ရာသီကြိုပွဲစဉ်တွေမှာ အသင်းနဲ့ပူးပေါင်းနိုင်ခြင်းမရှိခဲ့တဲ့ ဆန်ချိုဟာ မနက်ဖြန်ကစားရမယ့် လိဒ်ယူနိုက်တက်နဲ့ အဖွင့်ပွဲကိုတော့ ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် ဆန်ချိုက သူဟာ ယူနိုက်တက်ကစားသမားဖြစ်လာဖို့အတွက် အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ ရာသီကြိုပွဲစဉ်တွေမှာ အသင်းနဲ့ပူးပေါင်းနိုင်ခြင်းမရှိခဲ့တဲ့ ဆန်ချိုဟာ မနက်ဖြန်ကစားရမယ့် လိဒ်ယူနိုက်တက်နဲ့ အဖွင့်ပွဲကိုတော့ ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။
BT Sport နဲ့ တွေ့ဆုံခဲ့မှုမှာ ဆန်ချိုက ယူနိုက်တက်ကစားသမားတစ်ဦးဖြစ်လာတဲ့အပေါ်မှာ ဘယ်လိုခံစားရလဲဆိုတာကို ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ၂၀၂၀ ခုနှစ်ကတည်းက ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အခုလာမယ့်ရာသီသစ်မတိုင်ခင် တစ်နှစ်ကျော်လောက် အချိန်ယူပြီးမှ ပေါင် ၇၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
"အဲဒီခံစားချက်က အရမ်းကောင်းပါတယ်၊ ယူနိုက်တက်ကစားသမားတစ်ဦးဖြစ်လာရတာကိုပြောတာပါ၊ ဒီအပြောင်းအရွှေ့အတွက် အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့ရပါတယ်၊ အခုတော့ ဒါတွေအားလုံးပြီးဆုံးသွားပြီး လိဒ်ယူနိုက်တက်နဲ့ပွဲအတွက် ကျွန်တော်အသင့်ဖြစ်နေပါပြီ၊ ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်" လို့ ဆန်ချိုက ဆိုပါတယ်။ ဆန်ချိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီး သူနဲ့့ အချိတ်အဆက်မိမိကစားနိုင်မယ့်သူတွေကိုလည်း တွေ့ရှိထားပြီးဖြစ်တယ်လို့ ထပ်ပြောခဲ့ပါတယ်။
"ကစားသမားအချို့မှာ ဒါကို ကျွန်တော်မြင်တွေ့ခဲ့ပါတယ်၊ ဒီနေ့ဆိုရင် ဘရူနိုနဲ့ တဖက်တည်းမှာ ကစားခဲ့ရပြိး ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ သူနဲ့ ကျွန်တော်က အနိုင်ရတာကိုပဲ နှစ်သက်ကြသူတွေမို့ စိတ်ဓာတ်ချင်းတူတယ်ပြောရပါမယ်၊ ယူနိုက်တက်လူစာရင်းက တကယ်ကောင်းမွန်ပါတယ်၊ လုခ်ရှော၊ မားကပ်စ်တို့နဲ့ ကျွန်တော်စကားပြောပြီးပါပြီ၊ ပြီးခဲ့တဲ့ရာသီက ပွဲစဉ်တချို့ကိုလည်း ကျွန်တော်ကြည့်ခဲ့ပြီး တိုက်စစ်ပိုင်းက တကယ်ကောင်းမွန်ပါတယ်" လို့ ဆန်ချိုက ထပ်ပြောခဲ့ပါတယ်။