ဒီတစ်ခါမှာတော့ ရှမ်းပြည်ရောက်တိုင်း မဖြစ်မနေ စားသင့်တဲ့ အစားအစာထဲမှာပါဝင်တဲ့ တို့ဟူးနွေးပူပူလေးကို အိမ်မှာချက်စားချင်သူတွေအတွက် ဘယ်လိုချက်ရမလဲဆိုတာ မျှဝေပေးသွားမှာပါ။

Photo: Myanmar Food

တို့ဟူးနွေးဆိုတဲ့ အတိုင်း နွေးမှစားလို့ကောင်းတဲ့ ရှမ်းပြည်ရိုးရာအစားအစာတစ်မျိုးဖြစ်ပါတယ်။ အေးသွားရင်တော့ တို့ဟူးနဲ့တူသွားပါတယ်။ တို့ဟူးနွေးဟာ တို့ဟူးနဲ့ ပုံစံသိပ်ခြားနားခြင်းမရှိပဲ တို့ဟူးနွေးလုပ်တတ်ရင် တို့ဟူးလည်း လုပ်တတ်ပြီးသားနီးပါးဖြစ်ပါတယ်။ 

Photo: Myanmar Food

တို့ဟူးနွေးနဲ့ရှမ်းရိုးရာ

ရှမ်းအစားအစာတစ်မျိုးဖြစ်တဲ့ ရှမ်းခေါက်ဆွဲကို ရန်ကုန် ၊မန္တလေးအပါအဝင် အမြို့မြို့အနယ်နယ်တိုင်းက စားသောက်ဆိုင်ကြီးတွေမှာ ရရှိနိုင်ပေမယ့် တို့ဟူးနွေးကတော့ အေးတဲ့ရာသီဥတုရှိတဲ့ဒေသမှာပဲ အများဆုံးရရှိပါတယ်။ တခြားနယ်တွေမှာ တို့ဟူးနွေးရရှိတတ်ရင်တောင် ရှမ်းပြည်ရဲ့တို့ဟူးနွေးလောက် အရသာကို မမီနိုင်ပါဘူး။ ရိုးရာ အစားအစာဖြစ်လို့လည်း အေးတဲ့ ဒေသမှာပဲစားလို့ကောင်းပါတယ်။ ကလော ၊တောင်ကြီးလိုဒေသတွေက စားသောက်ဆိုင်တွေမှာ ရောင်းချတဲ့ အဓိက အစားအစာတွေထဲမှာ တို့ဟူးနွေးလည်း တစ်ခုအပါအဝင်ပါ။ မနက်ခင်းရောင်းတဲ့ အဆာပြေဆိုင်၊ ညဈေးလိုနေရာတွေမှာလည်း တို့ဟူးနွေး ၊ တို့ဟူးကြော် ၊ တို့ဟူးသုပ်နဲ့ ရှမ်းခေါက်ဆွဲဆိုပြီး အဓိကထား တွဲရောင်းတတ်ပါတယ်။ တို့ဟူးနွေးကို အရသာကောင်းမွန်အောင် နိုင်အောင်ချက်နိုင်တဲ့သူတွေကတော့ ရှမ်းတရုတ်တွေဖြစ်ပြီး သူတို့ဆိုင်တွေမှာဆိုရင် စားသုံးသူတွေ အလွန်စည်းကားလှပါတယ်။ အိမ်မှာကော တို့ဟူးနွေးကို အလွယ်တကူ ဘယ်လိုလုပ်စားကြမလဲ။ ပြုလုပ်နည်းလေးနဲ့ လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့...

Photo: Advisor Trip

တို့ဟူးနွေးပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းများ

တို့ဟူးနွေးပြုလုပ်ဖို့အတွက်တင် လိုအပ်တဲ့ပစ္စည်းတွေက တို့ဟူးမှုန့်၊ ဆား၊ သကြား ၊ ဆီ ၊ နနွင်းမှုန့်နဲ့ ရေတို့ပဲဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ စုံလင်ပြီဆိုရင်တော့ တို့ဟူးနွေးကို စတင်ပြုလုပ်ပါမယ်။ ပထမဆုံး တို့ဟူးမှုန့်နဲ့ ရေကို Blender (ဖျော်ရည်စက်)ထဲ ထည့်ပြီး တို့ဟူးမှုန့်များ အရည်ပျော်သွား ညက်သွားတဲ့အထိ ကြိတ်ပါ။ ကြိတ်ပြီးတဲ့အခါမှာ တို့ဟူးအရည်များကို ဆန်ကာခံပြီး ဇလုံတစ်ခုတည်းကိုထည့်ထားပါ။ ဆန်ကာခံထည့်ခြင်းဖြင့် မကြေတဲ့ တို့ဟူးအခဲများက ဆန်ကာထဲမှာ ကျန်ခဲ့တဲ့ အတွက် တို့ဟူးကြိုတဲ့အခါ အခဲတွေမပါတာကြောင့် အခက်အခဲမရှိ အဆင်ပြေစွာပြုလုပ်နိုင်မှာပါ။ တို့ဟူးကြိုမယ့် အိုးထဲကို ရေထည့် ဆား၊ သကြားနှင့် ဆီတို့ကို ထည့်ကာ ပွက်လာအောင်ထိတည်ပါ။ ပွက်လာတဲ့အခါ နနွင်းထည့်ကာ ဆန်ကာခံစစ်ထားတဲ့ တို့ဟူးအရည်ပါထည့်ပြီး ဆက်တိုက်မွှေပေးရမှာဖြစ်ပါတယ်။ ကော်ရည်လို အနေအထားမျိုး နည်းနည်းပျစ်လာတဲ့အခြေအနေရောက်လာတဲ့အခါ မီးအေးအေးထားပြီးတော့ မီးဖိုပေါ်မှာပဲ တင်ထားရမှာဖြစ်ပါတယ်။ တို့ဟူးနွေးဆိုတဲ့ အတိုင်းနွေးမှစားကောင်းတာဖြစ်လို့ မစားခင်အထိကို မီးအေးအေးနဲ့တည်ထားဖို့တော့လိုပါတယ်။ မီးမပူတော့ရင်တော့ တို့ဟူးက အနှစ်မဖြစ်ပဲ အခဲဖြစ်သွားတက်ပါတယ်။ ဒါကတော့ တို့ဟူးနွေးအတွက် တို့ဟူးအရည်ကို အရင်ဆုံးပြုလုပ်တာပါ။

Photo: My Food Myanmar

တို့ဟူးနွေးတစ်ပွဲစာကောင်းကောင်းရဖို့ ဘာတွေလိုဦးမလဲ

တို့ဟူးနွေးတစ်ပွဲစာဖြစ်ဖို့ အဓိကလိုအပ်တဲ့ အရာထဲမှာ ငရုတ်သီးဆီမွှေးလည်းပါပါတယ်။ ငရုတ်သီး ဆီမွှေးပြုလုပ်တဲ့အခါမှာ ဆီကို ဒယ်အိုးထဲထည့် ဖာလာစေ့နဲ့ နာနတ်ပွင့်ပါ တစ်ခါတည်းထည့်ပြီး မီးဖိုပေါ်မှာ အပူပေးပါ။ ဇလုံတစ်ခုတည်းမှာ ငရုတ်ကောင်းစေ့နဲ့ ငရုတ်သီးခြောက်တို့ကိုထည့်ထားပြီး တည်ထားတဲ့ ဆီပွက်လာတဲ့အခါမှာ ဇလုံထဲကို လောင်းထည့်လိုက်ပါ။ ၁မိနစ်လောက်နေပြီး ဆီနည်းနည်းအေးလာတဲ့အခါမှာတော့ မဆလာမှုန့် ၊ ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့်တို့ကို ထည့်ပြီးမွှေပေးရမှာဖြစ်ပါတယ်။ (ဆီအရမ်းပူနေတဲ့အချိန်မှာ ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့်ကိုမထည့်ပါနဲ့ မဲပြီးကျွမ်းသွားတက်ပါတယ်။ 

Photo: Asia Open Tour

အသားစားချင်သူတွေအတွက်

သားသတ်လွတ်မစားချင်တဲ့သူ အသားနဲ့စားချင်တဲ့ သူတွေအတွက် ကြက်သားချက်ကို ထည့်စားလို့ရပါတယ်။ ကြက်သားကိုအတုံးသေးသေးလေးတွေတုံးပြီး ကြက်သွန်ဖြူကိုတောက်တောက်စင်းထားပါ။

ဒယ်အိုးထဲဆီထည့်ပြီး ဆီပွက်လာတဲ့အခါ ကြက်သွန်ဖြူထည့်ဆီသတ်ပြီးတော့ ကြက်သားကို ရေနဲ့ထည့်လုံးပေးပါ။ တရုတ်မဆလာ၊ ပဲငံပြာရည်၊ ကြာညို့၊ သကြား၊ ဆားနဲ့ ဟင်းခတ်မှုန့်တို့ အနည်းငယ်ထည့်ပြီး ရေခမ်းသွားသည်အထိ ခြောက်ခြောက်လေးချက်ထားပေးဖို့ လိုအပ်ပါတယ်။ တို့ဟူးနွေးအတွက်ကတော့ ကြက်သားကို ခြောက်ခြောက်လေးဆီပြန်အောင်ချက်တာ ပိုပြီးကောင်းမွန်လှပါတယ်။

တို့ဟူးနွေးနဲ့ရှမ်းခေါက်ဆွဲအတွဲအဖက်

နောက်ဆုံးလိုအပ်တာကတော့ ရှမ်းခေါက်ဆွဲဖတ်ပဲဖြစ်ပါတယ်။ အရင်ဆုံး ရှမ်းခေါက်ဆွဲဖတ်ကို နာရီဝက်လောက်ရေစိမ်ထားပြီး စားခါနီးမှလိုတဲ့အနေအထားရောက်အောင်ပြုတ်ပါ။ ပန်းကန်ထဲကို ရှမ်းခေါက်ဆွဲဖတ်ထည့် ကြိုထားတဲ့တို့ဟူးနွေးထည့်ပြီး အပေါ်က အသားချက်နဲ့ ငရုတ်သီးဆီမွှေးကို ထည့်ပါမယ်။ ပြီးတဲ့အခါမှာတော့ မြေပဲထောင်း၊ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်၊ နံနံပင် နဲ့ ကြက်သွန်ဖြူဆီချက်တို့ထည့်ကာ ပူပူနွေးနွေးလေးနဲ့ ရှမ်းတို့ဟူးနွေးကို အရသာရှိရှိသုံးဆာင်နိုင်ပြီဖြစ်ပါတယ်။ တချို့ကလည်း တို့ဟူးနွေးကို ရှမ်းဖတ်မထည့်ပဲသီးသန့်စားသုံးလေ့ရှိပါတယ်။

Photo: My Food Myanmar

ဘာနဲ့တွဲစားမလဲ

တို့ဟူးနွေးနဲ့ အဓိကတွဲဖက်စားသုံးနိုင်တဲ့ မဟာမိတ်များကတော့ အီကြာကွေး၊ မုန့်ညှင်းချဉ်၊ ဝက်ခေါက်ကြော်၊ ငါးမုန့်ကြော်တို့နဲ့ အဓိက တွဲဖက်စားသုံးနိုင်ပါတယ်။ တို့ဟူးနွေးရတဲ့ ရှမ်းဆိုင်အများစုမှာလည်း ဒီအရာတွေနဲ့တွဲဖက်ရောင်းချကြပါတယ်။ ရှမ်းပြည်ဒေသမှာဆိုရင်တော့ တို့ဟူးနွေးကို မနက်အစောပိုင်းမွန်းမတည့်ခင်အထိနဲ့ ညနေ (၄)နာရီနောက်ပိုင်းတို့မှာ အဆာပြေစာအနေနဲ့ စားသုံးကြလေ့ရှိပါတယ်။ တို့ဟူးနွေးကို ပြည်မကရှမ်းဆိုင်တိုင်းမှာစားနိုင်ပါတယ်။ ဒါပေမယ့် ပိုမိုပြီးပြည့်စုံတဲ့အရသာကိုခံစားဖို့အတွက်ကတော့ အေးမြတဲ့ရာသီဥတုရှိတဲ့ ရှမ်းပြည်နယ်မှာစားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် ရှမ်းပြည်နယ်ကို အလည်အပတ်ရောက်ခဲ့ရင် အအေးဒဏ်ကိုကာကွယ်နိုင်ဖို့ ရင်အထဲအထိနွေးထွေးသွားစေမယ့် တို့ဟူးနွေးအရသာကို ခံစားကြည့်ခဲ့ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Share

Loading Next Article...
က္က