိုက်ပါရစေ။